ပြင်သစ်နိုင်ငံ မြို့တော်ပါရီ လိုဗှာ ပြတိုက်အပြင်မှာ ဇူလိုင် ၆ ရက်က ဧည့်လမ်းညွှန်တွေဟာ ပါးစပ်နှာခေါင်းစည်းတွေကို ဝတ်ဆင်ပြီး မိုနာလီဇာရဲ့ ပုံတူ ကားချပ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက် ကပ်ဘေးအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ အဝင်ရပ်နေချိန်မှာ သူတို့ကို ကူညီဖို့ အစိုးရကပံ့ပိုးရေး တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
ရောဂါကပ်ဘေးကြောင့် အသွားအလာကန့်သတ်တဲ့ လော့ဒေါင်းကို လေးလကြာ ချမှတ်အပြီး ပထမဆုံးအနေနဲ့ ပြတိုက်ကို ဧည့်သည်တွေအတွက် ပြန်ဖွင့်ပေးချိန်မှာ ဆန္ဒပြတာလည်း ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကူးစက်မှုကြောင့် မထိခိုက်ရအောင် ခရီးသွားလုပ်ငန်းကဏ္ဍကို ထောက်ပံ့ဖို့ ပြင်သစ်အစိုးရက အမေရိကန် ဒေါ်လာ ၁၉ ဘီလျံတန် လုပ်ဆောင်ချက်တွေကို မေလမှာ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် အကူအညီ ရန်ပုံငွေတွေဟာ ဧည့်လမ်းညွှန်တွေဆီကို မရောက်လာခဲ့ဘဲ အများစုက ကာလတို ကန်ထရိုက်တွေဆီ ရောက်သွားတဲ့အတွက် ဧည့်လမ်းညွှန်တွေမှာ ဘဏ္ဍာရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။
ပါရီမြို့တော်ကို နိုင်ငံခြားသား ခရီးသည်တွေ ကပ်မဆိုက်ခင်ကလို ပြန်လာကြဖို့ လချီပြီး အချိန်ယူရနိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
ပြတိုက်ကတော့ ဇူလိုင် ၆ ရက်နေ့ စတင်ဖွင့်လှစ်လိုက်ပြီး အရင်တုန်းက လာတဲ့ ဧည့်သည်ဦးရေရဲ့ ငါးပုံတပုံ ဖြစ်တဲ့ လူ ၇၀၀၀ လောက် လာရောက်လည်ပတ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
8 months Ago