ဧဝရတ်တောင်

June 6, 2019

ဧဝရတ်တောင် သန့်ရှင်းရေးလုပ်သူများ အလောင်း ၄ လောင်းနှင့် အမှိုက် ၁၁ တန် ကောက်ယူရရှိ

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို သန့်ရှင်းရေးလုပ်နေတဲ့ နီပေါတောင်တက်သမား တွေဟာ အလောင်းလေးလောင်းနဲ့ ဆယ်စုနှစ်ချီနေတဲ့ အမှိုက်တန်ချိန် ၁၁ တန်ကို စုဆောင်း ကောက်ယူပြီး တောင်ခြေစခန်းဆီ လာနေပြီလို့ နီပေါအစိုးရက ဇွန်လ ၅ ရက်မှာ ပြောပါတယ်။ ဧဝရတ်တောင်ဟာ ပေပေါင်း ၂ သောင်း ၉ ထောင် ၃၅ ပေ မြင့်ပါတယ်။ တောင်စောင်းတလျှောက်မှာ တောင်တက်သမားတွေ ချန်ခဲ့တဲ့ အောက်ဆီဂျင်ဘူးတွေ၊ စုတ်ပြဲနေတဲ့ ရွက်ဖျင်တဲတွေ၊ ကြိုးတွေ၊ လှေကားအကျိုးတွေ၊ သံဘူးနဲ့ ပလတ်စတစ်စတွေ ပြန့်ကျဲနေတယ်လို့ တောင်ပေါ်ကနေ ပြန်လာတဲ့ တောင်တက်သမားတွေက ပြောပါတယ်။ ဧဝရတ်တောင်တက်ခရီးစဉ်ကနေ ဝင်ငွေရနေတဲ့ တိုင်းပြည်အတွက် ရှက်စရာကိစ္စလို့လည်း ပြောပါတယ်။ တောင်စောင်းမှာ သေဆုံးခဲ့တဲ့ တောင်တက်သမား အယောက် ၃၀၀ လောက်ရဲ့ အလောင်းတွေနဲ့ အမှိုက်တွေဟာ ဆောင်းရာသီမှာ နှင်းတွေဖုံးနေပေမယ့် နွေရာသီ နှင်းတွေ အရည်ပျော်ချိန်မှာ လူမြင်ကွင်းကို ရောက်လာပါတယ်။ မေလတုန်းက ဧဝရတ်တောင်စောင်း နီပေါနိုင်ငံဘက်အခြမ်းမှာ တောင်တက်သမား ၉ ယောက် သေဆုံးပြီး တိဘက်အခြမ်းမှာတော့ ၂ ယောက် သေဆုံးလို့ ၂၀၁၅ နောက်ပိုင်း တောင်တက်ရာသီမှာ လူသေမှု အများဆုံး ဖြစ်ခဲ့ပါတယ်။
2 years Ago

April 15, 2019

ဧဝရတ်တောင်အနီး လေဆိပ်တွင် လေယာဉ်ငယ်တစီးပျက်ကျ လူ ၃ ဦးသေဆုံး

နီပေါနိုင်ငံ ဧဝရတ်တောင်ဝန်းကျင်က လေဆိပ်မှာ လေယာဉ်ငယ်တစီးဟာ ရဟတ်ယာဉ်ရပ်နားကွင်းထဲ ဧပြီ ၁၄ရက်က ပျက်ကျခဲ့လို့ လူ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားပါတယ်။ လေယာဉ်ဟာ ညာဘက်ကို စောင်းသွားပြီး ရဟတ်ယာဉ် ရပ်နားကွင်းထဲက မာနန်အဲရ် ရဟတ်ယာဉ်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ဝန်ထမ်း ၃ယောက်ပဲလိုက်ပါလာပြီး ခရီးသည် မပါဘူးလို့ ဆမ်းမစ်အဲရ် လေကြောင်းလိုင်းက စီမံရေးညွန်မှူး မနော့ဂ်ျကာကီက ခတ္တမန္ဒူမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ လေယာဉ်မှူးနဲ့အတူ ရပ်ထားတဲ့ ရဟတ်ယာဉ်နားမှာရှိနေတဲ့ ရဲအရာရှိ ၂ယောက် သေဆုံးတယ်လို့ ဒေသခံ မီဒီယာက သတင်းထုတ်ပါတယ်။ ဒဏ်ရာရသူတွေကို ကုသပေးဖို့ ခတ္တမန္ဒူမြို့တော်ဆီ ခေါ်သွားခဲ့ပါတယ်။ လေယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ဧဝရတ်တောင်ကို တက်သူတွေ အတွက် ဝင်ပေါက်ဖြစ်တဲ့ လုခ်ကလာမြို့ထဲက တန်းဇင်းဟီလာရီ လေဆိပ်မှာ  လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းလိုက်ရပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ အာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-AFP
2 years Ago
Up