ဦးလှချစ်

August 21, 2021

“အာဏာဖီဆန်တာ တရားတယ်” - ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှချစ်

ကျနော့်ဘဝမှာ နိုင်ငံရေးသမားများစွာ ကြုံတွေ့ဖူးပါတယ်။ လက်ဝဲအယူအဆရှိတဲ့ နိုင်ငံရေးသမားများ၊ မာ့က်စ်ဝါဒီကြီးတွေ၊ လစ်ဘရယ်ဝါဒီ၊ လူမျိုးစုအမျိုးသားရေး လွတ်မြောက်ရေးဝါဒီတွေ၊ ဖီမန်နင်ဇင်ကျားမတန်းတူရေးဝါဒီတွေ၊ သခင် သခင်မ အမည်ယူထားတဲ့ တို့ဗမာအစည်းအရုံးဝင်ဝံသာနုတွေ အစုံစုံအလင်လင်ပါပဲ။ အမှတ်တရ ဖြစ်ရတဲ့အထဲမှာ ‘ဦးလှချစ်’ လို့ ခေါ်တဲ့ ပြည်မြို့က ဝါရင့်နိုင်ငံရေးသမားကြီး တစ်ယောက်လည်း အပါအဝင်။ 

သူက ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ (အောင်သာPPP) တို့နဲ့ ခေတ်ပြိုင် ဝါရင့်နိုင်ငံရေးသမား တစ်ဦးပါ။ မှတ်မှတ်ရရ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ထိုင်း-မြန်မာ နယ်စပ်ကနေ ပြန်ရောက်လာပြီး လယ်ယာမြေ သိမ်းဆည်းခံရလို့ ပူဆွေးသောကရောက်နေတဲ့ မြေသိမ်းခံ တောင်သူလယ်သမား မိဘပြည်သူလူထုကို ကူညီဖို့ တက်ကြွလှုပ်ရှားသူအဖြစ် ဗကသအနေနဲ့ ရန်ကုန်မြို့က မိုင် ၁၈၀ အကွာမှာ တည်ရှိတဲ့ သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာဆီ  ပြည်မြို့က မဇင်မာဝင်းနဲ့ ရန်ကုန်မြို့ကတဆင့် သွားရောက်ခဲ့ပါတယ်။ မဇင်မာဝင်းကနေမှ ပြည်မြို့က ဘော်ဒါဆောင်ဖွင့်ထားတဲ့ စာပေချစ်မြတ်နိုးတဲ့ ကျောင်းဆရာ ဆရာဦးဖုန်း(Tri stars) နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ ဆရာဖုန်း ပို့ဆောင်တာကြောင့် ပြည်မြို့ ရွှေဟင်္သာရပ်ကွက် ဘုန်းတော်ကြီး ကျောင်းအနီးမှာရှိတဲ့ အိမ်ငယ်လေးတလုံးဆီ ရောက်ခဲ့ပါတယ်။ 

ကျနော်တို့ ရောက်တာနဲ့ ပက်လက်ကုလားထိုင်ကနေ အိမ်ထဲဝင်လာတာကို သူ စိုက်ကြည့်နေတယ်။ ဆရာဖုန်းက ဗကသကျောင်းသားပါ တောင်ငူဘက်ကလို့ မိတ်ဆက်ပေးတော့ သူက ဘယ်ကရလာမှန်းမသိတဲ့ ခွန်အားတွေနဲ့ ငေါက်ခနဲ ထထိုင်ပါတယ်။ ကျနော် အစောက မြင်တွေ့လိုက်တဲ့ ပက်လက်ကုလားထိုင်မှာ အားအင်ချည့်နဲ့စွာ မောဟိုက်စွာ နားနေတဲ့ အဘိုးအိုတစ်ဦးက တခြားလူတယောက်များ ဖြစ်သွားလား၊ ၁၀ နှစ်လောက် ငယ်ရွယ်နုပျိုသွားလား ထင်မိရအောင် တက်ကြွလာပါတယ်။ 

