ဦးဒါရှီလဆိုင်း

March 6, 2021

ကချင်သယံဇာတဝန်ကြီးကို video conferencing ဖြင့် ရုံးထုတ်၊ အာမခံမရ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲထားတဲ့ ကချင်ပြည်နယ်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို မတ်လ ၅ ရက်နေ့ နေ့လယ်က ဒုတိယအကြိမ် video conferencing နဲ့ ရုံးထုတ်ခဲ့ပြီး အာမခံမရရှိခဲ့ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ပြောပါတယ်။

“ဒီနေ့မှာ video conferencing နဲ့ အမှုကို ဆောင်ရွက်တာပေါ့။ ဘယ်နေ့မှာ အမှုကို ဘယ်လိုစစ်သွားမယ်ဆိုပြီး ရုံးချိန်းသတ်မှတ်တာပါ။ အသက် ၁၆ နှစ်အောက် မဟုတ်ဘူး၊ အမျိုးသမီး မဟုတ်ဘူး၊ ဖျားနာနေတဲ့သူ မဟုတ်ဘူး၊ ချည့်နဲ့နေတဲ့သူ မဟုတ်တဲ့အတွက် ဦးဒါရှီလဆိုင်းကို အာမခံမပေးနိုင်ဘူးဆိုပြီး အမိန့်ချခဲ့တယ်။” 

ရွေးကောက်ခံအစိုးရ တက်လာတဲ့အထိ အစိုးရရုံးတွေကို ရုံးပိတ်ရက် သတ်မှတ်တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ တရားစွဲခံရတာပါလို့ ဦးဒါရှီလဆိုင်းထံကနေ သိရပါတယ်။

ဦးဒါရှီလဆိုင်းကို မြစ်ကြီးနား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရန်နိုင်က တရားလိုပြုလုပ် တရားစွဲထားတာဖြစ်ပြီး မတ်လ ၉၊ ၁၆၊ ၂၃ နဲ့ ၃၀ ရက်နေ့တွေမှာ ထပ်မံရုံးထုတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

2 years Ago

March 1, 2021

ကချင် သယံဇာတဝန်ကြီးကို ရုံးထုတ်

ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲထားတဲ့ ကချင်ပြည်နယ်က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို မတ်လ ၁ရက်နေ့ညနေက ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

ဦးဒါရှီလဆိုင်းကို မြစ်ကြီးနားဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရန်နိုင်က တရားလိုပြုလုပ် တရားစွဲထားတယ်လို့ သိရပါတယ်။

ဦးဒါရှီလဆိုင်းရဲ့တရားလွတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ”ဒီနေ့ကတော့ မှုခင်းစီမံခန့်ခွဲမှု ကြိုတင်ညှိနှိုင်းအစည်းအဝေးလုပ်တာပေါ့။ တရားလိုဘက်ကို အမှုကိုကျေအေးတာ၊ ရုပ်သိမ်းတာတွေ လုပ်မလားလို့ မြို့နယ်တရားသူကြီးကနေ မေးတဲ့အခါ ကျေအေး၊ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ဦးမင်းရန်နိုင်ထွန်းက ပြောကြားသွားပါတယ်” လို့ ပြောပါတယ်။

ဦးဒရှီလဆိုင်းကို ဥပဒေအကြံပေးနိုင်ဖို့ ရှေ့နေတွေက တွေ့ခွင့်တောင်းခဲ့ပေမဘ့် ကိုဗစ်-၁၉ အကြောင်းပြကာ တွေ့ခွင့်မပေးဘဲ မတ် ၅ ရက်နေ့ ဒုတိယအကြိမ် ပြန်လည်ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

"ကျနော်က ရွေးကောက်ခံအစိုးရတက်လာတဲ့အထိ အစိုးရရုံးတွေကို ရုံးပိတ်ရက် သတ်မှတ်တယ်လို့ ဝန်ကြီးချုပ်ကိုယ်စားလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တယ်လေ၊ အဲဒီအပေါ်မှာ သူတို့က တရားစွဲတာပါ" လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

ဦးဒါရှီလဆိုင်းကို ဖေဖော်ဝါရီလ ၉ ‌ရက်နေ့ညက ရဲတပ်ဖွဲ့၀င် ၅ ယောက်နဲ့ အရပ်ဝတ်စုံဝတ်ထားတဲ့လူ ၄ ဦးလောက် ရဲကားတွေနဲ့ လာရောက်ဖမ်းဆီးကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ထိန်းသိမ်းထားပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြစ်ကြီးနားထောင် ပို့လိုက်တယ်လို့ သိရပါတယ်။

2 years Ago
Up