ဧရာဝတီတိုင်း

June 20, 2019

ဧရာဝတီတိုင်းအတွင်း  စက်ကရိယာအသုံးပြုပြီး လယ်ယာလုပ်ကိုင်မှု တိုးတက်လာ

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်ကရိယာတွေအသုံးပြုပြီး လယ်ယာ လုပ်ငန်း လုပ်ကိုင်နေမှုဟာ ၉၇ ရာခိုင်နှုန်းလောက်ရှိနေပြီလို့ စက်မူလယ်ယာဌာန တာဝန်ရှိသူက ပြောပါတယ်။ ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး လယ်နဲ့ ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြတာဖြစ်ပြီး တိုင်းဒေသကြီးမှာ ရှိတဲ့ လူဦးရေရဲ့  ၇၅ ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရပါတယ်။ ဟသာင်္တခရိုင် စက်မှုလယ်ယာဦးစီးအရာရှိ ဦးအောင်တိုးက “ခုလက်ရှိ လယ်ယာ လုပ်ကိုင်သူတွေ အများစုကြုံတွေ့နေကြရတာကတော့ လုပ်သားရှားပါးတဲ့ ပြဿနာ။ အဲတော့ စက်ကရိယာတွေကို အစားထိုး အသုံးပြုလာနေကြပါတယ်။ ကျနော်ဌာနက စက်ကရိယာ ပေါင်းစုံကို ဝန်ဆောင်မှုပေးနေပါတယ်။ တိုင်းဒေသကြီးတခုလုံး အနေနဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းခွင်တွေမှာ စက်ကရိယာတွေကို အစားထိုး အသုံးပြုလာနေပြီလေ။ ခုနောက်ပိုင်းကတော့ ကျနော်တို့ဌာနရယ် အစိုးရပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး တောင်သူတွေ လိုအပ်ချက်တွေ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။ ဧရာဝတီတိုင်းမှာ စပါးကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စိုက်ပျိုးသလို ယာသီးနှံတွေကိုလည်း သုံးရာသီလုံး စိုက်ပျိုးလာနေကြတာပါ။ မြစ်ဝကျွန်းပေါ် အများစုမှာတော့ ဆောင်းသီးနှံကို အဓိကထား စိုက်ပျိုးကြပါတယ်။ လယ်ယာလုပ်ကိုင်နေတဲ့ အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသခံ ဦးညိုဝင်းက “အများစုကတော့ စက်ကရိယာတွေပဲ သုံးတာမှန်ပါတယ်။ အဓိက ထွန်းယက်တာ ရိတ်သိမ်းတာလောက်ပဲ လုပ်နိုင်တာပါ။ အချို့စပါးရိတ်သိမ်းချိန် မိုးများနေရင် ဘယ်စက်နဲ့ရမလည်း။ လူနဲ့ပဲလုပ်ရ တယ်လေ။ ယာကျတော့ ဒီအတိုင်းပဲ ထွန်ချိန်လောက်လွတ် ကျန်တဲ့အချိန် လူအင်အားသုံးရတယ်။ အစိုးရအနေနဲ့လည်း ကူညီပါတယ်။ အရင်ထက်တော့ နည်းနည်း ပိုလာတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်တွေ ခုနောက် ဝယ်လို့ရလာပြီလေ။ ဒါပေမဲ့ အဓိကဈေးပဲသီးနှံးဈေးကို မထိန်းချုပ်နိုင်ဘူး တောင်သူတွေပဲ ခံရတယ်။ ပြီးတော့ စိုက်ပျိုးတဲ့အချိန်မှာ ဥပမာ စပါးဆို ဘယ်မျိုးစိုက် သူတို့တာဝန်ယူဝယ်၊ ပြောင်းဆို ဘာစိုက်ပေါ့။ အဲလိုမဟုတ်တော့ ခက်တယ်။ စက်ကရိယာရှိလည်း ဒုံးရင်းပါပဲလို့” ပြောပါတယ်။ ခုနှစ်အတွင်းမှာ ဧရာဝတီတိုင်းက မြို့နယ်အများစုမှာ ကုမ္ဗဏီတွေအများစုက စက်ကရိယာတွေ အသုံးပြုပုံကို ကွင်းဆင်းသရုပ်ပြတာတွေ လုပ်ဆောင်လာနေကြသလို စိုက်ပျိုးရေး ဦးစီးဌာနကလည်း ကွင်းဆင်းပြီး မြေဓာတ်တိုင်းထွာတာ၊ စိုက်ပျိုးချိန်မှာ မြေပြုပြင်တာတွေ စနစ်တကျ လုပ်ကိုင်လာနေကြပါတယ်။
2 years Ago

