ထိုင်းကလပ် ဆမွတ်ဆခွန်အသင်းမှာ သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်တဲ့အတွက် လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကောင်းဆက်နိုင်ရဲ့ ထိုင်းလိဂ်ပြိုင်ပွဲ အတွေ့အကြုံတွေနဲ့ လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် မျှော်လင့်ချက်တွေကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး - ပထမဆုံးအနေနဲ့ ညီလေးရဲ့ ဘောလုံးသမားဘဝ ဖြတ်သန်းမှုလေးကို ဘယ်ကလပ်တွေမှာ ကစားခဲ့လဲဆိုတာ ပြောပြပေးပါဦး။
ဖြေ - ကျနော် ဘောလုံးစကစားခဲ့တာက ကျောင်းပွဲပေါ့။ ကျောင်းပွဲပြီးတော့ မြို့နယ်ပွဲ၊ ခရိုင် အဆင့်ဆင့် အသက် ၁၀ နှစ်အောက် ဘောလုံးကစားပွဲကို။ လက်ရွေးစင်အသက် ၁၄ နှစ်အောက် တခါ ပါဖူးတယ်။ နောက် ကျနော် ၁၀ တန်းဖြေတော့ ဘောလုံးနားပြီး ရန်ကုန်ယူနိုက်တက်အကယ်ဒမီမှာ ပြန်ကစားတယ်။ အဲဒီမှာ အရန်အသင်း၊ စီနီယာအသင်း တဖြည်းဖြည်း ကစားခဲ့တယ်။
မေး - ညီလေးက ပြီးခဲ့တဲ့ရာသီမှာ ထိုင်းကလပ် အနောက်ပိုင်းဇုန်မှာ သွားပြီးတော့ ကစားတယ်။ ကစားခဲ့တယ်ဆိုတော့ ထိုင်းကလပ်အသင်းတွေရဲ့ ပြိုင်ပွဲအပေါ် အနေအထားကို ဘယ်လိုမြင်လဲ။ ထိုင်းကလပ်တွေရဲ့ အနေအထားပေါ့နော်။
ဖြေ - သူတို့ကျတော့ ကျနော်တို့ထက် ပရို စတာလည်း စောမယ်ထင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ အသင်းတွေ ဖွဲ့စည်းထားတယ်။ ရပ်ကွက်ဆိုလည်း ရပ်ကွက်အသင်းတွေ ရှိတယ်။ အသင်းများတယ်ပေါ့။ ဘောလုံးကွင်း အခြေအနေလည်း ဒီ့ထက်သာတယ်။
မေး - ထိုင်းကလပ်တွေရဲ့ ကစားသမားတွေကို ပံ့ပိုးမှုအနေအထား၊ နည်းပြနဲ့ ကစားသမား ဆက်ဆံရေး ဘယ်လိုအနေအထားရှိလဲ၊ မြန်မာနေရှင်လိဂ်နဲ့ ယှဉ်မယ်ဆိုရင် ဘာတွေ ကွာခြားမှုရှိလဲ။ ဘယ်လို ထူးခြားချက်ရှိလဲ ညီလေးအနေနဲ့ ပြောပြပေးပါဦး။
ဖြေ - ပံ့ပိုးမှုအပိုင်းကတော့ သူတို့သူဌေးဆိုလည်း အရမ်း အားထည့်တယ်။ မိသားစုလိုပဲ ဆက်ဆံတယ်။ ထရိန်နင်ဆိုလည်း လာအားပေးတယ်။ နောက်ပြီး နည်းစနစ်ပိုင်းကျတော့လည်း သူတို့နည်းစနစ်နဲ့ သူတို့ပေါ့။ သူတို့အယူအဆလေးတွေ ကောင်းတယ်ဗျ။ ကစားသမားအချင်းချင်းလည်း စည်းလုံးမှုရှိတယ်။ နည်းပြဆိုလည်း ကိုယ့်သားသမီးလိုပဲ လိုက်ထိန်းကျောင်းတယ်။ ကလေးတွေလိုပဲ အစားအသောက်က အစ၊ ဆေးဝါး ဘာညာကအစ သေချာပြုစုပေးတယ်။ နောက်ပြီး ဘောလုံးကွင်းဆိုလည်း လိုလေသေးမရှိဘူးပေါ့။ ထရိန်နင်ကွင်းဆိုလည်း ထရိန်နင်ကွင်းကအစ ကိုယ်တွေ ဘာလုပ်ချင်လဲ။ လိုအပ်တာကအစ အကုန်ပံ့ပိုးပေးတယ်။ ဟိုမှာကျတော့ ဘောလုံးသမားလည်း ပေါတယ်။ နောက်ပြီး ပံ့ပိုးမှုအပိုင်းပေါ့။ Facility ဆိုလည်း ပြည့်ဝတယ်။ အားကစားပစ္စည်း၊ အားဆေး ဘာညာ အပြည့်အဝပဲ။ ဒီမှာထက် တဆင့်တော့ မြင့်နေတယ်။
မေး - အဲဒီတော့ ညီလေးအနေနဲ့ အဲဒီမှာ ကစားခဲ့တယ်ဆိုတော့ ဆမွတ်ဆခွန်မှာ ကစားရတဲ့အပေါ်မှာ ညီလေး ဘယ်လိုအတွေ့အကြုံ သင်ခန်းစာတွေ ရခဲ့လဲ။
ဖြေ - မတူတဲ့ အတွေ့အကြုံတွေ ရတာပေါ့။ ကျနော် ဒီမှာကစားတယ်ဆိုတော့ ဒီက အတွေ့အကြုံနဲ့ ဟိုက အတွေ့အကြုံ ပေါင်းလိုက်တော့ ကျနော့်အတွေ့အကြုံ ပိုများလာတာပေါ့။ ကွာခြားတာက ဟိုမှာ နည်းစနစ်ပိုင်း နည်းနည်းသာတယ် ထင်တယ်။ သူတို့ဆီမှာကျတော့ သူတို့ရဲ့ မြို့နယ်အသင်း ဆိုတာနဲ့ သူတို့မြို့နယ်တိုင်းမှာ လူစာရင်း ကြေညာတယ်။ ကိုယ့်မြို့နယ်မှာ ဘယ်သူ ဘယ်လိုဝင်လာတယ်။ ဘယ်သူက ကိုယ့်မြို့နယ်အတွက် ကစားပေးတယ်။ လူအသစ်ခေါ်လည်း သူတို့က ကြေညာချက်တွေ ကောင်းတယ်။ အဲဒါ ရှိတယ်။
မေး - ညီလေး အဲဒီမှာ တခြားလိဂ်ပြိုင်ပွဲတွေ၊ တခြား ဒုတိယတန်းတွေ၊ ပထမတန်းတွေလည်း ကြည့်ခဲ့ရမှာပေါ့နော်။ အဲဒီတော့ သူတို့ ထိုင်းကလပ်တွေရဲ့ လူငယ်စီမံကိန်း၊ အကယ်ဒမီစီမံကိန်းကို ဒီနဲ့ယှဉ်ရင် ဘာတွေ ထူးထူးခြားခြား တွေ့ခဲ့လဲ။
ဖြေ - သူတို့ဆီမှာက အကယ်ဒမီ ပေါတယ်။ ကျောင်းဆိုလည်း ကျောင်း လူငယ်အသင်းရှိတယ်၊ ပြိုင်ပွဲတွေလည်းရှိတယ်။ ကျောင်းပြိုင်ပွဲတွေ၊ ရပ်ကွက်ပြိုင်ပွဲတွေလည်း ရှိတယ်။ ဘောလုံးတခုတည်း မဟုတ်ဘူး။ တခြားအားကစားနည်းတွေလည်း အဲဒီလိုပဲ။ ပြိုင်ပွဲတွေရှိတယ်။ ကွင်းတွေလည်း ပေါတယ်။ နောက်ပြီး အသင်းတိုင်းမှာ အကယ်ဒမီရှိတယ်ပေါ့။ အသင်းတွေရဲ့ အကယ်ဒမီကိုလည်း စီနီယာကစားသမားတွေက ပြန်ပြီးပို့ချပေးတယ်။ သင်ကြားပေးတယ်။ အကယ်ဒမီလူငယ်တွေကို ဝိုင်းကူသင်ပေးတယ်။
မေး - ညီလေး အဲဒီမှာ တရာသီ ကစားခဲ့တယ်ဆိုတော့ ညီလေးရဲ့ ခြေစွမ်း အနေအထားကိုရော ဆမွတ်ဆခွန်အသင်းမှာ အားရမှုရှိလား။ ခြေစွမ်းက ဘယ်လို အနေအထားရှိခဲ့လဲ ပြောပြပေးပါဦး။
