ဦးရဲမင်းဦး

August 30, 2020

ရန်ကုန်တိုင်းတွင် လူစုလူဝေးဖြင့်စည်းရုံးမှုများ မလုပ်တော့ဟု NLD အောင်နိုင်ရေးကော်မတီပြော

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ရန်ကုန်တိုင်းမှာ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးတာတွေ မလုပ်တော့ဘူးလို့ NLD ရန်ကုန်တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦးက ပြောပါတယ်။ နိုင်ငံရေးပါတီတွေဟာ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးခွင့်ရတော့မှာပါ။  ဦးရဲမင်းဦးက “လူစုလူဝေးမလုပ်ရလို့ ညွှန်ကြားထားတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုတော့ လူစုလူဝေးကြီးနဲ့ စင်တွေထိုးပြီးတော့ တရားဟောတာတို့၊ အဆိုတော်တွေနဲ့ ဖျော်ဖြေတာတို့ ဒါမျိုးတွေကတော့ လုပ်လို့ မဖြစ်နိုင်တော့ဘူး၊ တခြားနည်းတွေနဲ့ပဲ မဲဆွယ်စည်းရုံးတာတွေကိုပဲ လုပ်ရမယ်” လို့ ပြောပါတယ်။ NLD အစိုးရအတွက် လက်တလောအချိန်မှာ အကြီးမားဆုံးစိန်ခေါ်မှုက ကိုဗစ်ကူးစက်ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့နဲ့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးဖြစ်တယ်လို့ ဆိုပါတယ်။  “ကျနော်တို့က အခုအချိန်မှာ စိန်ခေါ်မှုက နှစ်ခုပဲ။ တခုက ကိုဗစ်ပျံ့နှံ့မှုကို လူတွေအပေါ်မှာ အများကြီးမဖြစ်ဖို့ ကျနော်တို့နိုင်ငံမှာ ကိုဗစ်ကိုထိန်းချုပ်နိုင်ဖို့၊ ဒါက နံပါတ်တစ်။ နံပါတ်နှစ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး။ အဲဒီနှစ်ခုကို ယှဉ်တွဲပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျနော်တို့ စဉ်းစားရမှာ။ အဲဒီနှစ်ခု တပြိုင်နက်ဆောင်ရွက်နိုင်ဖို့ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို အားလုံးက အတိအကျ လိုက်နာရမယ်” လို့ ဦးရဲမင်းဦးက ပြောပါတယ်။ ဒီနှစ်ချက်စလုံးကို တပြိုင်နက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။ မဲဆွယ်စည်းရုံးရေးလုပ်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုဗစ်-၁၉ ကို အထူးသတိပြုပြီး စည်းကမ်းလိုက်နာဖို့ NLD ပါတီက တိုက်တွန်းထားပါတယ်။ 
10 months Ago

June 5, 2020

ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးရဲမင်းဦး လွှတ်တော်တွင် ကတိသစ္စာပြု

ရန်ကုန်တိုင်း လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအသစ် အဖြစ် ဦးရဲမင်းဦးက ဒီနေ့ ကတိသစ္စာပြုခဲ့ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံဘဏ္ဍာဝန်ကြီးအဖြစ် ဇွန်လ ၃ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးမှာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခန့်အပ်ခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကင်ဆာ ရောဂါနဲ့ကွယ်လွန်ခဲ့တဲ့အတွက် သူ့နေရာကို အစားထိုးဖို့ ဦးရဲမင်းဦးကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇွန်လ ၂ ရက်နေ့ တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အဆိုပြုခဲ့တာပါ။ ဦးရဲမင်းဦးဟာ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌတာဝန်ကို ၂၀၁၉ ဇန်နဝါရီလမှာ စတင်ထမ်းဆောင်ခဲ့ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုဥက္ကဋ္ဌ တာဝန်ကို ၂၀၁၉ ဇွန်လမှာ စတင်ထမ်းဆောင်ခဲ့သူပါ။ ဦးရဲမင်းဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုစီးပွားရေးကော်မတီနဲ့ ပြန်ကြားရေး ကော်မတီတို့မှာ ၂၀၁၃ ခုနှစ်က စတင်ပါဝင်ခဲ့ပါတယ်။ ဘဏ်လုပ်ငန်းကို ကျွမ်းကျင်သူဖြစ်ပြီး ငွေကြေးနဲ့ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍတွေကို လေ့လာသုံးသပ်သူတဦးဖြစ်ပါတယ်။
1 year Ago
Up