ဦးလှချစ်က သူရဲ့ကျောင်းသားလှုပ်ရှားမှုအကြောင်းကို စပြီး ပြောပြပါတယ်။ သူက ပြည်မြို့တဘကမ်း ကျေးရွာငယ်လေးမှာ မွေးဖွားပြီး ပညာလိုချင်တာကြောင့် ပြည်မြို့က ဦးလေး အိမ်မှာနေပြီး စာသင်ကြားကြောင်း ပြောပြပါတယ်။ သူ ပညာသင်ကြားတဲ့ခေတ်ကာလမှာ ဖဆပလရဲ့ အကွဲအပြဲအက်ကြောင်း၊ တိုင်းပြည်တွင်း မတည်ငြိမ်တဲ့ ပြည်တွင်းစစ် နိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံရေးက သူ့ကို ခလုတ်လာတိုက်မိပါတယ်။ ပြည်မြို့က ကျောင်းသားသမဂ္ဂက အစ်ကိုကြီးတွေနဲ့ ခင်မင်ခွင့်ရခဲ့ပြီး ကျောင်းသားသပိတ်တစ်ခုမှာ ပြည်မြို့ ကိန်းဘုရားမှာ သပိတ်စခန်းဖွင့်ပြီး  ချီတက်ဟောပြောကြရာ ဗမာပြည်မှာ အုပ်စိုးနေတဲ့ ဦးနု၊ ကျော်ငြိမ်းတို့ရဲ့ ကျွန်ပညာရေးစနစ်ကို နောင်တော် ကိုစိန်ထွန်း ဟောပြောမှုက သူ့ကို ဘဝတဆစ်ချိုး ပြောင်းခဲ့ပါတယ်။ 

သပိတ်မှောက်တာကြောင့်ပဲ သမဂ္ဂဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေကို ကျောင်းက ထုတ်ပယ်တာကို ကျောင်းသားထုနဲ့အတူ သူလည်း မခံမရပ်နိုင်ဖြစ်ခဲ့တာကြောင့် ကျောင်းသားခေါင်းဆောင်တွေကို ကျောင်းထုတ်တာကို ပယ်ဖျက်ဖို့  ကျောင်းသားလှုပ်ရှားမှုထဲမှာ ၁၉၅၆ ခုနစ်မှာ စတင်ရောက်ရှိလာခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂမှာ စည်ရုံးရေးမှူး၊ ပြန်ကြားရေး စတဲ့ တာဝန်တွေ ထမ်းဆောင်ပြီး အတွင်းရေးမှူးတာဝန်ထိ ထမ်းဆောင်ခဲ့ကြောင်း ပြောပြပါတယ်။ ၁၉၅၆ ခုနစ်မှာ ဝန်ကြီးချုပ်ဦးနု နိုင်ငံရေးခရီးသွားတာကို အကြောင်းပြုပြီး ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့က ညီလာခံကျင်းပပြီး ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းခဲ့တယ်၊ အတိုက်အခံဆိုရှယ်နီ ပမညတကို လည်း ဖမ်းဆီးနှိပ်ကွပ်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

အဲဒီနောက် ၁၉၅၈ မှာ ၂ နှစ်ခန့် အာဏာသိမ်းပွဲကျင်းပပြီး ၁၉၆၀ မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပေမဲ့ ၁၉၆၂ ခုနစ်မှာ အပြီးတိုင်အာဏာသိမ်းလိုက်ကြောင်း သမိုင်းကြောင်းကို ပြောပြလာပါတယ်။ ၁၉၆၂ ခုနစ် မတ်လ ၂ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းတာကို အကြောင်းပြုပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး 7July ကျောင်းသားအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။

7July ကျောင်းသားအရေးတော်ပုံမှာ ပြည်ခရိုင်အနှံ့ လှည့်လည်စည်းရုံးဟောပြောပြီး သပိတ်မှောက်တာကြောင့် မှီခိုနေထိုင်ရတဲ့ ဦးလေးက နိုင်ငံရေးလုပ်ရင် အိမ်ပေါ်ကဆင်းဖို့ နှင်ချခံရကြောင်း ဦးလှချစ်က ရယ်ရယ်မောမော ပြောပြခဲ့တာ အမှတ်တရပါပဲ။ 

သူရဲ့ ယုံကြည်တာကို မစွန့်လွှတ်နိုင်လို့ အိမ်ပေါ်ကဆင်းပြီး ပြည်မြို့ဘူတာကြီးရဲ့ ပလက်ဖောင်း အိမ်အသစ်ကိုပြောင်းပြီး နိုင်ငံရေး ဆက်လုပ်ခဲ့တယ်လို့ ပြောပြတာကို ကျနော်စိတ်ထဲ ဝမ်းနည်းတာရော လေးစားတာရော ရောယှက်ခံစားမိပါတယ်။ 

7July ကျောင်းသားအရေးတော်ပုံကို ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းတာကြောင့် ကျောင်းသားရာချီအသတ်ခံရပြီး ရန်ကုန်တက္ကသိုလ်ထဲက သမဂ္ဂအဆောက်အဦလည်း ဖြိုခွဲခံခဲ့ရပါတယ်။ 7July နေ့တိုင်း ကျဆုံးသွားတဲ့ ကျောင်းသား အစ်ကိုကြီး၊ အစ်မကြီးတွေကို ရည်စူးပြီး ဘုရားမှာ နှစ်တိုင်းချီတက် ဆုတောင်းပေးတာပဲလို့ သူက ဆက်ပြောပြပါတယ်။ မှတ်မှတ်ရရ သူ ရှောင်တိမ်းရတဲ့ အကြောင်းလည်း ပြောပါပါတယ်။ 

