ဦးဇော်ဌေးပြော

February 1, 2020

အငြိမ်းစားဝန်ထမ်းများကို မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည့်ကိစ္စ ဆိုင်းငံ့ထားဟု ဦးဇော်ဌေးပြော

အငြိမ်းစားဝန်ထမ်းတွေကို ချထားပေးမယ့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုမယ့်ကိစ္စ ဆိုင်းငံ့ခိုင်းထားတယ်လို့ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ “ဒီမော်တော်ယာဉ်တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ စီးပွားကူးသန်းနေနဲ့ ဆိုင်းငံ့ထားဖို့။ ပြီးရင် လူကြီးတွေအနေနဲ့ ပြန်ပြီးတော့ သုံးသပ်ပါ၊ သုံးသပ်ပြီးတော့မှ အဖြေတစုံတရာ ဘယ်လိုရမလဲပေါ့။ နိုင်ငံ့ဝန်ထမ်းတွေ ပြည်သူ့ဝန်ထမ်းတွေ မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ ပတ်သက်ပြီးတော့ ဆိုင်းငံ့ထားပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။ မော်တော်ယာဉ်တင်သွင်းခွင့်ကို ပင်စင်သွားခါနီး ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ အလုပ်သက် ၂၆ နှစ်ရှိပြီး ပြည်သူ့ဝန်ထမ်းကောင်းတွေကို ချထားပေးမယ်လို့ ဆိုပါတယ်။ “တပ်ဘက်မှာ ၂၅ နှစ်ဆို စစ်မှုထမ်းကောင်းရတယ်။ အရပ်ဘက်မှာ ၂၆ နှစ်ဆို ပြည်သူ့ဝန်ထမ်းကောင်းရတယ်။ ပြည်သူ့ဝန်ထမ်းကောင်းရတဲ့သူက မင်နီမရှိရဘူး။ ပြစ်မှုကျူးလွန်တာလည်း မရှိရဘူး။ စည်းကမ်းဖောက်ဖျက်တာလည်း မရှိရဘူး။ အဲ့လိုလူတွေကို ပေးတာ။ စည်းနဲ့ကမ်းနဲ့နေထိုင်တယ်။ ကောင်းကောင်းမွန်မွန် လုပ်ကိုင်လာတဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်က တစုံတရာ အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်ပေးမယ်ဆိုတဲ့ အနေနဲ့ စခဲ့တာ”လို့လည်း ပြောပါတယ်။ ပင်စင်သွားတဲ့ ဝန်ထမ်းဦးရေဟာ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ ဦးရေ ၄ သောင်းကျော်နဲ့ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ ဦးရေ ၄၃၀၀၀ ကျော်လောက်ရှိပြီး ၂၀၁၉ - ၂၀၂၀ ခုနှစ်မှာလည်း ပင်စင်ယူမယ့် ဝန်ထမ်းဦးရေ ဆိုရင် ၄၃၀၀၀ ကျော်လောက်ရှိမယ်လို့ သိရပါတယ်။ အဲဒီလို နှစ်စဉ် ပင်စင်သွားတဲ့ ဝန်ထမ်းဦးရေဟာ ၄ သောင်းခွဲလောက်ရှိပြီး အဲဒီအထဲမှာ ဝန်ထမ်းကောင်း လက်မှတ်ရရှိထားတဲ့ ဝန်ထမ်းဦးတွေကိုတော့ စိစစ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ညွှန်ကြားရေးမှူးချုပ်နဲ့အထက် ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေအတွက် အခွန်ကင်းလွတ်ခွင့်ရမယ့် ကားတင်သွင်းခွင့်ပေးဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ပထမအသုတ်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့အထက် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေအတွက် မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပတ်သက်လို့ လျှောက်လွှာတွေကို ဇန်နဝါရီ ၈ ရက်နေ့အရောက် ပို့ပေးဖို့နဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ လျှောက်ထားဖို့ ထုတ်ပြန်ထားပါတယ်။  ဝန်ထမ်းတွေအပေါ် မော်တော်ယာဉ်တင်သွင်းခွင့် ပြုခဲ့တဲ့အတွက် ပြည်သူတွေကြား ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ပြန်လည်သုံးသပ်မယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
3 years Ago

