အဲ့လ်ပ်စ်တောင်တန်းတွေမှာ ကောင်းကင်ကေဘယ်လ်ကား ပျက်သွားပြီး စကိတ်သမား ၁၅၀ လောက် ကေဘယ်လ်ကားတွဲတွေထဲ နာရီအတော်ကြာအောင် ပိတ်မိနေလို့ ကယ်တင်ခဲ့ရပါတယ်။
ပြင်သစ်နိုင်ငံ အီဇာဒေသ အရှေ့ဘက် အပန်းဖြေရိပ်သာတခုရဲ့ ၂၅ မီတာအမြင့် လေထဲမှာ စကိတ်သမားတွေ တွဲလောင်းဖြစ်နေပြီး ရုပ်သံထဲမှာ လုံခြုံရေး ဟယ်လီကော်ပတာ ၂ စီးနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ကယ်တင်နေတာ တွေ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေက စကိတ်သမားတွေကို ကယ်တင်နိုင်ဖို့ တွဲတွေဆီ သိုင်းကြိုးနဲ့ ဆင်းလာ၊ တံခါးတွေ ဖွင့်ပြီး အတွင်းထဲ ဝင်ခဲ့ကြတာပါ။ အဲဒီနောက် စိုးရိမ်ပူပန်နေတဲ့ အားလပ်ရက် အပန်းဖြေ စကိတ်သမားတွေကို ကြိုးတွေနဲ့သိုင်းချီပြီး မြေပြင်ပေါ်ကို ချပေးပါတယ်။
ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ စခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းက အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ခရီးသွားလာရေး အာဏာပိုင် ဖရန့်က်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုအချိန်အထိ တဦးမှ ထိခိုက်ဒဏ်ရာ ရတာ မရှိပါဘူး။ ဒါပေမယ့် ဘာကြောင့် ဂွန်ဒိုလာ ကောင်းကင်ကေဘယ်လ်ကား ပျက်သွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ပြင်သစ်နိုင်ငံမှာရှိတဲ့ အဲ့လ်ပ်စ်တောင်တန်းတွေက ဗြိတိန်နိုင်ငံ အပါအဝင် ကမ္ဘာတဝန်းလုံးက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတယ်လို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။
5 years Ago