ပြည်ကနေ ရန်ကုန်ရထားကို ခိုးစီးပြီး လက်ပံတန်းဘူတာမှာ ဆင်းခဲ့ကြောင်း ပေးစရာ ပိုက်ဆံလည်း မရှိဘူးလို့ ရယ်ရယ်မောမော ပြောပြပါတယ်။ လက်ပံတန်းက သာရဝေါကို ဆက်သွားခဲ့ပြီး သာရဝေါကနေ စက်လှေစီးကာ ဟင်္သာတမှာရှိတဲ့ ပြည်မြို့က ကိုကိုးကျွန်းပြန် အစ်ကိုကြီးဦးချိုဆီ သွားခဲ့တယ်။ တလလောက်နေမှ ဇာတိကျေးရွာ ရွှေဝါမြေကို သွားရောက် တိမ်းရှောင်နေတယ်။

၁၉၆၈ ရောက်မှ သူ့ကို စစ်အာဏာသိမ်း မဆလအစိုးရက ဖမ်းဆီးပြီး ပြည်ထောင်စုကို ပို့တော့တာပဲ။ ပြည်ထောင်စုဆိုတာ ပြည်ထောင်ကို ပြောတာလို့ ရယ်ပြီး ပြောပြတယ်။ ပြည်ထောင်မှာ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ တောခိုတော်လှန်ရေးသမားတွေ စုံလို့လို့ ပြောပြခဲ့တာ အမှတ်ရနေမိပါတယ်။ ပြည်ထောင် ရောက်ပြီး တနှစ်လောက်အကြာမှာတော့ ထောင်တွင်းမှာ တချို့ဆို ဝဲတွေ စွဲလာတယ်၊ ကျွေးတော့ မစားရဝခမန်းနဲ့ ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းတွေက အဆင့်ဆင့် ဖြတ်စားလျှပ်စား လုပ်တာမို့ အကျဉ်းသားတွေရဲ့ ဘဝက ပိုခါးသီးလာတယ်။ အဲဒါကြောင့် ၁၉၆၈ သြဂုတ်လ ၂၆ ရက်နေ့မှာ ကျနော်တို့ စဆူတယ်၊ ၂၈ ရက်နေ့ရောက်မှ အကြီးအကျယ် ဆူပူတာပေါ့။ ထောင်ထဲကို သေနတ်နဲ့ပစ်ခတ်လို့ ခေါင်းမှန်လို့ သေတဲ့ လူက သေ၊ ခြေထောက်၊ လက် ထိလို့ ဒုက္ခိတဖြစ်တဲ့လူက ဖြစ်ကုန်တယ်။

ထောင်ဆူတာကို မန္တလေးတက္ကသိုလ်က ကိုတင်ဝင်း၊ ကျနော်ရယ်၊ ကိုတင်လှိုင်ရယ်၊ ပြည်က ကျနော်ရယ်၊ အစ်ကိုကြီးရှိတ်၊ မောင်မြ၊ ရဲဝင်း ဆိုပြီး ထောင်ဆူပူမှု ခေါင်းဆောင်တွေလို့ ကင်ပွန်းတပ်လိုက်တာပဲ။ ကျနော်တို့ကို ထောင်ဆူပူမှုပုဒ်မတွေနဲ့ ထပ်တိုး တစ်နှစ် ထပ်ချပြီး ဗဟိုအကျဉ်းထောင်အင်းစိန်ကို ပို့လိုက်တာလို့ ပြန်ပြောင်းပြောပြလာပါတယ်။ အင်းစိန်ထောင်ထဲက တွဲဖက်တိုက် အခန်း ၁၂ ခန်းမှာ အခန်း ၄ မှာ ကျနော်တို့ကို ထားတယ်။ မကြာပါဘူး၊ သရက်ထောင်က ကိုငွေကိုင်တို့၊ ကိုသောကြာတို့ ပြောင်းလာတယ်။ အမှတ်ရတာကတော့ ဝါရင့်နိုင်ငံရေးသမားကြီး ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်တို့နဲ့ တွေ့ဆုံခဲ့ရတယ် ၁၉၇၀ ပြည်ထောင်စုနေ့မှာ လွတ်ငြိမ်းချမ်းသာနဲ့ ကျနော်တို့ လွတ်ခဲ့တာပေါ့။ ထောင်ကလွတ်ပြီး မခင်စမ်းနဲ့ အိမ်ထောင်တွေ ဘာတွေ ကျတာပေါ့။ ၁၉၈၈ အရေးတော်ပုံဖြစ်တော့တို့လည်း မနေသာတော့ ဘယ်နားက နေရနေရ ကျောင်းသားလေးတွေကို တွန်းတင်ပြီး ပါဝင်ခဲ့တာပဲ။ 

