ဦးဟင်နရီဗန်ထီးယူ

November 10, 2020

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအနိုင်ရကြောင်း ကော်မရှင်အတည်ပြုထုတ်ပြန်

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်ညမှာ တရားဝင်အတည်ပြုထုတ်ပြန်လိုက်ပါတယ်။   ဦးဟင်နရီဗန်ထီးယူဟာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ်  ချင်းပြည်နယ် အမှတ် (၁၀) ကနေဝင်ရောက်ယှဉ်ပြိုင်ရာမှာ ခိုင်လုံမဲ အရေအတွက် ၁၅၄၉၂ မဲ ရာခိုင်နှုန်းအားဖြင့် ၅၇ ဒသမ ၉၁ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက်တွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အလားတူ ချင်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၁) မှာလည်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးဟန်ခန့်လျန်း၊ အမှတ် (၂) မှာ အန်အယ်လ်ဒီက ဦးထန်ဒိုးကျင့်၊ အမှတ် (၆) မှာ အန်အယ်လ်ဒီက ငိုင်းတမ်မောင်း၊ အမှတ် (၁၁) မှာအန်အယ်လ်ဒီက ဒေါက်တာ အေးအေးငွန် နဲ့ အမှတ် (၁၂) မှာ အန်အယ်လ်ဒီက  ဦးငွန်ဝုန်းတို့ အနိုင်ရပါတယ်။ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် မဲရလဒ်တွေမှာတော့ တီးတိန်မြို့နယ် အန်အယ်ဒီ ကိုယ်စားလှယ်လောင်း ဦးပြောင်ဆွင်းမုန်က မဲအများစုနဲ့ အနိုင်ရပြီး ထန်တလန်မြို့နယ်မှာ အန်အယ်လ်ဒီက ဦးစီဇာကျုံး၊ ဟားခါးမြို့နယ်မှာ အန်အယ်လ်ဒီက ဦးတီလ်လိန်း၊ မင်းတပ်မြို့နယ်မှာ အန်အယ်လ်ဒီက  ဦးနေလင်းအောင်တို့ အသီးအနိုင်ရပါတယ်။ ချင်းပြည်နယ်လွှတ်တော်မှာတော့ တီးတိန်မဲဆန္ဒနယ် (၁) မှာ အန်အယ်လ်ဒီက ဦးထန်သွင်းပေါင် ၊ အမှတ် (၂) မှာ အန်အယ်လ်ဒီက  ဦးမန်ဟင်းဒါးလ် ၊ ထန်တလန် မဲဆန္ဒနယ်  (၁) မှာ အန်အယ်လ်ဒီက  ဦးချန်ဟမ်း၊ ထန်တလန် မဲဆန္ဒနယ် (၂)မှာ အန်အယ်လ်ဒီက  ဒေါ်နီရွှေလျန်၊  ဟားခါး မဲဆန္ဒနယ် (၁)မှာ အန်အယ်လ်ဒီက  ဦးထန်ကျုံး (ခ) ဆန်နီဇာဟိုး၊ ဟားခါး မဲဆန္ဒနယ် (၂) မှာတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရှန်မန်း၊ မင်းတပ်မဲဆန္ဒနယ် (၁) မှာ အန်အယ်လ်ဒီက  ဦးထန်းချွမ်ဖေ၊  မင်းတပ်မဲဆန္ဒနယ် (၂ )မှာ အန်အယ်လ်ဒီက  ဦးဟုန်းနိုင်းတို့ အသီးသီးအနိုင်ရပါတယ်။  ပြည်နယ်ရေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအုပ်နောလ်က “မင်းတပ်မှာ ၄ နေရာလုံး အတည်ပြုနိုင်ပြီ။ ဟားခါးမှာတော့ အမျိုးသားလွှတ်တော် ၂ နေရာအတွက်ပဲ အတည်ပြုလို့ရသေးတယ်။ အားလုံးက အန်အယ်လ်ဒီကပါ။ ပြည်ထောင်စုကိုလည်း ပို့လိုက်ပါပြီ” လို့ ပြောပါတယ်။ မင်းတပ်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ နေရာ၊ ဟားခါးမြို့နယ်ရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နဲ့ ၂ တို့အတွက် အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ တွန်းဇံမြို့နယ်မှာတော့  မနေ့က မဲရလဒ်တွေ စာရင်းသွင်းရာမှာ လက်ရှိပြည်နယ်လူမှုရေးဝန်ကြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်နဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်တို့အတွက် မဲရလဒ်ဟာ မဲပေးခွင့်ရှိသူအရေအတွက်ထက် ၄၆၀၀ ကျော်ပိုနေခဲ့ပါတယ်။ ဒါဟာ စာရင်း ၂ ကြိမ် သွင်းမိတာတွေကြောင့် ဖြစ်သွားပြီး ပြန်ပြင်ဆင်ထားပြီလို့ ပြည်နယ်ရေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
6 months Ago

