ဧရာဝတီတိုင်းလွှတ်တော်

May 22, 2018

အဂတိလိုက်စားမှု တိုင်ကြားစာ ၂ စောင် ဧရာဝတီတိုင်းလွှတ်တော်ကို ကော်မရှင်ပေးပို့

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး အကြောင်းကြားစာနှစ်စောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပေးပို့လာတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။ ဒီကနေ့ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပိုမိုသတိကြီးစွာထားဖို့နဲ့ လုပ်ငန်း တာဝန်တွေကို ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စွာ ဟန်ချက်ညီညီဆောင်ရွက်ဖို့လည်း လွှတ်တော်ဥက္ကဋ္ဌက မှာကြားပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပေးပို့တဲ့ အကြောင်းကြားစာနှစ်စောင်မှာ တစ်စောင်က အိမ်မဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရဲ့ ငွေကျပ်သိန်း ၁၀၀ မမှန်မကန်တောင်းယူခဲ့တယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်တစောင်ကတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးကို ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ မှာ  ၁၀ သိန်းနဲ့ပတ်သက်ပြီး အလွဲသုံးစား လုပ်တယ်လို့ သံသယဖြစ်ပြီး တိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ခုစလုံးက အဂတိလိုက်စားမှုနဲ့မဆိုင်တဲ့အတွက် လွှတ်တော်ကို လွှဲပြောင်းခဲ့တာလို့လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။ အဆိုပါတိုင်ကြားစာနဲ့ ပတ်သက်ပြီး လွှတ်တော်က ဘယ်လို အရေးယူ ဆောင်ရွက်သွားမယ်ဆိုတာ မသိရသေးသလို စွပ်စွဲခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တုံ့ပြန်ပြောကြားချက်တွေလည်း မကြားသိရသေးပါဘူး။
4 years Ago
Up