ကော့ကရိတ် - မြ၀တီလမ်းဟောင်းတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး

October 7, 2015

ကော့ကရိတ် - မြ၀တီလမ်းဟောင်းတွင် ပစ်ခတ်မှုဖြစ်၊ ၃ ဦးသေဆုံး

ကရင်ပြည်နယ် ကော့ကရိတ် - မြ၀တီလမ်းဟောင်းပေါ်မှာရှိတဲ့ စောဟဲစခန်းမှာ မနေ့ အောက်တိုဘာ ၆ ၇က်နေ့က နေ့ခင်း ၂ နာရီမှာ ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံးသွားပါတယ်။ ဖြစ်စဉ်ကတော့ စောဟဲစခန်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင်တပ်က vigo ကားတစီးကို လုံခြုံရေးအရ တားဆီးရာမှာ ကားက အစစ်အဆေးမခံဘဲ ကာပေါ်ပါ လက်နက်နဲ့ ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးတဲ့အတွက် နယ်ခြားစောင့်တပ်က ပြန်ပစ်ရာ ၃ ဦး သေဆုံးသွားတာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ဒီကေဘီအေခွဲထွက် ဗိုလ်နားမကြားအဖွဲ့ကဖြစ်တယ်လို့လည်း နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်)  ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။ “ဒါက စစ်ဆင်ရေးနယ်မြေဖြစ်နေတာပေါ့နော်။ ကော့ကရိတ်- အောက်ဗိုလ်တဲကြားက ကျနော်တို့ရဲ့ အနီပြထားတဲ့ နယ်မြေပေါ့နော်။ အမှားအယွင်းမခံတဲ့နေရာပေါ့။ အမှားအယွင်းမခံတဲ့နေရာမှာ လက်နက်နဲ့ ၃ ယောက်ရောက်တယ်ဆိုပြီးတော့မှ ကျနော်တို့ တပ်ဖွဲ့ဝင်တွေသွားတယ်။ ကားတားတယ်။ လက်နက်ပါတယ်ဆိုရင်လည်း ကော့ကရိတ်မှာလည်း ဆက်ဆံရေးရုံးရှိတယ်လေ ရုံးမှာ လက်နက်အပ်ပြီးတော့ ဖြေရှင်းမယ်ပေါ့။ ဒါကို နားမထောင်ဘဲ ကားမောင်းပြေးတာပေါ့။ ကားပေါ်ကနေ သေနတ်နဲ့ ၂ ချက်ပစ်တယ်။  ပစ်တော့ ဒီကနေ ပြန်ပစ်တာပေါ။ ကားပေါ်မှာရှာလိုက်တော့ မူးယစ်ဆေးဝါးတွေလည်း တွေ့တယ်လေ။ သူတို့ရဲ့ ကတ်ပြားတွေ့တာကတော့ ၉၀၇ လို့ပြောတယ်။ အခုလောလောဆယ်တော့ ၉၀၇ ဆိုတာ ဗိုလ်နားမကြားအဖွဲ့ပဲရှိတယ်။” သေဆုံးသူတွေထဲက တယောက်ဟာ အရင်က ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်ဖြစ်ပြီး လက်နက်နဲ့အတူ ထွက်ပြေးခဲ့တဲ့သူဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
6 years Ago
Up