ဦးအယ်လ်ဖောင်းရှို

A d v e r t i s e m e n t With Us

November 9, 2020

ဦးအယ်လ်ဖောင်းရှို ထောက်ခံမဲ ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရ

မကြာသေးခင်ကမှ ဝန်ကြီးချုပ်တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲမြို့နယ်မဲဆန္ဒနယ် (၂) မှာ ထောက်ခံမဲ ၇၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ မဲအပြတ်အသတ်အနိုင်ရရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။  “ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကယားပြည်နယ်၊ မယ်စဲ့ မြို့နယ်လေးမှာတော့ အနီရောင် အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ပါပြီ။ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှာတော့ (ကြိုတင်ဆန္ဒမဲနှင့် ဆန္ဒမဲများ) တွင် ခိုင်လုံမဲ ရရှိမှုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် ကျွန်တော့အတွက် ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။”  လို့  ရေးသားဖော်ပြထားပါတယ်။  ဒါ့အပြင် အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်ပြီး ပေးအပ်လာတဲ့ တာဝန်အပေါ်မှာ တာဝန်ကျေပွန်သည်ထက် ကျေပွန်အောင် စေတနာ၊ မေတ္တာ အပြည့်နဲ့ ထမ်းရွက်သွားပါ့မယ်လို့ လည်း ကတိပြုရေးသားထားပါတယ်။ မနေ့က ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဒီနေ့နေ့ခင်းအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာတာ တခုမှာ မရှိသေးပါဘူး။ မြေပြင်အခြေအနေမှာ လေ့လာတွေ့ရရှိတဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်က ကယားပြည်နယ် ၇ မြို့နယ်ထဲက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းနဲ့ မယ်စဲမြို့နယ်တွေမှာ အနိုင်ရရှိထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကတော့ မယ်စဲမြို့နယ်မှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားပါတယ်။  ဖရူဆိုမြို့နယ်မှာကတော့ ဒေသအခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက အနိုင်ရရှိပြီး ဘောလခဲမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားပါတယ်။ ရှားတောမြို့နယ်မှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက  ၁ နေရာ အနိုင်ရရှိထားပါတယ်။  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှားတောမြို့နယ် ပြည်နယ်မဲဆန္ဒနယ် ၂ မှာ တပ်မတော်ရဲ့ ကြိုတင်မဲနဲ့  ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။  ဒါကြောင့် ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာမှာ အန်အယ်လ်ဒီပါတီက နေရာ ၂၀၊  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၈ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက ၆ နေရာ အသီသီး အနိုင်ရရှိထားပါတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့ကတော့ အန်အယ်လ်ဒီက ၈ ဦး၊ ကြံ့ခိုင်ရေးပါတီက ၃  ဦးနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၃ ဦး ပြည်နယ်လွှတ်တော်ကို ရောက်ရှိလာကြမှာဖြစ်ပါတယ်။  ဒီထဲမှာ အရင်လွှတ်တော်သက်တမ်း ၂ ဆက်က ကယားပြည်နယ်လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ်မပါဝင်ခဲ့ပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့  အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး အနိုင်ရထားပါတယ်။  
3 months Ago

October 20, 2020

ကယားဝန်ကြီးချုပ်ဟောင်းအမှု အောက်တိုဘာ ၂၇ ရက်နေ့ ခုံရုံး ဆုံးဖြတ်မည်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း  ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော်သမ္မတမှ တဆင့် တင်သွင်းထားတဲ့ တင်သွင်းလွှာအမှတ် ၁/၂၀၂၀ နဲ့ပတ်သက်ပြီး လာမယ့်အောက်တိုဘာ ၂၇ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်မယ်လို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာပါတယ်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)နှင့် (ဂ)တို့အား အနက်အဓိပ္ပာယ်ဖွင့်ဆို ပေးပါရန်" နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာတဲ့ တင်သွင်းလွှာအမှတ် (၁/၂၀၂၀) နဲ့ပတ်သက်ပြီးလို့ ခုံရုံးနည်းဥပဒေ ၁၉ အရ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မယ့်နေ့ရက်နဲ့ အချိန်ကို  ခုံရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာပါ။ ဒါ့အပြင် ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ  လိပ်မူပြီးလည်း  အောက်တိုဘာ ၂၇ ရက်နေ့ အင်္ဂါနေ့ နံနက် ၁၀ နာရီအချိန်မှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်မှာ ဖြစ်ကြောင်း ခုံရုံးက အကြောင်းအကြားစာ ပေးပို့ထားပါတယ်။  ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အောက်တိုဘာ ၆ ရက် ဒီနေ့မနက်က   အွန်လိုင်းကနေ ကြားနာ စစ်ဆေးခဲ့ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး  ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ) နဲ့ (ဂ) တို့ကို အနက်အဓိပ္ပါယ်ဖွင့်ပေးဖို့ တင်သွင်းထားတဲ့အပေါ်  ကြားနာတာဖြစ်ပါတယ်။ ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ နဲ့ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်တဲ့အတွက် သူဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့် ရှိသူဟုတ်မဟုတ် ကြားနာခဲ့ပါတယ်။  ဒါ့အပြင် စွပ်စွဲပြစ်တင်သူ ၅ ဦး ထဲက ဦးသိန်းအောင် (ခ) ဦးစဲရယ် နုတ်ထွက်သွားတဲ့အတွက် လွတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနည်းဆုံး လေးပုံတပုံ ပြည့်ခြင်းမရှိတော့တဲ့ အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ)ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိ/မရှိ ကို ကြားနာခဲ့ပါတယ်။  ဦးအယ်ဖောင်းရှိုအပေါ် စွပ်စွဲ ပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာမှာ စွပ်စွဲပြစ်တင်ရာမှာ ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကို ထည့်သွင်းဖွဲ့စည်းထားတာဟာလည်း ပုဒ်မ ၂၆၃ (ဂ) အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိမရှိ အပြန်အလှန်ကြားနာခဲ့ပြီး လာမယ့်အောက်တိုဘာ ၂၇ မှာ အပြီးသတ် ဆုံး ဖြတ်ချက်ချမှာဖြစ်ပါတယ်။ 
3 months Ago
More News
Up