November 9, 2019

၂ဝ၃ဝ မတိုင်မီ အာဆီယံကျေးရွာအားလုံး ဆင်းရဲမှုမှလွတ်ကင်းရေး ဝိုင်းလုပ်ကြရန် ဒုသမ္မတ တိုက်တွန်း

၂ဝ၃ဝ မတိုင်မီ အာဆီယံကျေးရွာအားလုံး ဆင်းရဲမှုမှ လွတ်ကင်းဖွံ့ဖြိုးရေး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ အာဆီယံဝန်ကြီးတွေကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက  တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော် Horizon Lake View Resort Hotel မှာ နိုဝင်ဘာ ၈ ရက်က ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ ဒုတိယသမ္မတက တိုက်တွန်းခဲ့တာပါ။ “အာဆီယံဒေသတွင်းရှိ ကျေးလက်ဒေသများ အမြန်ဖွံ့ဖြိုးလာစေမည့်၊ ဆင်းရဲမှုနှုန်းကို တနှစ်ထက် တနှစ် သိသိသာသာ လျှော့ချ လာနိုင်စေမည့် အကြံဉာဏ်ကောင်းများ၊ မိမိတို့နိုင်ငံများ၏ အောင်မြင်မှု အတွေ့အကြုံများနှင့်အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အားတက်သရော ဆွေးနွေး မျှဝေပေးကြရန်” မေတ္တာရပ်ခံတိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အခုကျင်းနေတဲ့အစည်းအဝေးတွေကို “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အောင်မြင်ရေး၊ တုံ့ပြန် စွမ်းအားကောင်းသော ရပ်ရွာများထူထောင်ပေး” ဆောင်ပုဒ်နဲ့ကျင်းပနေတာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးကဏ္ဍ နဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်တွေ ပြည့်မီရန် အာဆီယံရဲ့ အားထုတ်မှုတွေကို အားဖြည့်ပေးဖို့ ရည်ရွယ်တယ်လို့ ဒုသမ္မတက ဆိုပါတယ်။ ဒါ့အပြင် အခုအစည်းအဝေးတွေက ရလာတဲ့ ရလဒ်တွေဟာ လုပ်ငန်းများ အောင်မြင် ထိရောက်ရေးကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်တဲ့အတွက် ၂ဝ၃ဝ ပြည့်နှစ်မတိုင်မီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရှိ ကျေးရွာများအားလုံး ဆင်းရဲမှုမှ လွတ်ကင်းဖွံ့ဖြိုးလာဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကြိုးစားအားထုတ်ကြဖို့ ဒုသမ္မတ တိုက်တွန်းခဲ့ပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးနယ်ပယ်မှာ ပုဂ္ဂလိကကဏ္ဍပါဝင်လာအောင် ဆွဲဆောင်စည်းရုံးပြီး အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ ပုဂ္ဂလိကနဲ့ ကျေးလက်လူ့အဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ၂ နှစ် တစ်ကြိမ်၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၁ နှစ် တကြိမ် အဖွဲ့ဝင်နိုင်ငံတွေမှာ အလှည့်ကျကျင်းပနေတာပါ။ အခုကျင်းပနေတဲ့အစည်းအဝေးဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ သူရဦးအောင်ကို၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ဒုတိယ ဝန်ကြီး ဦးလှကျော်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊သံတမန်တွေ၊ အာဆီယံနိုင်ငံ များမှ အဆင့်မြင့်အရာရှိကြီးတွေ၊ အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက ကိုယ်စားလှယ်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
1 year Ago
Up