ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့် စက်ရုပ် တရုတ်တီထွင်

May 6, 2016

ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့် စက်ရုပ် တရုတ်တီထွင်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ချန်ဒူးမြို့အခြေစိုက် နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ အေအိုင်ဟာ လာမယ့် ၂၀၁၇ ခုနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမယ့် စက်ရုပ်ကို တီထွင်လိုက်တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ တရုတ်နိုင်ငံ၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ အစီအစဉ်တွေထဲက တခုဖြစ်ပြီး အေအိုင်အနေနဲ့ စက်ရုပ်ကို သီးခြားအစီအစဉ် ၃ ခုဖြစ်တဲ့ သင်္ချာဘာသာ၊ တရုတ်ဘာသာစကားနဲ့ ပေါင်းစပ်ဘာသာရပ်တွေဖြစ်တဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ ပထ၀ီဘာသာရပ်တွေကို ထည့်သွင်းတည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ အေအိုင်ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် လင်ဟွီးက စာမေးပွဲခန်းကို ပိတ်ထားတဲ့ သီးခြားအခန်းတခုအဖြစ် စီမံထားကာ စက်ရုပ်အနေနဲ့ မေးခွန်းကို ဒီဂျစ်တယ်စနစ်နဲ့ အတူရရှိစေမယ်လို့ ပြောပါတယ်။ စက်ရုပ်နဲ့ ပရင်တာကို ဆက်နွယ်ထားပေမယ့် အင်တာနက်ချိတ်ဆက်ထားမှာ မဟုတ်ပါဘူး။ ကျောင်းသားတွေ ပုံမှန်ဝင်ခွင့်စာမေးပွဲပြီးတဲ့ အချိန်အတိုင်းပဲ ပြီးရမှာဖြစ်ပြီး စက်ရုပ်ကတော့ ထည့်သွင်းထားတဲ့ အစီအစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီစာမေးပွဲမှာရရှိတဲ့ အမှတ်တွေဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း နည်းပညာတက္ကသိုလ်တွေအတွက် အရည်အချင်းပြည့်မီတဲ့ လုံလောက်တဲ့ ပန်းတိုင်တခုဖြစ်လာဖို့ ရည်ရွယ်တာဖြစ်ပြီး ဒါကို ၂၀၁၇ ခုနှစ်အတွက် စာမေးပွဲဝင်ခွင့် အဆင့်တခုအနေနဲ့တော့ ထည့်သွင်းတွက်ချက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီရိုဘော့စက်ရုပ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ သတင်းဆောင်းပါး ရေးသားတာတွေနဲ့ ဉာဏ်စမ်းအဖွင့်မေးခွန်းပုံစံတွေ ဖြစ်တယ်လို့ လင်ဟွီးက ဆိုပါတယ်။ အမေရိကန်နိုင်ငံ၊ ဆီလီကွန်တောင်ကြားမှာတော့ စက်ရုပ်တွေကို သဲလွန်စ စကားလုံးတချို့ ထည့်သွင်းပေးလိုက်ရုံနဲ့ ဘဏ္ဍာရေးဆိုင်ရာ သတင်းတွေကိုတောင် ရေးနိုင်နေပြီလို့ ဆိုပါတယ်။ “ခု ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုမယ့် စက်ရုပ်ဟာ တရုတ်နိုင်ငံ အေအိုင်ရဲ့ ဖွံ့ဖြိုးမှု မှတ်ကျောက်တခု ဖြစ်လာပါလိမ့်မယ်။ တရုတ်ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် အဆင့်မီ ရမှတ်တွေ ရနိုင်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်” လို့ သူက ပြောပါတယ်။
6 years Ago
Up