May 4, 2019

ဧရာဝတီတိုင်းတွင် လူ ၄ သောင်းခန့် သောက်သုံးရေ ပြတ်လပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ ခုက လူဦးရေ ၄ သောင်းနီးပါး သောက်သုံးရေပြတ်လပ်နေတာကြောင့် နေ့စဉ်ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေရတယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနက ပြောပါတယ်။ ပုသိမ်၊ ရေကြည်၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ လပွတ္တာနဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေက အိမ်ထောင်စုပေါင်း ၇၂၉၆ စု က ဒေသခံတွေ သောက်သုံးရေပြတ်လပ်နေတာလို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ “သောက်ရေတွေကို မြို့ကနေ ကားတွေ၊ စက်လှေတွေနဲ့ ရွာအရောက် ပို့ဆောင်ပေးတဲ့ နည်းလမ်း၊ ရေရှားတဲ့ ရွာတွေရဲ့အနီး ပတ်ဝန်းကျင်မှာ ရေခပ်လို့ရတယ်ဆိုရင် ဒေသခံတွေ ရေသယ်ယူနိုင်ဖို့အတွက် စက်သုံးဆီ ထောက်ပံ့ပေးတဲ့ နည်းလမ်းနဲ့ ဌာနမှာရှိတဲ့ ရေသန့်စင်တဲ့ကားနဲ့ ရွာတွေကိုဆင်းပြီး သောက်သုံးရန် မသင့်တဲ့ရေကို ကားနဲ့ ရေသန့်စင်ပြီး ထောက်ပံ့တဲ့ နည်းလမ်းတွေနဲ့ သောက်ရေတွေ ကူညီပေးနေပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်က ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အပူချိန် စံချိန်တင်မြင့်မားနေတာကြောင့် သောက်သုံးရေသိုလှောင်ကန်တွေ ခန်းခြောက်ကုန်ပြီး အခုနှစ် နွေရာသီကာလမှာ ရေရှားပါးတဲ့ ကျေးရွာအရေအတွက် ၂ ဆလောက် ပိုမိုများပြားလာတယ်လို့ သောက်သုံးရေကူညီလှူဒါန်း ပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ “ဒီနှစ်က ခါတိုင်းနဲ့မတူဘူး။ ရာသီဥတုက ပိုပူလာတော့ ရေတွင်း၊ ရေကန်တွေခန်းတာ အချိန်စောတယ်။ ရေမရှားဘူးတဲ့ ရွာတွေပါ သောက်သုံးရေပြတ်လတ်ကုန်တာမျိုး ရှိတယ်။ မနှစ်ကဆို ဦးဇင်းတို့ ရေလှူရတာ ရွာ ၁၀၀ လောက်ရှိတာ၊ ဒီနှစ်ဆို ရွာအရေအတွက်က ၂၀၀ လောက်အထိ တိုးလာတယ်။ ရေလှူတဲ့ ဘောက်ဆာကားကြီးတွေဆို တရက်မှ မနားရဘူး။ နေ့တိုင်းထွက်ပြီး လှူပေးနေရတယ်” လို့ ပုသိမ်မြို့၊ မနောဖြူဘက်စုံလူမှုကူညီရေးအသင်းမှ ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်အများစုရှိ ကျေးရွာတွေမှာ မြေသားရေကန်ကြီးတွေနဲ့ မိုးတွင်းကာလမှာ ရရှိတဲ့ မိုးရေကို စုဆောင်းထားလေ့ရှိပြီး အခုနှစ်မှာတော့ ရာသီဥတု ပိုမိုပူပြင်းလာတာကြောင့် မိုးရေခံတဲ့ရေကန်တွေ စောလျင်စွာ ခန်းခြောက်ခဲ့ပြီး စိမ့်စမ်းတွေကလည်း ရေမထွက်တော့တာကြောင့် သောက်ရေပြတ်လပ်တဲ့ဒုက္ခကို ဒေသခံတွေ ကြုံတွေ့နေရတာပါ။
2 years Ago
More News
Up