ဧရာဝတီတိုင်း ဝန်ကြီးချုပ် မေတ္တာရပ်ခံ

January 18, 2018

ပြည်သူအတွက် ကြိုးစားလုပ်ဆောင်မည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ်ပြော (ရုပ်သံ)

ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးကို အခြေခံပြီး စီပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အဓိကထား ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အသစ်   ဦးလှမိုးအောင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့မှာပဲ နိုင်ငံတော်သမ္မတက အဆိုပြုပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုပေးခဲ့တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်အသစ် ဦးလှမိုးအောင်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ကတိပေး ပြောကြားခဲ့တာပါ။ ဧရာဝတီတိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်စပ်နေတဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်တို့ကိုလည်း ဖြည့်ဆည်းသွားမယ့်အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ချမှတ် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့လည်း အသိပညာပေးတာတွေကို အဓိကထား လုပ်ဆောင်သွားမယ်၊ သူ့အနေနဲ့ ပြည်သူ့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်သွားမယ်လို့ အာမခံကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်ကသူ မရှိ အတည်ပြုခဲ့တဲ့ ဝန်ကြီးချုပ်အသစ် ဦးလှမိုးအောင်ဟာ မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ တိုင်းဒေသကြီးလွှတ်တော်မှာ စိုက်ပျိုးရေး၊မွေးမြူရေး၊ဆည်မြောင်းနှင့် သယံဇာတရေးရာ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကနေ စိုက်ပျိုးရေးဘွဲ့ (B.Ag) ဘွဲ့ ရရှိခဲ့ပြီး လက်ရှိမှာတော့ အသက် ၅၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
4 years Ago

October 11, 2017

ငြိမ်းချမ်းရေးအတွက် ယုံကြည်ချက်ရှိရှိ ပါဝင်ဆုတောင်းပေးကြရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မေတ္တာရပ်ခံ

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေအနေနဲ့ ကိုယ့်အိမ် ကိုယ့်နေရာမှာလည်း ယုံကြည်ချက်ရှိရှိ အားလုံး ပါဝင်ဆုတောင်းပေးကြဖို့ ပုသိမ်မြို့မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက မေတ္တာရပ်ခံခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီးက ကြီးမှူးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတောင်နဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေဖို့ ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ပုသိမ်မြို့မြို့တော်ခန်းမမှာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၆ က ပုသိမ်မြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဲဒီဆုတောင်းပွဲမှာ ဝန်ကြီးချုပ်မန်းဂျော်နီက ခန်းမမှာ ဆုတောင်းပွဲပြုလုပ်သလို ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်ကိုယ့်နေရာမှာ ယုံကြည်ချက်ရှိရှိ ပါဝင်ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ပြောကြားခဲ့တာပါ။ အဲဒီပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာကြီး လေးမျိုးက ဘာသာရေးခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး ဘာသာအလိုက် ငြိမ်းချမ်းရေးစကားတွေ ပြောကြားခဲ့ပြီး ငြိမ်းချမ်း သာယာဝပြောစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။ အခုလို ဘာသာပေါင်းစုံဆုတောင်းပွဲတွေကို တနိုင်ငံလုံးအနှံ့ ပြုလုပ်နေတာဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း လေးကြိမ်တိတိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
4 years Ago
Up