ကောက်ခံမည်

February 28, 2018

မြို့ဝင်ဘီးခွန်များတိုးဂိတ်များက ပေါင်းကောက်ခံရာမှ ခွဲထုတ်၍ ကောက်ခံမည်

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ မြို့ဝင်ဘီးခွန်တွေကို တိုးဂိတ်ကပေါင်းပြီး ကောက်ခံနေရာကနေ  ခွဲထုတ်ပြီး ပြန်လည်ကောက်ခံဖို့ ဝမ်းတွင်းစည်ပင်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်က လေလံတင် ရောင်းချတယ်လို့ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောပါတယ်။ “မန္တလေးတိုင်းဒေသကြီးထဲက ၂၂ မြို့နယ် မြို့ဝင်ဘီးခွန် လေလံပစ်ပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းကတော့ အရင်က သော်တာဝင်းကုမ္ဖဏီက တိုးဂိတ်မှာ ပေါင်းကောက်တယ်။ အခုတော့ တိုးဂိတ်တွေ မပေးတော့ဘဲ လေလံပစ်တာပါ။ ပြည်ထောင်စုဝန်ကြီးရဲ့ ညွှန်ကြားချက်အရ လုပ်ပါတယ်။ ကြမ်းခင်းဈေး သိန်း ၆၅၀ သတ်မှတ်တယ်။ လေလံအောင်တာက ကျပ်သိန်း ၂၂၅၅၇၀၀၀၀ နဲ့ ရသွားတယ်။ ၆လတာ ဘတ်ဂျက်အတွက် လေလံရတာပေါ့။ သော်တာဝင်းကို ပေးစဉ်က တနှစ်လုံးအတွက် သိန်း ၄၁၀ ကျော်နဲ့ ပေးခဲ့တယ်။ အများကြီး တက်သွားတယ်။” မြို့ဝင်ဘီးခွန်အနေနဲ့ ဆိုင်ကယ် ၅၀ ကျပ်၊ ၁ တန်အောက်ယာဉ် ၁၀၀ ကျပ်၊ ၁ တန်နဲ့ ၃ တန်ကြား ၂၀၀ ကျပ်၊ ၃ တန်နဲ့ ၅ တန်ကြား ၃၀၀ ကျပ်၊ ၅ တန်အထက် ၅၀၀ ကျပ် ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။ လေလံဆွဲသူ ၁၄ ဦးရှိပြီး ၃ ကြိမ် လေလံပစ်ပြီး အတည်ပြုခဲ့ပါတယ်။ ဒေသခံ ကိုလှမြင့်က “အခုလို မြို့ဝင်ဂိတ်တွေ ထားပြီး ဘီးခွန်ကောက်တာ လုံခြုံရေးအရ လိုအပ်တဲ့အခါ စောင့်ကြည့်ရတာ လွယ်ကူမယ်။ ခရီးသွားကားတွေအတွက် ကြန့်ကြာတတ်တယ်။ ကောက်ခံတဲ့အခါ စကားများရင် အငြင်းအခုံဖြစ်ရင် ကားတွေ ပိတ်သွားတတ်တယ်။ အဆိုး အကောင်း ဒွန်တွဲနေတယ်”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ၂၄ နာရီအတွင်း ပျမ်းမျှအနေနဲ့ ကုန်တင်ကားကြီး ၁၂၀၀ လောက်နဲ့ ကားငယ်၊ ကားလတ် ၂၅၀၀ ကျော်လောက် ဖြတ်သန်းနေပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