ဖြေ - စရောက်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် အားမရပါဘူး။ ကိုယ်က တယောက်တည်း သွားရတော့ အားငယ်စိတ်လည်း ပါတာပေါ့။ ဒီလို သူများနိုင်ငံသားတွေကြားထဲမှာ အခက်အခဲတွေ ရှိတာပေါ့။ ဘာသာစကားလည်း မတူတော့လေ။ တခါတလေ သူတို့က ဘောလုံးကို အနောက်မှာလို့ ပြောလိုက်ရင် ကျနော်က မသိဘူး။ မပေးမိတာတွေ ဘာတွေဆိုရင် လွှတ်လိုက်လို့ပြောရင် ကျနော်က ကန်လိုက်တာ။ အဲလိုတွေ ဖြစ်တာပေါ့။ နောက်ပိုင်းကျတော့ သူတို့လည်း စကားပြန်တယောက် ငှားထားပေးပြီးတော့ ထရိန်နင်ကွင်းထဲမှာ အစ သေချာသင်ပေးတယ်ပေါ့။ ထိုင်းစကား နည်းနည်းပါးပါး ဘောလုံးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေ။ အဲဒါတော့ တဖြည်းဖြည်း အဆင်ပြေလာတယ်။
မေး - မြန်မာကစားသမားတယောက် အဲဒီမှာ ကစားခဲ့တဲ့အပေါ် နောက် မြန်မာကစားသမားတွေ သွားပြီး ထပ်ကစားဖို့အတွက် ဘယ်လောက်အထိ မျှော်မှန်းလို့ရလဲ။ သူတို့အသင်းတွေရဲ့ မြန်မာကစားသမားတယောက်အပေါ် ပြုမူဆက်ဆံပုံ အနေအထားတွေက ဘယ်လိုရှိလဲ။
ဖြေ - တချို့တွေက ထင်တယ်ပေါ့။ မြန်မာကို မတည့်ဘူးပေါ့။ အဲဒီလိုမျိုးတော့ မရှိဘူး။ ကျနော်သွားတုန်းက ပိုပြီးတော့တောင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသေးတယ်။ အသင်းက လူတွေတင်မကဘူး။ တခြားပတ်ဝန်းကျင်က လူတွေကအစ မြန်မာပလေယာ၊ မြန်မာပလေယာ ဆိုပြီးတော့ နွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ ထင်သလိုတော့ မဟုတ်ဘူး။
မေး - လူငယ်အသင်းမှာတော့ ပါဖူးတယ်ပေါ့နော်။ စီနီယာအသင်းကြီးမှာ ပါခွင့်ရတဲ့အပေါ်မှာရော ညီလေးအနေနဲ့ စိတ်ထဲမှာ ခံစားမှု ဘယ်လိုရှိလဲ။
ဖြေ - အရင်ကတည်းကတော့ စီနီယာအသင်းပါဖို့ ရည်ရွယ်ချက်ရှိတယ်။ အခု လက်တွေ့လည်း ဖြစ်လာတော့ ပိုပြီးတော့ ကြိုးစားရမယ်ဆိုတဲ့ အသိစိတ်လေး ရှိလာတယ်။
မေး - အခုလက်ရှိ ညီလေးက အသင်းနဲ့ ၂ ရက်လောက် လေ့ကျင့်ပြီးပြီဆိုတော့ လက်ရှိ အသင်းရဲ့လေ့ကျင့်မှု အနေအထားအပိုင်းကို ညီလေးအနေနဲ့ ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ - အသင်းနဲ့ကတော့ အဆင်ပြေပါတယ်။ အရင်ကတည်းကလည်း နည်းပြနဲ့ တွဲဖူးတယ်ဆိုတော့။ နောက်ပြီး ကစားဖော်တွေကလည်း အရင်ကတည်းက သူငယ်ချင်းတွေလည်း ရှိတယ်။ စီနီယာကစားသမားတွေလည်း တွဲဖူးတယ်ဆိုတော့ အခက်အခဲလည်း မရှိပါဘူး။