November 16, 2019

ဥပဒေနဲ့အညီလုပ်နေတာတွေကို သုံ့ပန်းလို့ခေါ်ရင် လက်မခံဘူး -  ဦးဇော်ဌေးပြော

အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ သံသယရှိသူတွေကို အစိုးရနဲ့ တပ်မတော်တို့က ဥပဒေအရ စစ်ဆေးအရေးယူနေတာ ဖြစ်ပြီး သုံ့ပန်းလို့ ခေါ်ဆိုတာ လက်မခံနိုင်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ နိုင်ငံတော်သမ္မတရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အေအေအဖွဲ့ရဲ့ သုံ့ပန်းလို့ ပြောဆိုသုံးနှုန်းတာနဲ့ပတ်သက်လို့ ပြောဆိုလိုက်တာပါ။ “အစိုးရဘက်က၊ တပ်မတော်ဘက်က စစ်ဆေးအရေးယူနေတာတွေက သုံ့ပန်းမဟုတ်ပါဘူး။ သံသယရှိသူတွေကို ဥပဒေနဲ့အညီ လုပ်နေတာပါ။ ဒီလိုဥပဒေနဲ့အညီ လုပ်နေတာတွေကို သုံ့ပန်းလို့ ခေါ်ရင် လက်မခံဘူး။” အခုလထဲမှာ အေအေအဖွဲ့က သူတို့ ဖမ်းထားတဲ့  လူတွေကို တပ်မတော်က ဖမ်းထားသူတွေနဲ့ သုံ့ပန်းချင်း လဲမယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ထားပါတယ်။ အဲဒီအပေါ်မှာတော့ ဦးဇော်ဌေးက အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက် ဖြစ်တယ်လို့လည်း  မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ အခုလို အေအေရဲ့ ကြေညာချက် ထွက်လာအပြီးမှာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်ဘူးလို့ တပ်မတော်ဘက်က အတိအလင်း ပြောဆိုခဲ့ပါတယ်။ လတ်တလောမှာ အေအေဘက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ဦးဝှေ့တင်း အပါအဝင် တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံဝန်ထမ်းတွေကို ဖမ်းဆီးထားပါတယ်။ “ဒါဟာ မမှန်ကန်တဲ့ လုပ်ရပ်ပေါ့။ ဆိုမာလီယားပင်လယ်ဓားပြတွေရဲ့ လုပ်ရပ်သဘောမျိုး ဖြစ်တယ်။ ဒါဟာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုတာ မဟုတ်ဘူး”လို့ ဦးဇော်ဌေးက ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့တွေ စပြီး လှုပ်ရှားလာတဲ့အချိန် သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင်ရေးကို တပ်မတော်ဘက်က ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ သူက အသိပေး ပြောဆိုခဲ့ပါတယ်။ အစိုးရအနေနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေပြီး အမြန်ဆုံးလွှတ်ဖို့ ဆောင်ရွက်ရာမှာ အေအေအဖွဲ့နဲ့ ဆွေးနွေးတာတွေ၊ ငြိမ်းချမ်းရေးကော်မရှင်ကတဆင့် ပြန်လွှတ်ပေးဖို့ ပြောဆိုထားတာတွေ၊ အေအေအပေါ် ဩဇာလွှမ်းတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက တဆင့်ပြောဆိုထားတာတွေ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်နေပေမယ့် တဖက်မှာ ဆွေးနွေးပွဲတွေကို လုပ်မှာဖြစ်ပေမယ့် လက်နက်ကိုင် ၄ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး တကယ် လိုချင်သလား၊ အသိအမှတ်ပြုရင် ဘယ်ကို သွားချင်တာလဲ ရှင်းရှင်းလင်းလင်း သေချာသိမှ တရားဝင် ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
3 years Ago
Up