ဧရာဝတီတိုင်း စိုက်/မွေးဝန်ကြီး ရာထူးက

January 23, 2018

ဧရာဝတီတိုင်း စိုက်/မွေးဝန်ကြီးအဖြစ် ညွှန်မှူးဟောင်း ဦးတင်အောင်ဝင်းကို ခန့်အပ်ရန်အဆိုပြု

  ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး အဖြစ် စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး(အငြိမ်းစား) ဦးတင်အောင်ဝင်းကို ခန့်အပ်ဖို့  ဒီကနေ့ ဧရာဝတီတိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းပါတယ်။ ကျန်းမာရေးအရ ရာထူးကနုတ်ထွက်သွားတဲ့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းရဲ့ နေရာမှာ ဝန်ကြီး အသစ်အစားထိုးခန့်အပ်နိုင်ဖို့အတွက် အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးအသစ်အဖြစ် အဆိုပြုခံထားရတဲ့ ဦးတင်အောင်ဝင်းဟာ စိုက်ပျိုးရေးဦးစီးဌာနမှာ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အန်အယ်လ်ဒီ ပါတီဝင်မဟုတ်တဲ့ ပြင်ပပညာရှင်တစ်ဦးဖြစ်ပါတယ်။ လွှတ်တော်ကတော့ ဒီကနေ့မှာ ကိုယ်စားလှယ်တွေကို ဦးတင်အောင်ဝင်းရဲ့ ကိုယ်ရေး အကျဉ်းဖြန့်ဝေထားပြီး မနက်ဖြန် ဇန်နဝါရီ ၂၄ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိရင် လွှတ်တော်က အတည်ပြုသွားမှာဖြစ်ပါတယ်။
4 years Ago

January 3, 2018

ဧရာဝတီတိုင်း စိုက်/မွေးဝန်ကြီး ရာထူးက နုတ်ထွက်ခွင့် တောင်းခံ

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်ထားပါတယ်။ တခြား ဘာအကြောင်းရှိလို့မှ မဟုတ်ဘဲ ကျန်းမာရေး အခြေအနေကြောင့်သာ ဇန်နဝါရီ ၂ ရက်နေ့က နုတ်ထွက်စာ တင်လိုက်ရတာဖြစ်တယ်လို့  ဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။ အသက် ၇၀ ကျော်အရွယ် ရှိနေပြီဖြစ်တဲ့ ဝန်ကြီးဦးဘဟိန်းဟာ စိုက်ပျိုးမွေးမြူရေး ပညာရှင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပါတီဝင်တဦးလည်း ဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာမှာတော့ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအနေနဲ့ တာဝန်ပေးအပ်ခံခဲ့ရတာပါ။ သူ့အနေနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်နေပြီး ဧရာဝတီတိုင်းဒေသကြီးမှာ အဓိကအရေးပါတဲ့ ရေချိုငါးလုပ်ငန်းဥပဒေကို ရေလုပ်သားငယ်တွေနဲ့ တရားဥပဒေစိုးမိုးဖို့အတွက် ဦးဆောင်ပြီး ပြင်ဆင်ရေးဆွဲနေတာပါ။ ရေချိုငါးလုပ်ငန်းဥပဒေ ပြင်ဖို့လုပ်တာနဲ့ပတ်သက်ပြီး အင်းလုပ်ငန်းရှင်အချို့ရဲ့ ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရေလုပ်သားငယ်တွေရဲ့ ထောက်ခံမှုကိုလည်း အများအပြား ရရှိထားသူ ဖြစ်ပါတယ်။
4 years Ago
Up