ဧဝရတ်တောင်တက်ခရီးစဉ် စခန်းရွက်ဖျင်တဲတွင်း လူသေအလောင်း ၄ လောင်းတွေ့ရှိ

May 24, 2017

ဧဝရတ်တောင်တက်ခရီးစဉ် စခန်းရွက်ဖျင်တဲတွင်း လူသေအလောင်း ၄ လောင်းတွေ့ရှိ

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်တက်ခရီးစဉ်ရဲ့ အမြင့်ဆုံးစခန်းတခုမှ ရွက်ဖျင်တဲတခုတွင်းမှာ သေဆုံးနေတဲ့ လူသေအလောင်း ၄ လောင်း တွေ့ရှိခဲ့ရတယ်လို့ အစိုးရတာဝန်ရှိသူတဦးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ခံက ဒီကနေ့ ပြောလိုက်ပါတယ်။ နီပေါလ်နိုင်ငံ ကမ္ဘာလှည့်ခရီးသွားလာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟီမန်တာ ဒါကဲလ်က ဒီလူသေအလောင်း ၄ လောင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သေဆုံးသွားခဲ့တဲ့ ဆလိုဗက်ကီးယား တောင်တက်သမားတဦးနဲ့ တဖွဲ့တည်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ သူတို့တွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောနိုင်သေးဘဲ တခြားကယ်ဆယ်ရေးအဖွဲ့တွေကို အဲဒီနေရာဆီလွှတ်ပြီး ပိုတိကျတဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ကြိုးစားနေကြတာပါ။ အခုနှစ်အတွင်း ပေပေါင်း ၂၉၀၃၅ အမြင့်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကို တက်နိုင်ဖို့ ကြိုးစားခဲ့ကြသူတွေထဲက တောင်တက်သမား ၆ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ခေါင်ဆွတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
4 years Ago
Up