ဦးမင်းအောင်

September 17, 2021

ရခိုင်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံနေရတဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ကို စက်တင်ဘာ ၁၇ ရက်နေ့မှာ တောင်ကုတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် ၂ လစီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အမှုကို လိုက်ပါဆောက်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်သိင်္ဂီမောင်က    “သူတို့ကို စွဲထားတာက ၂ မှုပါ၊ ငြိမ်းစုစီ ၁ မှုရယ်၊ ဘေးစီမံ ၁ မှုရယ်ပေါ့။ အဲဒါ ဘေးစီမံအရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ၊ ငြိမ်းစုစီကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ပါ။ အဲဒါဆိုရင် အဲဒီပြစ်ဒဏ် ၂ ခုလုံးကို သီးခြားစီကျခံစေလို့ အမိန့်ချတာဖြစ်တဲ့အတွက် ၂ နှစ်နဲ့  ၂ လ ကျခံရမှာပေါ့။ ဒီလိုအမိန့်မချခင်ကတည်းက ကိုမင်းအောင်ကမှာခဲ့ပါတယ်၊ ဒီမြို့နယ်တရားရုံးကချတဲ့အမိန့်ကို သက်ဆိုင်ရာ အယူခံရုံးအဆင့်ဆင့်ကို ဆက်ပြီးအယူခံတက်ပေးဖို့မှာခဲ့တယ်။ ကျန်မကလည်း ကျမအမှုသည်အတွက် ဆက်ပြီးအယူခံတက်သွားမှာပါ” လို့ ပြောပါတယ်။

ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး တောင်ကုတ်မြို့မရဲစခန်းမှာ ငြိမ်းစုစီ ပုဒ်မ-၁၉နဲ့ ဘေးစီမံ ပုဒ်မ-၂၅ တွေနဲ့ အမှုဖွင့်လှစ် တရားစွဲဆိုခံခဲ့ရတာပါ။

ဝန်ကြီးဟောင်း ဦးမင်းအောင်ဟာ NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ် ဝန်ကြီးဦးအောင်ကျော်ဇံ၊ ဝန်ကြီးဦးကျော်လွင်နဲ့ ဝန်ကြီး ဦးကျော်အေးသိန်းတို့ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ နဲ့အတူ ထပ်မံအမှုဖွင့်ခံထားရတဲ့အတွက် ဆက်လက်အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

1 month Ago

October 18, 2020

လက်နက်အားကိုး အနိုင်အထက်ပြု ဖမ်းဆီးမှုကို လက်မခံဘဲ ဆန့်ကျင်ကြရန် NLD တိုက်တွန်း

လက်နက်ပြ ခြိမ်းခြောက် ဖမ်းဆီးမှုဟာ တရားမျှတမှုမရှိတဲ့ အကြမ်းဖက် ဖမ်းဆီးမှု ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချပြီး လက်နက်အားကိုး အနိုင်အထက်ပြု ဖမ်းဆီးမှုကို လက်မခံဘဲ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဘက်က ရပ်တည်ပြီး ဆန့်ကျင်ကြဖို့ ပြည်သူတွေကို NLD က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်‌ ဖေါင်းခါးကျေးရွာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီလောက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ အခုလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို နှောင့်နှေးစေပြီး မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ် လုပ်ဆောင်နေမှုဖြစ်တဲ့အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်ရေးအတွက်လည်း အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။  ဖမ်းဆီးခံရတဲ့သူတွေဟာ တောင်ကုတ်မြို့နယ် ဖေါင်းခါးကျေးရွာမှာ ပါတီအောင်နိုင်ရေး ဆောင်ရွက်နေကြတဲ့ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ ဖြစ်ပြီး လက်နက်ကိုင်လူတစုက သေနတ်များနဲ့ ချိန်ရွယ် ရိုက်နှက်ကာ ကြိုးတုပ် ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။  သတင်း - ‌ကောင်းထက်အောင်
1 year Ago
Up