မေး - အခု လက်ရွေးစင်အသင်းကြီးရဲ့ ခြေစွမ်းအနေအထား၊ ကစားသမား အင်အားအပိုင်း အနေနဲ့ရော ညီလေးအနေနဲ့ ကျေနပ်မှုရှိလား၊ လုံလောက်မှုရှိလား။ ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ - အကုန်လုံးတော့ ကြိုးစားအားထုတ်မှု ကောင်းတယ်ဗျ။ ထရိန်နင်လည်း ပြင်းပြင်းထန်ထန် လုပ်နေတယ်။ လာမယ့် ပြိုင်ပွဲအတွက် ပြင်ဆင်နေတာပေါ့။ တော်တော်လေးတော့ အခြေအနေ ကောင်းနေပါတယ်။
မေး - အခုလက်ရှိအနေအထားမှာ ပဏာမအဆင့်ပဲ ရှိသေးတယ်ပေါ့နော်။ ညီလေးကလည်း ပဏာမထဲမှာပဲ ပါနေသေးတယ်ဆိုတော့ အသင်းမှာ အပြီးသတ်အဆင့်အထိ ပါဝင်ခွင့်ရဖို့ ညီလေး ယုံကြည်မှု ဘယ်လောက်ထိရှိလဲ။
ဖြေ - ကိုယ့်ကြိုးစားမှုအပေါ်တော့ မူတည်တာပေါ့။ ကိုယ် ကြိုးစားပြမှလည်း နည်းပြက ရွေးမှာ။ နောက် ဒဏ်ရာ ပြဿနာ ဂရုစိုက်ရမယ်။ အဆုံးထိပါဖို့ကျတော့ အကုန်လုံး ဂရုစိုက်မှရမယ်။
မေး - ညီလေး စောစောက ပြောသလိုပဲပေါ့။ နည်းပြကြီးဂတ်နဲ့က အရင် လူငယ်အသင်းမှာလည်း တွဲဖူးတယ်ပေါ့နော်။ အခုလည်း လက်ရွေးစင်အသင်းကြီးမှာ ပြန်ပြီး ပူးပေါင်းနေရပြီဆိုတော့ နည်းပြဂတ်ရဲ့ ဘောလုံးဒဿန၊ သူကစားချင်တဲ့ပုံစံ ဘယ်လို အနေအထားလဲဆိုတာ တချက်လောက် ပြောပြပေးပါ။
ဖြေ - သူနဲ့ ကျနော် ၁၉ နှစ်လောက်ကတည်းက တွဲတော့ သူထားတဲ့ ကစားပုံစံ ကစားနိုင်တယ်။ နောက် သိလည်းသိတယ်။ အခုဆို သူ ကျနော့်ကို ဝင်းမှာ ထည့်သုံးကြည့်တယ်၊ စမ်းသုံးတယ်ပေါ့။ ဘောလုံးဆုံးရင် ဘယ်လိုနေရာယူရမလဲဆိုတာ ပြောပြတယ်။ အကုန်လုံးတော့ လိုက်လုပ်နိုင်ပါတယ်။
မေး - နောက်တခုက ကျနော်တို့ ဆူဇူကီးဖလားမှာ အိမ်ရှင်လုပ်မှာပေါ့နော်။ အခု အုပ်စုတွေကလည်း ထွက်နေပြီပေါ့နော်။ ဗီယက်နမ်ရယ်၊ မလေးရှားရယ် ခြေစစ်ပွဲအောင်တဲ့ ကမ္ဘောဒီးယားအသင်းရယ်။ ဒီ ၃ သင်းအပေါ်မှာရော ညီလေးအနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ - အဓိကကတော့ တပွဲချင်းစီ အာရုံစိုက်ရမှာပေါ့။ ထိပ်ဆုံးက ဗီယက်နမ်နဲ့ တွေ့မယ်ဆိုတော့ အရေးကြီးတယ်။ အိမ်ရှင်ဆိုတော့ အခွင့်အရေး သူတို့ကို ပေးလို့မဖြစ်ဘူး။ ရသလောက်တော့ ကြိုးစားရမှာပဲ။ ကျနော်ကတော့ ထိပ်ဆုံး ဗီယက်နမ်နဲ့ပွဲကို အဓိက အာရုံစိုက်တယ်။ ကျန်တဲ့ ၂ သင်းကတော့ ကျနော်တို့ ယှဉ်နိုင်လောက်တဲ့ အရည်အချင်း ရှိတယ်ဗျ။ ဗီယက်နမ်နဲ့ပွဲကို အနိုင်ရရှိဖို့ပဲ အဓိကအာရုံထားတယ်။
