ကေအိုင်အို

February 2, 2017

နိုင်ငံရေးဆွေးနွေးပွဲကို ကေအိုင်အိုအနေနှင့် သီခြားမဟုတ်ဘဲ ယူအန်အက်စီနှင့်အတူ ဆွေးနွေးမည်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို သီးသန့် လုပ်ဆောင်မှာမဟုတ်ဘဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ယူအန်အက်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ လမ်းကြောင်းအတိုင်းသာ သွားမှာဖြစ်တယ်လို့ ကေအိုင်အိုအဖွဲ့က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်က အေအိုင်အိုကို အစိုးရနဲ့ ရန်ကုန်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ စာရေးသား ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ကေအိုင်အိုအနေနဲ့ သီးခြားတွေ့ဆုံမှာမဟုတ်ကြောင်း အကြောင်းပြန်ခဲ့တာလို့ ကေအိုင်အေပြော ခွင့်ရသူတဦးဖြစ်တဲ့ ဗိုလ်မှူးကြီး နော်ဘိုက ပြောပါတယ်။ “ကေအိုင်အိုအနေနဲ့ကတော့ စာပြန်တာရှိပါတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးဆွေးနွေးတာက တော့ ကေအိုင်အိုသီးသန့်အနေနဲ့ ဆွေးနွေးတာကတော့ အခုလောလောဆယ် မလုပ်တော့ဘူး။ မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူအန်အက်စီအဖွဲ့ဝင်ဖြစ်တဲ့အတွက် ယူအန်အက်စီရဲ့ ဒီပီအန် လမ်းကြောင်းအတိုင်းပဲ ကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ စာပြန်ထား တာရှိပါတယ်။” ဇန်န၀ါရီလ ၂၉ ရက်နေ့က အကြောင်း ပြန်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးတဲ့အပိုင်းကို ယူအန်အက်ဖ်စီအနေနဲ့သာ ဆွေးနွေးမှာဖြစ်ပေမယ့် တခြား လက်နက်ကိုင်အဖွဲ့နဲ့မသက်ဆိုင်ဘဲ ကေအိုင်အိုနဲ့ပဲ သီးသန့်သက်ဆိုင်တဲ့ အကြောင်းအရာတွေသာ ဆိုရင်တော့တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။ ၂၇ ရက်နေ့က ပေးပိုတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ရဲ့စာမှာတော့ နိုင်ငံရေးဆွေးနွေး လိုပါက ရန်ကုန် ကို လာပြီးဆွေးနွေးဖို့ ရေးသားထားပါတယ်။ ကေအိုင်အိုအဖွဲ့ဟာ ယူအန်အက်စီအဖွဲ့ဝင်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် (NCA) လက်မှတ်မရေးထိုးကြရသေးတဲ့ အဖွဲ့ဖြစ်သလို တအာင်း၊ အေအေ၊ ကိုးကန့်အဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားပါတယ်။
5 years Ago

November 23, 2016

မြန်မာ့တပ်မတော်ကို လက်တုံ့ပြန်သည့် ကန့်သတ်စစ်ဆင်နွှဲခြင်းဖြစ်ဟု ကေအိုင်အို ပြော

မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ စုပေါင်းထိုးစစ်ဟာ ကန့်သတ်စစ် ဆင်နွှဲတာဖြစ်ပြီး အရပ်သားပြည်သူတွေ အကျိုးစီးပွား ထိခိုက်မှုမရှိစေရေး အထူးသတိထား ဆောင်ရွက်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ကြေညာပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသအနှံ့ သာလွန်အင်အား အသုံးပြုကာ ကာလရှည်ကြာ ထိုးစစ်ဆင်နွှဲနေတာကြောင့် တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့ ဖိအားပေးဖို့ ပြန်လည်ထိုးစစ်ဆင်တာလို့ ထုတ်ပြန်ပါတယ်။ ဒီစစ်ပွဲဟာ ကန့်သတ်စစ်သာဖြစ်တဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေဖို့ ရည်ရွယ်တာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။ ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်ကတော့ အစိုးရဘက်က ထိုးစစ်ဆင်နေမှုတွေ လျှော့သွားရင်တော့ ပူးပေါင်းတပ်ဘက်က တိုက်ခိုက်မှုလည်း လျော့သွားနိုင်တယ်လို့ ပြောပါတယ်။ “ကန့်သတ်စစ်ဆိုတာ အချိန်လည်းဖြစ်နိုင်သလို နေရာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နေရာတကာမှာ ကျယ်ကျယ်ပြန့်ပြန့် တိုက်တဲ့တိုက်ပွဲ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးလို့ ကျနော် အဲလိုပဲမြင်ပါတယ်။ အစိုးရဘက်က ထိုးစစ်ဆင်နေတဲ့ဟာတွေက ကချင်ပြည်နယ်တွင်း နေရာအနှံ့မှာ ထိုးစစ်ဆင်ထားတာ ၃ လကျော်သွားပြီ။ အကြီးအကျယ် ထိုးစစ်ဆင်တာ ဖြစ်နေတဲ့အတွက်ကြောင့် အဲဒါမျိုးလေးတွေ စစ်ရှိန်လျော့သွားရင်တော့ သူတို့ဘက်က ဆက်မလုပ်တော့ဘူးဆိုတဲ့ အနေအထားမျိုးလို့ပဲ ကျနော်မြင်တာပေါ့နော်။” ကေအိုင်အေ ကချင်အဖွဲ့၊ တီအန်အယ်လ်အေ တအာင်းပလောင်အဖွဲ့နဲ့ အမ်အန်ဒီအေအေ ကိုးကန့်ပူးပေါင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၂၀ ရက်ကတည်းက မူဆယ်ခရိုင်အတွင်းမှာ တပ်စခန်းနဲ့ ရဲတပ်ဖွဲ့စခန်းတွေ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့ကို အလစ်အငိုက်ရယူပြီး တချိန်တည်း တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
5 years Ago
More News
Up