ဦးဝင်းခိုင်ဦး

November 3, 2020

ဦးဝီရသူကို အင်းစိန်ထောင်သို့ ပို့ဆောင်  

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့  တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူ (ခ) ဦးဝင်းခိုင်ဦးကို တရားရုံးမှာ ချုပ်ရက် ရမန်ယူပြီး ဒီနေ့မှာပဲ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပါတယ်။ ဦးဝီရသူဟာ နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။ ဒီနေ့မှာတော့ အနောက်ပိုင်းခရိုင်တရားရုံးမှာ  Video Conferencing စနစ်နဲ့ ရမန်ယူခဲ့တာဖြစ်တယ်လို့ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းကပြောပါတယ်။ ဦးဝီရသူကို ရုံးမထုတ်ခဲ့ပေမယ့် သံဃာနဲ့ လူပုဂ္ဂိုလ် သုံးဆယ်ကျော်လောက်က အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ လာရောက်ဝန်းရံခဲ့ကြပါတယ်။ ဦးဝီရသူဟာ  နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်အကြီးအကဲတွေအပေါ် အကြည်အညိုပျက်စေတဲ့ ဟောပြောမှုတွေကြောင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ဝရမ်းပြေးအဖြစ်  တစ်နှစ်ခွဲကျော်ကြာ တိမ်းရှောင်နေခဲ့တာပါ။ သူတိမ်းရှောင်နေတုန်းမှာ ဘယ်သူတွေက လက်ခံထားပြီး ဘယ်နေရာမှာနေခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ လက်ခံထားသူတွေကို အရေးယူဖို့ရှိမရှိ မေးမြန်းရာမှာတော့ ရုံးထုတ်စစ်ဆေးတဲ့ကိစ္စတွေကိုပဲ ဖြေဆိုနိုင်မယ်လို့ တရားရုံးဘက်ကပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးသွားမယ်လို့ဆိုပါတယ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဟာ  အမြင့်ဆုံးထောင်ဒဏ် တစ်သက်တကျွန်းအထိ ချမှတ်နိုင်တဲ့ အမှုဖြစ်ပါတယ်။ သတင်း- ထက်ဝေအောင်
1 year Ago
Up