၁၉၉၀ မှာ ပါတီတွေ ထောင်ကျတော့ NLDကို သိပ်မဘောကျဘူး၊ အဓိကက ism ၊ ideology မတူတာပါ။ တို့က မာ့က်စ်ဝါဒတို့ လူတန်းစားတိုက်ပွဲတို့ ယုံကြည်တာကြောင့် အစ်ကိုကြီးကိုလှရွှေ၊ ဆရာဦးခင်မောင်မြင့်တို့ ပြည်သူ့တိုးတက်ရေးပါတီ ထူထောင်မှ ပါတီဝင်ခဲ့တယ်။ ဆရာဦးခင်မောင်မြင့်က ဥက္ကဋ္ဌ၊ အစ်ကိုကြီးကိုလှရွှေက အတွင်းရေးမှူး၊ သူတို့ ဦးဆောင်မှုအောက်မှာ ကျနော်က စည်းရုံးရေးမှူး တာဝန်ယူခဲ့တယ်။ ၁၉၉၀ ပြည့်နှစ်ထဲပဲ ပြည်သူ့တိုးတက်ရေးပါတီကို စစ်အစိုးရက ဖျက်သိမ်းပြီး ပါတီခေါင်းဆောင်တွေ အဖမ်းခံရတော့ ကျနော်လည်း အဖမ်းခံရတယ်။ ၁၉၉၃ လောက်မှာ ပြန်လွတ်လာတယ်။ ထောင်ထဲက ဒဏ်တွေကြောင့်ပဲ ကျန်းမာရေးက ချူချာလာပြီး လမ်းမလျှောက်နိုင်တော့ဘူး။ အတွဲရှိမှ လျှောက်နိုင်တော့တယ်လို့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှချစ်က ပြောပြပြီး အိမ်အပြင်ဘက်က အဝေးတစ်နေရာ ကြည့်နေတယ်။

ကျနော်လည်း ကိုယ်မသိတဲ့ သမိုင်းမှန်ကူကွက်တွေ ဖြစ်ရပ်တွေက ကျနော်ကို အတွေးနယ်ချဲ့စေခဲ့တယ်။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ အသက်နဲ့ ခန္ဓာပေးဆပ်ပြီး သူတို့ ယုံကြည်တာကို ကိုင်စွဲထားတဲ့ အမေ့အလျော့ခံနိုင်ငံရေးသမားတွေ ဒုနဲ့ဒေး ရှိနေတာပဲ။ ပြည်မြို့ရောက်တိုင်း ဘဘဦးလှချစ်ဆီ ရောက်ဖြစ်ပြီး သူရဲ့ ဘဝကောက်ကြောင်းတွေ နားထောင်မိခဲ့ပါတယ်။

ပြည်မြို့မှာ ကျင်းပတတ်တဲ့ 7July အခမ်းအနား၊ ၁၉၈၈ အောက်မေ့ဘွယ် အခမ်းအနားတွေကို လူအကူညီနဲ့ ရောက်အောင်လာတတ်တဲ့ ဘဘဦးလှချစ်တယောက် ၂၀၂၁ ခုနစ် ဇူလိုင်  ၂၇ ရက်နေ့မှာ သူ ချစ်တဲ့ တိုင်းပြည်နဲ့ လူထုကို နှုတ်ဆက်ထွက်ခွာသွားတာကို ကျနော် အဝေးတစ်နေရာကနေ ဝမ်းနည်းနေမိပြီး သူ ယုံကြည်တဲ့ ပန်းတိုင်ကို ရောက်အောင် ချီတက်သွားရမည်လို့ သန္နိဋ္ဌာန်ချမိပါတယ်။

၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်မင်းအောင်လှိုင်က တိုင်းပြည်ကို နောက်တကြိမ် ချောက်ထဲ ဆွဲချခဲ့လို့ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးမှာလည်း အဘဦးလှချစ်တယောက် ပြည်မြို့ရဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုမျိုးသူထွဋ် ပခုံးပေါ်ကနေ သပိတ်စစ်ကြောင်းကို အာဏာဖီဆန်တာ တရားဟောတယ်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ လူငယ်တွေနဲ့ တသားတည်း ရပ်တည်ကြောင်း အသက် ၈၁ နှစ် အရွယ် အဘဦးလှချစ်တစ်ယောက် တမလွန်ဘဝကနေ တော်လှန်ရေးကြီး အောင်ပွဲရ ပြီးဆုံးမယ့်နေ့ကို စောင့်မျှော်နေမှာကို ကျနော် မြင်ယောင်နေမိပါတယ်။

အိုက်နီ (ဖြူး)

3 months Ago
Up