ဦးအောင်ကြည်ညွန့်

A d v e r t i s e m e n t With Us

February 15, 2021

NLD ဌာနချုပ်ကို ရဲနှင့်စစ်တပ်က ဝိုင်းနေစဉ် ဦးအောင်ကြည်ညွန့်နှင့် မေးမြန်းချက်

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို ရုံးချုပ်ကို စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေက  ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ အင်အားအလုံးအရင်းနဲ့ လာဝိုင်းခဲ့ပါတယ်။

ရုံးထဲမှာတော့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အန်အယ်လ်ဒီပါတီဝင်တချို့ ပိတ်မိနေခဲ့တာကြောင့် ပြည်သူလူထုတွေက လာရောက်ဝန်းရံ ဆန္ဒပြခဲ့ပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားနေချိန်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။  

မေး ။ ။ ဟုတ်ကဲ့ ။ ပါတီရုံးချုပ်ကို ရှေ့မှာဝိုင်းထားတယ်ကြားလို့ အဲဒါနဲ့ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ ပြောစရာရှိမလားလို့ ပါခင်ဗျ။ ရုံးထဲကလူတွေတချို့နဲ့တော့ ကျွန်တော်ပြောထားပါတယ်။

ဖြေ ။ ။ အခု အန်အယ်လ်ဒီရုံးထဲမှာ ၁၆ ယောက်ပိတ်မိနေပါတယ်။ တကယ်တော့ အခု ဒီအချိန်မှာက ဘယ်လိုခေါ်မလဲဆိုတော့ လုပ်နေတဲ့ပုံစံမျိုးက ရှိနေတဲ့ အခင်းအကျင်းပေါ်မှာမူတည်ပြီးတော့ ဘာလုပ်နေတယ်ဆိုတာကိုတောင် ကျနော်တို့ သဘောမပေါက်တော့ဘူးဗျ။ ကျတော် NLD ထဲကို ပထမ စ၀င်တော့ အဲဒီမှာရှိတဲ့ ဆရာဘမျိုးသိန်းကို လာတွေ့တော့ ဆရာဘမျိုးသိန်းက ရဲအရာရှိကိုတော့ ပြောလိုက်တယ်။ ဒါကျနော်တို့ ဖောက်ထွင်းခံထားရတာရှိတယ်။ တိုင်ချက်လည်းဖွင့်ထားတယ်။ဒါကြောင့်လက်ရာ ‌ခြေရာမပျက်ဘဲထားထားတယ်လို့ ပြောလိုက်တော့ ဘာမှမလုပ်ဘဲနဲ့ ပြန်ထွက်သွားပြီးတော့ တိုင်ပင်အုံးမယ်ဆိုပြီးတော့ အချိန်တွေအကြာကြီးဒီလိုဝိုင်းထားတာပဲဗျာ ။ အခုနောက်ဆုံးအခြေအနေ ဘယ်လိုရောက်နေလဲဆိုတာတော့ ကျနော်လည်း မသိဘူး။

မေး ။ ။ ဟုတ်ကဲ့။ကျနော်တို့ ကြားတာက ဦးအောင်ကြည်ညွန့်နဲ့ အန်တီဒေါ်မေ၀င်းမြင့်ကို လာရှာတယ်လို့လည်း ကြားသိရပါတယ်ခင်ဗျ။ အန်ကယ်တို့ ဘာပြောစရာရှိဦး မလဲခင်ဗျ။

ဖြေ ။ ။ ဘာမှတော့ အထူးပြောစရာမရှိပါဘူးဗျ။ သူတို့က CECဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ ကျနော်တို့နှစ်ယောက်ကို ဖမ်းချင်တာ။ ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ လာပြီးရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။

မေး ။ ။ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး မှတ်ချက် တစ်စုံတရာပြောပေးပါအုံး။

ဖြေ ။ ။ အစကတည်းကနေအဆုံးအထိ ဥပဒေနဲ့မညီပဲ ၊ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ ၊ အစကနေအဆုံးအထိ တကယ်တမ်းဖြစ်သင့်တဲ့ တရားဥပဒေစိုးမိုးမှုကို နည်းမျိုးစုံနဲ့ဖောက်ဖျက်နေတဲ့ လုပ်ငန်းရပ်တွေပဲဆိုတာ ပေါ်လွင်ပြီးသားကြီးဖြစ်နေတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

မေး ။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

3 weeks Ago

February 8, 2021

ကြောက်စိတ်နဲ့နောက်တွန့်ရင် စစ်အာဏာရှင်တစုအောက် ကျနော်တို့ရဲ့ သားသမီးတွေကို စတေးကြရလိမ့်မယ် - ဦးအောင်ကြည်ညွန့်

စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီးတော့ ပြည်သူကို စစ်ကျွန်ဖြစ်အောင် တရားမဲ့စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူတွေနဲ့ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ) ရဲ့  ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို ပြောကြားလိုက်တာပါ။

“စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီးတော့ ပြည်သူကို စစ်ကျွန်ဖြစ်အောင် တရားမဲ့စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူလူထုတရပ်လုံးကိုရော ပြည်သူ့ဝန်ထမ်းများ ပီသစွာ civil disobedience movement လှုပ်ရှားမှု (CDM) နဲ့ နိုင်ငံတော်ကို ကယ်တင်နေကြတဲ့ ဌာနအသီးသီးက ဝန်ထမ်းများကို အထူးလေးစားကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားပါရစေ။”

စစ်အာဏာရှင်လူတစုရဲ့အောက်မှာ အနာဂတ်မျိုးဆက်တွေ စတေးမခံရရေး ကြောက်စိတ်နဲ့ နောက်တွန့်မနေကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“အခုကာလမှာ ကြောက်စိတ်နဲ့ နောက်တွန့်ရင် မိုက်တဲ့လူတချို့ ရူးပြီး ရဲနေတဲ့ မိုက်ရူးရဲ စစ်အာဏာရှင်တစုနဲ့ နောက်လိုက်တချို့တွေရဲ့ အောက်မှာ ကျနော်တို့ရဲ့ သားသမီးတွေကို စတေးလိုက်ကြရပါလိမ့်မယ်။ ကျနော်တို့လည်း ပြည်သူက အပ်နှင်းလိုက်ပြီးဖြစ်တဲ့ တရားဝင် လုပ်ပိုင်ခွင့်နဲ့အညီ ဆက်လက်ဆောင်ရွက်နေကြပါတယ်။” 

စစ်အာဏာရူးမှု ကျဆုံးပြီး မကြာမီမှာ ပြည်သူ့အားနဲ့ ပြန်လည်ပေါ်ထွန်းလာမယ့် ပြည်သူ့အစိုးရရဲ့ အောက်မှာ မိမိတို့ရဲ့  တရားဝင်အခွင့်အရေးများ ပြန်လည်ရရှိရေး ခံစားရမှာ အာမခံချက် အပြည့်ရှိနေပြီး လတ်တလော ရင်ဆိုင်ရဖွယ် အခက်အခဲတွေကိုလည်း ပြည်သူအားနဲ့ ကိုယ်စား ကာကွယ်ထောက်ပံ့မှုတွေ စီစဉ်နေပြီလို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

4 weeks Ago
More News
Up