ဧရာဝတီမြစ်

February 1, 2019

ပြည်ခရိုင် ဧရာဝတီမြစ်ထဲ တွဲသင်္ဘောတစီး မီးလောင်နစ်မြုပ်၊ လူ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ်တွေတင်ပြီး ရပ်ထားတဲ့ တွဲသင်္ဘောကြီးတစီး ၀မ်းဗိုက်ပေါက်တာကို ဓာတ်ငွေ့နဲ့ ဂဟေဆက်ရင်းနဲ့ သင်္ဘော တခုလုံး မီးလောင်ပေါက်ကွဲပြီး ရေထဲနစ်မြုပ်သွားတယ်လို့ ပြည်ခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်။ Lucky Star 2 လို့ အမည်ပေးထားတဲ့ ဒီသင်္ဘောဟာ ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီလောက်မှာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ လူ ၈ ယောက် လိုက်ပါလာတဲ့အထဲ   ၂ ယောက် ဒဏ်ရာရခဲ့လို့ ဆေးရုံပို့ဆောင်ထားရပါတယ်။ မျက်မြင်တွေ့ခဲ့ရသူ ပြည်မြို့နယ် သဲဖြူကျေးရွာသား ဦးဝမ်းမောင်က   “တွဲသင်္ဘောကြီးကိုတွန်းတဲ့ နောက်တွဲသင်္ဘောကြီးလောင်တာ ပြည်မြို့နယ်၊ ဇလုံရွာရဲ့ ဘေးကမြစ်ထဲမှာ ပေါက်ကွဲပြီးတော့လောင်တာ၊ နေ့လယ် ၁ နာရီလောက်အထိ လောင်နေပြီး နေ့လယ် ၁ နာရီကျော်လောက်မှာ နောက်တွဲကြီးတခုလုံး ရေထဲကို နစ်မြုပ်သွားတယ်။ ရှေ့ကကျောက်တင်တဲ့ တွဲကြီးကတော့ ရေပေါ်မှာ ကျန်နေခဲ့တာ” လို့ ပြောပါတယ်။ ဒီမီးလောင်မှုကို ပြည်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပန်းတောင်းမီးသတ်တပ်ဖွဲ့တွေက သွားရောက်ကူညီခဲ့ကြပြီး မီးလောင်မှု ဖြစ်ပွားပုံအသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ တွက်ချက်မပြီးသေးဘူးလို့ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းညို  
3 years Ago

July 20, 2018

ဧရာဝတီမြစ်နှင့် ပဲခူးမြစ်ရေကြီးနိုင်၊ မြစ်ကမ်းအနီး နေသူများ သတိပြုနေထိုင်ရန် တိုက်တွန်း

ဧရာဝတီမြစ်နဲ့ ပဲခူးမြစ်ရေ ကြီးနိုင်တဲ့အတွက် ဟင်္သာတမြို့နယ်နှင့် ပဲခူးမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်တွေ အနေနဲ့ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးလေဝသနှင့် ဇလဗေဒ ဌာနက တိုက်တွန်း ထားပါတယ်။ ဒီကနေ့ မနက်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အောက် (၁)ပေလောက်မှာ ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပဲခူးမြစ်ရေဟာလည်း  ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်မှာ ရောက်ရှိနေပြီး နောက် (၂)ရက်အတွင်း  စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဟင်္သာတမြို့နယ်နှင့် ပဲခူးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုထားပါတယ်။ အလားတူ ပုဂံညောင်ဦး၊ မဒေါက်၊ ဘားအံ၊ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ မအူပင်မြို့ တွေမှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ်နဲ့ နီးစပ်နေတယ်လို့ မိုးဇလဌာနက မြစ်ရေကြီးမှု အခြေအနေကို ထုတ်ပြန်ထားပါတယ်။ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုကွက်သစ်၊ မြန်အောင်တာမိုင် ၅/၅ အနီးမှာ  ပြီးခဲ့တဲ့ရက်က မြစ်ဘက်ခြမ်း တာခြေရဲ့ အခြေနားအထိ အလျား(၂ဝ)ပေ၊ အကျယ် (၅)ပေလောက် မြစ်ကမ်းပြိုမှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး သတင်းအရ သိရပါတယ်။ ဓာတ်ပုံ- MOI
4 years Ago
More News
Up