ဧရိယာ  ၃ ခု

December 22, 2019

ဆစ်ဒနီမြို့ပတ်ဝန်းကျင် ဧရိယာ  ၃ ခုတွင် တောမီး အရေးပေါ်အခြေအနေ ရောက်ရှိ

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်တဝန်း  အကြီးအကျယ် တောမီးလောင်နေချိန် ဒီဇင်ဘာ ၂၁ ရက်က ဆစ်ဒနီမြို့ပတ်ဝန်းကျင်က တောမီးဧရိယာ သုံးခုဟာလည်း အရေးပေါ်အခြေအနေ ရောက်ရှိနေပါတယ်။  ဒီဇင်ဘာ ၂၁ ရက်က Blue Mountains တောင်တန်းဒေသမှာ တောမီးလောင်နေတဲ့  ရုပ်သံကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ခရီးသွားရာသီဖြစ်တဲ့ ခရစ္စမတ် အားလပ်ရက်ကာလအစ ရောက်လာပေမယ့် ဆစ်ဒနီမြို့မှာတော့ တောမီးအန္တရာယ်ကြောင့် ခရီးမထွက်ကြသေးဖို့ အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။ ဒါ့အပြင် ဆစ်ဒနီမြို့ပြင်က အဓိက လမ်းမကြီးတချို့ကိုလည်း ပိတ်ထားခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၁ ရက် မိုးလေဝသတိုင်းထွာချက်အရ သြစတြေးလျမှာ နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေပြီး တနာရီကို အများဆုံး လေတိုက်နှုန်း ၄၄ မိုင်အထိ တိုက်ခတ်နေတာကြောင့် တောမီးလောင်မှု ပိုအားကောင်းလာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းအထိ နယူးဆောက်သ်ဝေးလ်ပြည်နယ်တလျှောက် တောမီး ၁၀၀ နီးပါး လောင်ကျွမ်းနေပြီး အဲဒီထဲက ၇ ခုကိုတော့ အရေးပေါ်အဆင့် သတ်မှတ်ထားပါတယ်။ ဩစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆွန်ကတော့ နိုင်ငံအတွင်း တောမီးလောင် ကျွမ်းမှုပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်နေရချိန်မှာ ဟာဝိုင်ရီကျွန်းကို အားလပ်ရက် အပန်းဖြေခရီးထွက်ခဲ့လို့  အပြင်းအထန်ဝေဖန်ခံနေရပါတယ်။ ဒါ့ကြောင့်သူ့ရဲ့    ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ပြည်သူလူထုတွေကို ဝန်ကြီးချုပ်က  တောင်းပန်လိုက်ပါတယ်။ ဩစတြေးလျနိုင်ငံက ပြည်နယ် ၃ ခုမှာ စက်တင်ဘာလကတည်းက တောမီး အကြီးအကျယ် လောင်ကျွမ်းနေခဲ့တာဖြစ်ပြီး လူ ၉ ဦး သေဆုံးကာ လူနေအိမ် ၇၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up