ဧရာဝဏ်နတ်ကွန်း

October 7, 2016

ဧရာဝဏ်နတ်ကွန်းဗုံးကွဲမှုနှင့်ဆက်နွှယ်သူအပါအ၀င် မြန်မာ ၃ ဦးကို မဲဆောက်တွင် ဖမ်းဆီး

ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်းဗုံးပေါက်ကွဲမှုနဲ့ ဆက်နွှယ်သံသယရှိသူတဦး အပါအ၀င် မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အောက်တိုဘာလ ၆ ရက်က ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ တရားမ၀င် ၀င်ရောက်လာသူတွေ အထူးသဖြင့် ရိုဟင်ဂျာနဲ့ တရုတ်ပြည်က ၀ီဂါလူမျိုးတွေကို နိုင်ငံကူးလက်မှတ်အတုလုပ်ပေးပြီး ခိုလှုံခွင့်ရအောင်လုပ်ပေးမှုတွေနဲ့ ပတ်သက်ပြီး မဲဆောက်မြို့တွင်း သံသယရှိ နေရာ ၆ နေရာကို စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ ဟတ်ခ်ျယတ်ရောင်းဝယ်ရေးကုမ္ပဏီဖွင့်ထားတဲ့ ရာခ်ျကန်လမ်းပေါ်က အိမ်အမှတ် ၁၉/၂ အိမ်ပိုင်ရှင် ရောဘတ်ဆိုသူကို ပစ်မှတ်ထားစစ်ဆေးရာမှာ အိမ်ရှင်ကို မတွေ့ဘဲ မြန်မာနိုင်ငံသား မိသားစုဝင်တချို့မှာ နေထိုင်ခွင့်အထောက်အထားမရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ သံသယရှိသူ ရောဘတ်ကတော့ အဆိုပါအိမ်ကို ရောင်းချပြီး ဆမွတ်ပရကန်ခရိုင်ကို ပြောင်းရွှေ့သွားပြီလို့ တာဝန်ရှိ မဲဆောက်ရဲဝန်ထမ်းက နယ်ခံသတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါနေအိမ်မှာ ကျော်သီဟ ခေါ် အာရဘူခန် ရဲ့ဇနီးနဲ့ သမီး၊ တင်ရွှေ (ခေါ်)ဆီဂို တို့နေထိုင်တာဖြစ်ပြီး အမျိုးသမီး ၂ ဦးမှာ တရားဝင်နေထိုင်ခွင့် သက်သေ အထောက် အထားမှ မရှိတဲ့အတွက် ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ နေထိုင်ခွင့်ပြုတဲ့ ကျော်သီဟနဲ့ တင်ရွှေတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို တာဝန်ရှိသူတွေက သိမ်းဆည်းလိုက်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ကျော်သီဟကိုတော့ တရားမ၀င်ရွေ့ပြောင်း ၀င်လာသူတွေကို ပုန်းကွယ်ဝှက်ထားမှုနဲ့ တရားစွဲဆိုထားပါတယ်။ ထိုင်းစစ်တပ်လုံခြုံရေးက ကျော်သီဟကို စစ်ဆေးမေးမြန်းပြီးနောက်မှာတော့ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းဗုံးကွဲမှုမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သံသယရှိနေ ပြီး တချို့ဗုံးခွဲသူတွေ အတွက် နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အတု စီစဉ်ပေးခဲ့တယ်ဆိုတဲ့ သတင်း အချက်အလက်ရရှိထားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်ဧရာဝဏ်နတ်ကွန်းဗုံးခွဲမှုမှာ လူ ၂၀ သေဆုံးပြီး ၁၂၅ ဦးဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ဗုံးခွဲသံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားပါတယ်။
5 years Ago

December 4, 2015

ဘန်ကောက် ဗုံးပေါက်ကွဲမှု သံသယရှိသူ တူရကီတွင် ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူ ထိုင်းလင်မယားကို တူရကီမှာ ဖမ်းဆီးထားတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ဗုံးခွဲတယ်လို့ သံသယရှိသူတွေကို အခန်းငှားထားတဲ့ ထိုင်းအမျိုးသမီး ၀မ်နာဆူဆန်နဲ့ ခင်ပွန်းကို တူရကီမှာ ဖမ်းဆီးထားတာ ဖြစ်ပေမယ့် တခြား အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒီလင်မယား ဖမ်းဆီးထားတာကိုတော့ တရားဝင် အကြောင်းကြားတာ မရှိဘူးလို့ ဒီဇင်ဘာ ၃ ရက်က ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ သတင်းသာမှန်ရင် သူက အကြောင်းကြားမှုကို လက်ခံရမှာ ဖြစ်သလို နိုင်ငံခြားရေး ၀န်ကြီးဌာနက တူရကီနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရကတော့ တူရကီရှိ ထိုင်းသံရုံးကတော့ ၀န်ကြီးဌာနကို ဒီစုံတွဲ ဖမ်းဆီးထားတဲ့အကြောင်း ထုတ်ပြောတာ မရှိဘူးလို့ ပြောပါတယ်။ ထိုင်းလက်ထောက်ရဲချုပ်က ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူတွေကို နိုင်ငံရပ်ခြားမှာ ဖမ်းဆီးထားပြီလို့ ထုတ်ဖော်ပြောဆိုခဲ့အပြီး ခန့်မှန်းမှုတွေ မြင့်တက်လာပါတယ်။ စက်တင်ဘာလက ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူ ၂၂ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က ၀ရမ်းထုတ်ထားပါတယ်။
6 years Ago
More News
Up