ဦးထိုက်ဇော်

November 24, 2020

ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရသည့်အပေါ် ဝမ်းနည်းကြောင်း ကုလ ၊ အီးယူ၊ ပြင်သစ်၊ ယူကေနှင့် အမေရိကန်သံရုံးများ ထုတ်ပြန် 

ရွေးကောက်ပွဲအနိုင်ရ   အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းနဲ့  တုန်လှုပ်ဖွယ်ရာ ရာဇဝတ်မှုကို ရှုတ်ချတဲ့ အကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။ ဒီဖြစ်ရပ်မှာ ကျူးလွန်သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့လည်း နိုဝင်ဘာ ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့  ကုလသမဂ္ဂရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။   အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ကလည်း  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရမှုကို အပြင်းအထန် ရှုတ်ချပြီး ကျန်ရစ်သူမိသားစုနဲ့ ဆွေမျိုးတွေနဲ့အတူ  လွန်စွာ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ်ကျူးလွန်တဲ့ တာဝန်ရှိသူကို ဖော်ထုတ်ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ အရေးယူရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်းတစ်လျှောက်မှာ ဥရောပသမဂ္ဂအနေနဲ့ မဆုတ်မနစ် လက်တွဲဖေးမသွားမယ်လို့လည်းဆိုပါတယ်။ ယူကေသံရုံးကတော့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးထိုက်ဇော် နို၀င်ဘာ ၂၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရတာကို ကြားသိရတဲ့အတွက် အံ့သြတုန်လှုပ်မိကြောင်း၊ အခုလို  ခက်ခဲတဲ့ အချိန်မျိုးမှာ ကွယ်လွန်သူရဲ့ မိသားစုနဲ့အတူ ၀မ်းနည်းကြေကွဲမိတယ်လို့ ထုတ်ပြန်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို ထိခိုက်စေဖို့ ရည်ရွယ်ကာ ရက်စက်ပြီး တရားနည်းလမ်းမကျတဲ့ အကြမ်းဖက်မှုကို ပြစ်တင်ရှုံ့ချတဲ့အကြောင်းနဲ့ ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ မြန်မာအစိုးရရဲ့  ကြိုးပမ်းမှုကို အားပေးထောက်ခံသွားမယ်လို့ လည်းဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy ကတော့ ဦးထိုက်ဇော်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လှိုက်လှဲစွာဖြင့် ဝမ်းနည်းကြေကွဲကြောင်းပြောကြားလိုပြီး  နိုဝင်ဘာ ၂၁ ရက်နေ့က  ပင်တိန်ရွာမှာ သူရဲဘောကြောင်စွာ လုပ်ကြံသတ်ဖြတ်မှုကို ပြင်းထန်စွာ ရှတ်ချတယ်လို့ ကြေညာချက်ထုတ်ပြန် ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုပြီး ရှမ်းပြည်နယ်မှာ အမျိုးသားလွှတ်တော်အတွက် ရွေးချယ်ခံရသူ  သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဥပဒေအရ တရားရုံးမှာ အရေးယူဖြေရှင်းဖို့လည်း ပြင်သစ်သံအမတ်က  တိုက်တွန်းပါတယ်။  အမေရိကန် သံရုံးကလည်း ဦးထိုက်ဇော် နိုဝင်ဘာ ၂၁ ရက်က သူ့ နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။  ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်တဲ့ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ နိုဝင်ဘာ ၂၁ ညနေက သူ့ရဲ့နေအိမ်မှာ  ဆိုင်ကယ်နဲ့ လူနှစ်ယောက်ရောက်လာကာ  သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပြီး ဒီကနေ့အထိ တရားခံကို ဖမ်းမိခြင်းမရှိသေးသလို တရားခံ ဘယ်သူလဲဆိုတာလည်း မသိရသေးပါဘူး။
1 year Ago

November 23, 2020

ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံရသည့်အပေါ် ဝမ်းနည်းကြောင်း ပါတီအချို့ ထုတ်ပြန် 

ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရကြောင်းကြား သိရတဲ့အတွက် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ မည်သည့်အကြမ်းဖက်မှုကိုမဆို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်သူ့ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေအရ နိုင်ငံသားတိုင်း အကာအကွယ်ရရှိရေး၊ တရားဥပဒေ စိုးမိုးမှုအပေါ်  နိုင်ငံသားအားလုံး ယုံကြည်အားကိုလာစေရေး အရေးတကြီး ဆောင်ရွက်ရမယ်လို့ ယုံကြည်ကြောင်းလည်း  နိုဝင်ဘာ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တအာင်း (ပလောင်) အမျိုးသားပါတီကလည်း ဒါကို ရိုင်းစိုင်းတဲ့ လုပ်ကြံသတ်ဖြတ်မှုလို့ ဆိုပြီး ပါတီအနေနဲ့ ထပ်တူဝမ်းနည်းကြောင်း၊ လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူတွေ ပူးပေါင်းပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဦးထိုက်ဇော် ပစ်ခတ်လုပ်ကြံခံခဲ့ရမှုအတွက် ဝမ်းနည်းကြောင်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သူကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်တဲ့ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ နိုဝင်ဘာ ၂၁ ညနေက သူ့ရဲ့နေအိမ်မှာ  ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာရောက်ပြီး  သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
1 year Ago
More News
Up