ဦးဝင်းထိန်

June 11, 2021

ဦးဝင်းထိန်အမှု တရားလိုသက်သေများကို လက်ခံကြောင်းတရားရုံးက ကြားဖြတ်အမိန့်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အမှုမှာ တရားလိုသက်သေတွေကို လက်ခံကြောင်း တရားရုံးက ကြားဖြတ်အမိန့်ချမှတ်လိုက်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲခံထားရတဲ့ ဦးဝင်းထိန်အမှုကို ဇွန်လ ၁၁ ရက် ဒီနေ့မှာ ရုံးချိန်းခေါ်ခဲ့ပြီး တရားလိုတင်သွင်းတဲ့သက်သေတွေကိုလက်ခံကြောင်း နေပြည်တော် အချုပ်ထောင်သီးသန့်တရားရုံးက ကြားဖြတ်အမိန့်ချလိုက်တယ်လို့ ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ 

ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။ တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်ရဲ့ ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြပါတယ်။

ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက “အရင်ရုံးချိန်းတုန်းက ကျမတို့ကို လျှောက်လဲချက်ပေးခိုင်းတယ်။ တရားလိုက သက်သေခံတွေအဖြစ် တင်သွင်းတဲ့ စာရွက်စာတမ်းတွေကို ကျမတို့က ကန့်ကွက်တဲ့အတွက် လျှောက်လဲချက်ပေးရတာပေါ့။ သက်သေခံအဖြစ် လက်မခံသင့်ကြောင်း လျှောက်လဲချက်နဲ့ ဥပဒေအရာရှိတွေဘက်ကတော့ ဘာကြောင့်သက်သေခံအဖြစ် လက်ခံသင့်လဲဆိုတဲ့ လျှောက်လဲချက်ကိုတင်သွင်းရတာပါ။ အဲ့ဒီအပေါ်မှာ ဒီနေ့အမိန့်ချပါတယ်။ အမိန့်ချပြီးတော့ တရားလိုကိုဆက်ပြီးစစ်ပါတယ်။ ချတဲ့အမိန့်ကတော့ သူတို့တင်သွင်းတဲ့စာရွက်စာတမ်းတွေကို သက်သေခံအဖြစ်လက်ခံတယ်ဆိုတဲ့အမိန့်ချတာပါ။ အမှုကတော့ တရားရုံးထုံးစံအတိုင်းသွားတာပါ။ အမှုကတော့ ဆက်သွားမှာပါ။ ဒီနေ့ချတာကတော့ ကြားဖြတ် အမိန့်ပေါ့။”လို့ ပြောပါတယ်။

ဦးဝင်းထိန်ကို မေလ ၁၄ ရက်နေ့မှာ ပထမဆုံးအကြိမ်လူကိုယ်တိုင်ရုံးချိန်းခေါ်ခဲ့တာဖြစ်ပြီး ဦးဝင်းထိန်က မှတ်ချက်တစုံတရာမပေးခဲ့ဘဲ ဥပဒေအတိုင်းဆောင်ရွက်ကြဖို့ ရှေ့နေတွေကို ပြောဆိုခဲ့ပါတယ်။

ဦးဝင်းထိန်ကို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ဆိုးဆိုးရွားရွား ကျန်းမာရေးထိခိုက်တာမရှိပေမယ့် အသက်အရွယ်အရ ထောင်ထဲမှာနေရတာ အခက်အခဲရှိတယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။

“နောက်ရုံးချိန်းမှာက တရားလိုဆက်စစ်ပါမယ်။ ဒီနေ့တရားရုံးမှာ ဘဘကထိုင်နေရတာကြာတော့ ခြေထောက်က သွေးကျပြီး ယောင်လာတော့ ရုံးချိန်းကို နောက်ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တာပါ။ ဘဘကျန်းမာရေးကတော့ ကောင်းတယ်တဲ့။ ရှစ်ပါးသီလယူပြီး  ဥပုသ်လည်းစောင့်ဖြစ်ပါတယ်တဲ့။ ထောင်မှာနေရတော့ အားလုံးကဂရုတစိုက်ထားတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဘဘအသက်အရွယ်အရ အထဲမှာနဲ့အပြင်မှာနဲ့ တော့ကွာတာပေါ့။”

ဦးဝင်းထိန်အမှုနောက်ရုံးချိန်းကို ဇွန် ၁၈ ရက်နေ့မှာ တရားရုံးကပြန်ခေါ်ထားပြီး တရားလိုတွေကိုဆက်စစ် သွားမှာဖြစ်ပါတယ်။

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ် မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

2 weeks Ago

May 14, 2021

ဦးဝင်းထိန်ကို ထောင်တွင်းအထူးတရားခွင်ပြုလုပ်စစ်ဆေး၊ သေမယ်ဆိုသေရဲသွားပြီဟုပြော

အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ အသက် ၈၀ အရွယ် ဦးဝင်းထိန်က သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ္မဋ္ဌာန်းပွားများနေသူဖြစ်တဲ့အတွက် သေမယ်ဆိုလည်း သေရဲသွားပြီလို့ ပြောကြားခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

ဒီနေ့ မေလ ၁၄ ရက်နေ့က အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားခွင်ပြုလုပ် စစ်ဆေးမှုအပြီး ဦးဝင်းထိန်က သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကို ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ သတင်းဌာနတချိုနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်တွေအရ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ ဦးဝင်းထိန်ဟာ  ဒီကနေ့ တရားခွင်ကျမှ  လူတွေ ရုံးထုတ်စစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။

တရားခွင်အတွင်း တရားလိုဖြစ်တဲ့ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလူက စစ်ကောင်စီရဲ့ အမိန့်ထုတ်ပြန်စာကို သက်သေအဖြစ် တင်သွင်းခဲ့ပေမယ့် ဦးဝင်းထိန်ရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

"တရားလိုဘက်ကနေ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ စကားတွေနဲ့  ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်ကို သက်သေခံအဖြစ်တင်သွင်းတယ်။ အဲ့တာကို ကျမတို့က ကန့်ကွက်တယ်။ ကျမတို့ ကန့် ကွက်ချက်အပေါ်မူတည်ပြီး နောက်ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေကနေပြီး ဥပဒေအကျိုးဆောင်တွေနဲ့ ကျမတို့ကနေပြီး လျှောက်လဲချက် ကျယ်ကျယ်ပြန့်ပြန့်ကို ကြားနာဖို့ကို နောက်ရုံးချိန်းကို ချိန်းလိုက်ပါတယ်။ တရားလိုစစ်တာ မပြီးသေးပါဘူး။ တရားလိုစစ်နေရင်းနဲ့မှ သက်သေတင်သွင်းတာကို ကျမတို့ကန့်ကွက်တဲ့အပေါ် လျှောက်လဲချက်ကို ကြားနာဖို့ဆိုပြီးနောက်ရုံးချိန်းကို ချိန်းတာပါရှင့်" လို့ ဦးဝင်းထိန်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဦးဝင်းထိန်အနေနဲ့ နေပြည်တော်အချုပ်ထောင်အတွင်း ကောင်းမွန်စွာနေရပြီး အစစအရာရာ အဆင်ပြေပါတယ်လို့လည်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးနောက်တစ်ကြိမ်ရုံးချိန်းကိုတော့ မေလ ၂၈ ရက်ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

1 month Ago
More News
Up