မေး - ဒါကတော့ ပွဲကြီးပေါ့။ အဲဒီပွဲကြီးမတိုင်ခင်ပဲ နိုဝင်ဘာ ၄ ရက်မှာ အင်ဒိုနီးရှားနဲ့ ခြေစမ်းမယ်။ အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲကရော ဘယ်လိုကစားမလဲ၊ ဘယ်လို မျှော်လင့်ထားလဲ။ အဲဒါလေး တချက် ပြောပေးပါဦး။
ဖြေ - နောက်ဆုံးခြေစမ်းပွဲဆိုတော့ ဒါ ကိုယ်တွေရဲ့ ဘယ်လိုအခြေအနေ ရမယ်ဆိုတာ သိမှရမယ်ပေါ့။ ကိုယ့်အသင်းအခြေအနေလည်း သိမယ်ဆိုတော့ ကြိုးစားကစားမှာပေါ့နော်။ ပရိသတ်တွေလည်း လာကြည့်မှာဆိုတော့။ ကိုယ့်အသင်း အခြေအနေ အဲဒီမှာ ပေါ်မှာပဲ။
မေး - အဲဒီတော့ ညီလေးအနေနဲ့ အခု အုပ်စုမှာလည်း ဒီ ၃ သင်းနဲ့ တွေ့မှာ။ အဲဒီတော့ ဆူဇူကီးဖလားမှာ မြန်မာအသင်းရဲ့ လက်ရှိခြေစွမ်း၊ လူအင်အား အနေအထားနဲ့ ပြင်ဆင်မှုအနေအထားနဲ့ ခြုံကြည့်ရင် ဆူဇူကီးမှာ ကျနော်တို့ မြန်မာအသင်းအနေနဲ့ ဘယ်လောက်အထိ မျှော်လင့်လို့ရနိုင်မလဲ။ ညီလေးရဲ့ သုံးသပ်ချက်လေး ပြောပြပါဦး။
ဖြေ - အဲဒီလိုတော့ ကျနော် မပြောချင်ဘူး။ ကျနော်တို့ လက်ရွေးစင်ပါတဲ့ ညီအစ်ကိုတွေ အကုန်လုံး ကြိုးစားနေပါတယ်။ တပွဲချင်းစီ နိုင်ဖို့။ နောက်ပြီး အုပ်စုတက်ဖို့ အဓိကရည်မှန်းထားတယ်။
မေး - အခု လက်ရွေးစင်အသင်းရဲ့ ခြေစွမ်းအနေအထားအပေါ်မှာ အားနည်းချက်တွေက ဘာလဲ၊ အားသာချက်တွေက ဘာလဲ။ ညီလေးရဲ့ အမြင်လေး ပြောပြပေးပါဦး။
ဖြေ - အားသာချက်ကတော့ ကျနော်တို့အသင်းက အခုဆို လူငယ်တွေ ပိုများလာတယ်ပေါ့။ ကစားနိုင်တဲ့အင်အားလည်း ရှိတယ်။ ကြိုးစားမှုအပိုင်းလည်း အားရှိတယ်။ စီနီယာပလေယာ အတွေ့အကြုံရှိတဲ့ ပလေယာနဲ့ မျှထားတော့ အခြေအနေတော့ ကောင်းပါတယ်။
မေး - ထိုင်းကလပ်က ပြန်လာပြီဆိုတော့ ညီလေးအနေနဲ့ လာမယ့်နှစ်မှာရော ဘယ်အသင်းမှာ ကစားဖို့ရှိလဲ။ Plan ပေါ့နော် ဘာတွေရှိလဲ။
ဖြေ - အခွင့်အရေးရမယ်ဆိုရင်တော့ ထိုင်းမှာ ဆက်ကစားချင်ပါတယ်။ ဒါပေမယ့် လောလောဆယ် ဆူဇူကီးအတွက်ပဲ အာရုံစိုက်ထားပါတယ်။
မေး - ညီလေးအနေနဲ့ရော ဆူဇူကီးဖလားမှာ အောင်မြင်မှု ရ၊ မရ အနေအထားအပေါ် လက်ရှိခြေစွမ်းအနေအထားနဲ့ယှဉ်ပြီး အောင်မြင်မှု ရ၊ မရအပေါ် ဘယ်လိုအနေအထားအထိ ဖြစ်လာနိုင်လဲပေါ့နော်။
ဖြေ - အောင်မြင်မှုကတော့ ရမှာပါ။ ကျနော်တို့အသင်းကို ယုံကြည်တယ်၊ နည်းပြရော၊ ကျနော်တို့ မြန်မာနိုင်ငံ ပရိသတ် အကုန်လုံးကိုရော ယုံကြည်မှုရှိတယ်။ အောင်မြင်မှုကတော့ ထိုက်တန်သလောက်တော့ ရမှာပါ။
