ဧရာဝတီတိုင်

July 9, 2020

ဧရာဝတီတိုင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးများကို ကျပ် ၂၄.၆ ဘီလီယံကျော် ထောက်ပံ့မည်

ဧရာတိုင်းအတွင်း ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေကို ကျပ်ငွေ ၂၄ ဒသမ ၆ ဘီလီယံကျော် ထောက်ပံ့ပေးတာတွေ ပြုလုပ်သွားမယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက သိရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက်ကလေးငယ်တွေကို ငွေကြေးထောက်ပံ့မယ့် အစီစဉ်ကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ လုပ်ငန်းတွေပြန်လည်စတင်တော့မှာမလို့ ရပ်ကျေးစာရေးတွေကို သင်တန်းပေးတာတွေ ပြုလုပ်နေပြီလို့ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး နော်သဝါးက ပြောပါတယ်။ "ဧပြီလ ၁ ရက်နေ့မှာ မွေးဖွားတဲ့ ကလေးတိုင်း အကျုံးဝင်ပါတယ်။ ပထမပတ် ဧပြီ၊ မေ၊ ဇွန် သုံးလ တစ်ခါ ထောက်ပံ့မယ့်အချိန်မှာ ရောဂါအခြေကြောင့် ဒုတိယပတ်ဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်၊ စတင်ဘာလတွေနဲ့ ပေါင်းပြီး ၆ လစာ ထောက်ပံ့သွားမှာပါ" လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေးတွေအတွက် ထောက်ပံ့ဖို့အစီစဉ်ကို ဇူလိုင်လကစတင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ စာရင်းကို ကောက်ယူမှာဖြစ်ပြီး ရရှိလာတဲ့ စာရင်းတွေကို ပြန်လည်တင်ပြပြီး လူဦးရေအရ ပြန်လည်ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ ထောက်ပံ့ရမယ့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေး အရေအတွက် လူဦးရေ ၅ သောင်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက တာဝန်ရှိသူကပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေးတွေကို နိုင်ငံတော်အနေနဲ့ ၁ ရက်ကို ၅၀၀ နှုန်းနဲ့ ၁ လ ကို ၁ သောင်းခွဲထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေးတွေကတော့ ၆ လစာ ၉ သောင်းရရှိမှာဖြစ် တယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
11 months Ago

June 3, 2020

ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ ဇွန် ၁၅ ရက်အထိ ဆက်ပိတ်ထားမည်

ပုသိမ်ခရိုင်အတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရင်ဂျီ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေကို  ဇွန်လ ၁၅ ရက်နေ့ထိ ဆက်လက်ပြီး  ယာယီပိတ်သိမ်းထားမယ်လို့ ဧရာဝတီတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ ဧရာဝတီတိုင်းအစိုးရအဖွဲ့ တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက  ဇွန်လ ၁ ရက်နေ့မှာ အချက် ၁၄ ချက်ပါ တားမြစ်မိန့်ကို ထုတ်ပြန်လိုက်တာလို့ ကော်မတီ ပြောရေးဆိုခွင့်ရှိသူ တိုင်းဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ လူထုတွေ့ဆုံပွဲတွေ၊ ဘာသာရေးဆိုင်ရာပွဲတော်တွေ၊ ဝတ်ပြုဆုတောင်းပွဲတော်တွေ၊ Mobile Service၊  Delivery လုပ်ငန်းတွေ၊ လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနာတွေ၊ ပွဲလမ်းသဘင်တွေကို ဇွန်လ ၁၅ ရက်အထိ ကျင်းပခြင်းမပြုလုပ်ဖို့ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေနဲ့ စင်တင်ဖျော်ဖြေရေးတွေကိုလည်း  ဇွန်လ ၁၅ ရက်နေ့အထိ ယာယီပိတ်သိမ်းထားဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်တွေရှိ  Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေ ဧရာဝတီတိုင်းကိုဝင်ရောက်လာပါက Community Based Facility Quarantine ၂၁ ရက်ထားရှိပြီး အသွားအလာ ကန့်သတ်လုပ်ဆောင်မှုခံယူဖို့လည်း ထုတ်ပြန်ထားပါတယ်။ အမိန့်ညွန်ကြားချက်တွေကို မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်း ရေးဥပဒေနဲ့အညီ  အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ သတင်း- စည်သူမောင်မောင်
1 year Ago
More News
Up