ဦးတည်

September 7, 2020

တိုက်ဖုန်းဟိုင်ရှန် ဂျပန်ကိုဖြတ်ပြီး ကိုရီးယားသို့ ဦးတည်

ဟိုင်ရှန် တိုက်ဖုန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ပိုင်းကို စက်တင်ဘာ ၇ ရက်က ဖြတ်သန်း တိုက်ခတ်အပြီး ကိုရီးယားကျွန်းဆွယ်ဆီ ဦးတည်နေပါတယ်။  အားကောင်းတဲ့ မိုးသက်လေပြင်းတွေနဲ့ မုန်တိုင်းဟာ ကျူးရှူးကျွန်းကို အရုဏ်မတက်ခင် ဖြတ်သန်းတိုက်ခတ်ခဲ့လို့ အပျက်အစီးတွေကို လုပ်သားတွေ ရှင်းလင်းနေပုံရုပ်သံကို ဒေသခံရုပ်သံကွန်ရက်တွေက ပြသခဲ့ပါတယ်။  နာဂါဆာကီမြို့မှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။  မုန်တိုင်းတိုက်ခတ်အပြီး  စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာတော့ ကျူးရှူးကျွန်းအနောက်တောင်ပိုင်းမှ အိမ်ခြေ  ၄ သိန်း ၄ သောင်းလောက် လျှပ်စစ်မီးမရဘဲ ရှိနေတယ်လို့ NHK သတင်း ဌာနက ကြေညာပါတယ်။  ခိုလှုံရေးဂေဟာက မှန်ပြတင်းတွေ ကွဲထွက်ခဲ့လို့ ဒဏ်ရာရတဲ့ လူ  ၄ ယောက်အပါအဝင် စုစုပေါင်း လူ ၃၂ယောက် မုန်တိုင်းကြောင့် ဒဏ်ရာရထားပါတယ်။  နိုင်ငံတဝန်း လေကြောင်းခရီးစဉ်  ၅၇၀ ကျော် ခရီးစဉ် ဖျက်သိမ်းထားရပြီး နိုင်ငံတောင်ပိုင်း နဲ့ အနောက်ပိုင်းတွေမှာလည်း ကျည်ဆန်ရထား ခရီးစဉ်တွေကို လျှော့ချ ဖျက်သိမ်းထားရပါတယ်။  ဒေသတွင်း လူ ၂ သန်းနီးပါ ဘေးကင်းရာ ရွှေ့ပြောင်းထားရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း တိုက်ဖုန်းမေဆက် တိုက်ခတ်ခံရလို့ လူ ၂ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။   ဂျပန်မှာ ဇူလိုင်လက တိုက်ဖုန်းကြောင့် လူ ၈၃ ယောက် သေဆုံးထားတာပါ။
1 year Ago
Up