September 18, 2017

ဖုန်းဟန်းဆက်နှင့် ဖုန်းအပိုပစ္စည်း ဝယ်ယူသူများထံမှ ကုန်သွယ်ခွန် ကောက်ခံမည်

နိုင်ငံတော်အစိုးရမှ ဖုန်းငွေဖြည့်ကတ် (ဘေလ်)မှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံနေပြီး အခုအခါ မိုဘိုင်းဖုန်း (ဟန်းဆက်)တွေနဲ့ ဆက်စပ်ပစ္စည်း ဝယ်ယူသူတွေဆီက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံဖို့ တနိုင်ငံလုံး အတိုင်းအတာ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ထားတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးက ပြောပါတယ်။ အခွန်တံဆိပ်ကပ်ပြီး ကောက်ခံမယ့်ပုံစံကို မွန်ပြည်နယ်ရှိ ဖုန်းဆိုင်အားလုံးကို ပညာပေးအနေနဲ့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မူမူစောက ပြောပါတယ်။ “ဟန်းဆက်ဆိုင်တွေ အကုန်လုံးကိုတော့ အခွန်ကောက်မယ်လို့ ကြေညာထားပြီးပါပြီ။ တပြည်လုံး အတိုင်းအတာနဲ့ ပညာပေးပြီးပါပြီ။ ကာဗာပဲ ဝယ်ဝယ်၊ မန်မိုရီစတစ်ပဲ ဝယ်ဝယ်၊ ဟန်းဆက်ပဲ ဝယ်ဝယ် အကုန်လုံးကို ကောက်မယ်ဆိုပြီးတော့ ပညာပေးတဲ့ လုပ်ငန်း လုပ်ပြီးပြီ။” အခွန်ကောက်ခံဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို စာတင်ထားပြီး အကြောင်းပြန်ကြားစာ ကျတာနဲ့တပြိုင်နက် စတင်ကောက်ခံသွားမှာဖြစ်ပြီး ကောက်ခံရ အခွန်ငွေများကို တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ ဆက်လက်ပြောပါတယ်။ “ဘယ်လုပ်ငန်းမဆို အခွန်ကောက်ရမှာပါ။ နိုင်ငံခြားမှာလည်း ဘယ်ပစ္စည်းဝယ်ဝယ် အခွန်ကတော့ ပါပြီးသားပဲ။ ကောက်သင့်ပါတယ်။ ကောက်မှပဲ အစ်မတို့နိုင်ငံက အခွန်နဲ့ပဲ တိုင်းပြည် တည်ဆောက်ရမှာ ဆိုတော့လေ။” ဒီလိုကောက်ခံတာကို ပွင့်လင်းမြင်သာစွာ ချပြသင့်ပြီး အခွန်ရငွေတွေကိုလည်း တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲမှု အခြေအနေကို တိတိကျကျ ချပြသင့်ကြောင်း မိုဘိုင်းဖုန်း သုံးစွဲတချို့က ပြောပါတယ်။ မုဒုံမြို့၊ ကန်သာယာ (၃) လမ်းမှ မိုဘိုင်းဖုန်းသုံးစွဲသူတဦး ဖြစ်တဲ့ ကိုသော်ဇင်ချမ်းက “အခွန်ကောက်ပြီး တိုင်းပြည်တည်ဆောက်ရေးအတွက် ပြန်သုံးမယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာစွာ ချပြဖို့လိုမယ်။ ကာဗာတွေ၊ ဘက်ထရီတွေ ဝယ်ယူသူတွေအတွက် အခွန် ၅ ရာခိုင်နှုန်းက မပြောပလောက်ပေမယ့် တန်ဖိုးကြီး ဟန်းဆက်တွေ ဝယ်ယူသူတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။ အခွန်ငွေ ကောက်ခံမှုကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်ပြီး အခွန်ငွေ ကောက်ခံမှုကို နားလည်သူများသာ အခွန်ပေးဖို့ ဆန္ဒရှိကြောင်း မိုဘိုင်းဖုန်းအပိုအစ္စည်း အရောင်းဆိုင်တချို့က ထောက်ပြပါတယ်။ သထုံမြို့၊ မြို့မဂုဏ် မိုဘိုင်းဖုန်းအပိုပစ္စည်း အရောင်းဆိုင်မှ ဆိုင်ရှင် မသက်စုစုဇော်က “အခွန်ဆိုတာက နားလည်တဲ့လူတွေကတော့ ပေးချင်တယ်။ နားမလည်တဲ့လူဆို မပေးချင်ကြဘူး။ ကာဗာတွေ၊ ပစ္စည်းအသေးအဖွဲတွေ ဆိုတာက အခွန် ၅ ရာခိုင်နှုန်း ဘယ်လောက်မှ မရှိဘူး။ လာဝယ်တဲ့သူတွေက အဲလို အစွန်းထွက်တွေကို လျှော့ခိုင်းတာတွေဆိုရင် ဆိုင်ရှင်တွေ စိုက်ရတာတွေလည်း ဖြစ်လာနိုင်တယ်။ Customer တွေကတော့ ဆိုင်တိုင်းက အခွန်ကောက်နေရင်တော့ သူတို့ ဘယ်ဆိုင် ဝယ်ဝယ် ပေးနေရမှာပဲ” လို့ ပြောပါတယ်။ နိုင်ငံတော်အစိုးရက မိုဘိုင်းဖုန်း အသုံးပြုသူတွေဆီက ဖုန်းဘေလ် အခွန် ၅ ရာခိုင်နှုန်းကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီလက စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး စတင်ကောက်ခံခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မေလအတွင်း ကျပ်ငွေ ၈ ဘီလီယံကျော် ရရှိခဲ့ပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲနေတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်း - အာကာမင်း
4 years Ago
Up