မေး - အခု လက်ရွေးစင်အသင်းမှာ ကျော်ကိုကို မပါတဲ့အတွက် ဝေဖန်မှုတချို့ ရှိတယ်ပေါ့နော်။ ကျော်ကိုကို မပါရင် အားနည်းနိုင်တယ်လို့ ပြောကြသူတွေလည်း ရှိတယ်။ ဒါပေမယ့် ပိုပြီးတော့ ကောင်းလာနိုင်တယ်လို့လည်း ပြောကြတာတွေ အမျိုးမျိုးရှိတယ်။ အဲဒီတော့ ညီလေးအနေနဲ့ရော ကျော်ကိုကို မပါတဲ့အတွက် လက်ရွေးစင်အသင်း တိုက်စစ်က ဘယ်လိုဖြစ်နိုင်လဲ ညီလေးအနေနဲ့ ပြောပြပေးပါဦး။
ဖြေ - ကိုကျော်ကိုကို ကိစ္စလည်း ကျနော် ဟိုကနေ သတင်းတော့ ကြားတယ်။ ကျနော်လည်း အားကျရတဲ့ စီနီယာကစားသမားပေါ့။ သူ မပါတော့ကျတော့ အားလည်း နည်းနိုင်တယ်။ ကျနော်တို့ သူ့အတွက် ပိုပြီးကြိုးစားပေးရမှာပေါ့။ အကောင်းဆုံး ကြိုးစားမှာပါ။
မေး - အခု ကျော်ကိုကို မပါဘူးဆိုတော့ လက်ရှိတိုက်စစ်အစုအဖွဲ့မှာတော့ အောင်သူတို့၊ ဆော်လမန်တို့၊ ဝင်းနိုင်စိုးတို့၊ မောင်မောင်လွင်တို့ အစုအဖွဲ့တော့ ရှိတယ်ပေါ့။ လက်ရှိအစုအဖွဲ့အပေါ်မှာရော သူတို့ရဲ့ ခြေစွမ်းတွေအနေအထားကို ညီလေး ဘယ်လိုသုံးသပ်ချင်လဲ။ ဒီခြေစွမ်းအနေအထားနဲ့ အခု ဆူဇူကီးမှာရော ဂိုးတွေ ရနိုင်မလားပေါ့။
ဖြေ - လက်ရှိတိုက်စစ်မှူးတွေထဲမှာ ဝင်းနိုင်စိုး၊ အောင်သူ၊ ဆော်လမန် အကုန်လုံး အရည်အချင်း တော်တော်ရှိကြတယ်။ အကုန်ကောင်းတဲ့ ကစားသမားတွေဆိုတော့ အဲဒီလောက်အထိ တွေးပူစရာတော့ မရှိပါဘူး။ ဂိုးလည်းရမှာပါ၊ ယုံကြည်ပါတယ်။ ဟိုတနေ့က ကျနော် ကစားကြည့်တော့ မဆိုးဘူးဗျ။ အောင်သူနဲ့ဆိုလည်း ကျနော် တွဲကစားဖူးတယ်။ ဝင်းနိုင်စိုး ဆိုတာလည်း အခုမှတွေ့တယ် ဆိုပေမယ့် အခြေအနေ တော်တော်လေး ကစားလို့ အတွဲမိတယ်။
မေး - ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ပေါ့။ ညီလေးအနေနဲ့ ဆူဇူကီးမှာ ပရိသတ်တွေက အားပေးကြမှာပေါ့နော်။ ခြေစမ်းပွဲတွေရော၊ ဆူဇူကီးဖလားမှာရော အားပေးမယ့်ပရိသတ်တွေကို ညီလေးအနေနဲ့ ဘယ်လို ပြောချင်လဲ။
ဖြေ - ပရိသတ်အားပေးမှုက အဓိကကျတယ်ပေါ့။ ပရိသတ်ကလည်း ကျနော်တို့အတွက် ခွန်အားပဲပေါ့။ အဲဒီအတွက် ကျနော်တို့ ခြေစမ်းပွဲပဲဖြစ်ဖြစ်၊ ပြိုင်ပွဲပဲဖြစ်ဖြစ် ပရိသတ်အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ၊ ပရိသတ်အတွက်။
6 years Ago