ဦးဇော်ဌေ

September 4, 2020

မြန်မာပြည်ကကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ရောဂါလက္ခဏာမပြသူ ၇၅ ရာခိုင်နှုန်းရှိနေ

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲမှာ လူနာ ၂၅ ရာခိုင်နှုန်းလောက်မှာသာ ရောဂါလက္ခဏာပြတာတွေ့ရပြီးတော့ ၇၅ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာပြသခြင်းမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ ညနေ သမ္မတ အိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စက်တင်ဘာ ၄ ရက် မနက်ပိုင်းအထိကို ကိုဗစ်အတည်ပြုလူနာ ၁၁၃၃ ဦး ရှိနေပြီး အဲ့ဒီထဲက ၂၅ ရာခိုင်နှုန်းလောက်သာ ရောဂါ လက္ခဏာ ခံစားရတာပါ။ ဒါ့အပြင် ပြည်ပကနေ ကူးစက်လာသူက ၂၅ ရာခိုင်နှုန်းကျော်လောက်သာရှိပြီး ကျန်အတည်ပြု လူနာတွေက ပြည်တွင်းမှာ ကူးစက်ခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပကနေ ကူးစက်ဖြစ်ပွားလာသူ ၂၈၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းရှိပြီးတော့ ပြည်တွင်းမှာ ကူးစက်ဖြစ်ပွားသူ ၈၄၆ ဦး ၊ ၇၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ အဲ့ဒီမှာ ရခိုင်ပြည်နယ်မှာ ၄၉၆ ဦး (၄၃ ဒသမ ၇၈ ရာခိုင်နှုန်း )နဲ့ အများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးက ၄၈၁ ဦး (၄၂ ဒသမ ၄၅ ရာခိုင်နှုန်း)  ဒုတိယအများဆုံးဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ၂၉ ဦး (၆ ဒသမ ၅ ရာခိုင်နှုန်း) ၊ချင်းက ၁၈ ဦး (၄ ရာခိုင်နှုန်း) ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်မှု ဆက်လက်မြင့် မားနေဆဲဖြစ်ပြီး ထိရောက်စွာဟန့်တားနိုင်ဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ ဦးဇော်ဌေးက တိုက်တွန်းပါတယ်။ “ လက်ရှိရန်ကုန်ရယ်၊ ရခိုင်ရယ်ပေါ့နော်၊ အဲ့ဒီအခြေအနေမှာတော့ အများအားဖြင့်တော့ ဆက်လက်ပြီးတော့ ကူးစက်နေတဲ့အနေအထားပေါ့နော်၊ အခုလက်ရှိမှာ ကိုဗစ်-၁၉ က ကူးလာတဲ့ အနေအထားတွေတွေ့ရှိရပါတယ်။ ပြည်ထောင်စုအစိုးရရယ်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ စေတနာ့ဝန်ထမ်း၊ အလှူရှင်တွေ၊ ကဏ္ဍပေါင်းစုံကလည်း အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတာရှိတယ်။ ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ အချိန်တိုအတွင်းမှာ ထိရောက်အောင်မြင်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြည်ပက ပြန်လာသူတွေနဲ့ အနီးကပ်ထိတွေ့သူ စုစုပေါင်း ၃ သိန်းခွဲကျော်ကို အစိုးရက အကုန်အကျခံပြီး Facility Quarantine ထားရှိပေးထားသလို လတ်တလော ရောဂါပိုးတွေ့ရှိမှု မြင့်မားနေတဲ့ ရခိုင်ပြည်နယ်အတွက်ကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်နေရာမှာ အစိုးရဝန်ထမ်းတွေက အဓိကဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက အားနည်းနေသေးတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ စက်တင်ဘာ ၄ ရက်ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၁၇၁ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၅၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၅၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ်  ၉၈  ဦးရှိပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်) Photo - Ye Myo Khant / MPA
8 months Ago

ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲသည့်ကိစ္စ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ဟု သမ္မတရုံးရှင်းလင်း 

ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်က ရပ်စဲတဲ့ကိစ္စမှာ  အစိုးရအနေနဲ့ အခြေခံဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက် သမ္မတအိမ်တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မဲခွဲဆုံးဖြတ်ပြီးနောက်  စက်တင်ဘာလ ၃ ရက်နေ့မှာ သမ္မတက  တာဝန်ကနေ ရပ်စဲလိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇော်ဌေးက “ ပြီးခဲ့တဲ့ကိစ္စတွေကို အခုပြန်ပြီးလုပ်တဲ့အခါမှာ သူ့ရဲ့ဖြစ်စဉ်ဖြစ်ပွားရခြင်းနောက်ကွယ်က အကြောင်းတရားတွေရှိပါလိမ့် မယ်။ ဒါတွေကိုတော့ မပြောလိုဘူး။ အဲ့တော့ တတိယအချက်အနေနဲ့ နိုင်ငံတော်သမ္မတကြီးပေါ့နော်။ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဆောင်ရွက်ရတဲ့ သဘောရှိပါတယ်။ ဒီအပေါ်မှာလည်း သက်ဆိုင်တဲ့ ကာယကံရှင်ကိုယ်တိုင်က တင်ပြလာတယ်။ ဒီဖြစ်စဉ်တွေကို သမ္မတရုံးကိုတင်ပြပါတယ်။ တင်ပြလာတော့ သူ့ကိုကျနော်တို့ ရာထူးက ရပ်နားခြင်း မပြုခင် သူ့ရဲ့တင်ပြချက်၊ အဲ့တော့ သူ့ရဲ့တင်ပြချက်ကလည်း လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ interpret လုပ်ပေးဖို့ တင်ပြလာတာတွေရှိတယ်။ အဲ့ဒါတွေလည်း အခြေခံဥပဒေအရ လုပ်ထုံး လုပ်နည်းနဲ့အညီပဲ သမ္မတရုံးအနေနဲ့ ဆောင်ရွက်ထားကြောင်းဖြေကြားလိုပါတယ်” လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်တွေအရ အခုလို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ကနေ ရပ်စဲခံရတာပါ။  ဒီဖြစ်စဉ်ဟာ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်လျာထားတာမှာ မပါဝင်တဲ့အတွက် အလားတူ မပါဝင်တဲ့ အဖွဲ့ချုပ်ဝင် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ကမဟုတ်တဲ့ တခြားအစုအဖွဲ့ဝင် ကိုယ်စားလှယ်တွေရဲ့ အင်အားကို ရယူပြီး အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမယ့် ဆောင်ရွက်မှုဖြစ်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟာ  ဥပဒေနဲ့အညီ မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သုံးသပ်ပြီး နောင်မှာ ဒီလိုဖြစ်ရပ်မျိုး မပေါ်ပေါက်အောင်ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
8 months Ago

June 26, 2020

သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု ဦးဇော်ဌေးပြော

သတင်းအမှားတွေကို ဖြန့်ဝေပြီး နိုင်ငံရေးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်အောင် ဆောင်ရွက်နေသူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့ ဇွန်လ ၂၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ လက်ရှိအစိုးရတာဝန်ရှိသူတွေအတွက် မြေကွက်ချထားပေးမှုအကြောင်း ပြောကြားခဲ့ပြီးနောက်မှာ ဦးဇော်ဌေးနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတာပါ။  ဒါတွေဟာ ရွေးကောက်ပွဲနားနီးလာတဲ့အချိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး ဖော်ထုတ်အရေးယူသွားမှာလို့ ဆိုပါတယ်။ ဦးဇော်ဌေးက " ရွေးကောက်ပွဲနီးလာပြီး ကမ်ပိန်းတွေက စတဲ့အချိန်မှာ ဒီထက်ပိုပြီး ဆိုးလာမယ်။ ဆိုးလာပေမယ့်လို့ ကျနော်တို့ကတော့ သတိပေးချင်တာကတော့ ဒီပေ့ချ်တွေကိုလည်း ကျနော်တို့ ဖော်ထုတ်နေတယ်။ အဲဒီမှာပါဝင်ပတ်သက်တဲ့သူတွေကိုပေါ့နော် အလားတူ စိစစ်ဖော်ထုတ်လို့ရတာဆိုရင် အရေးယူပါမယ်။ စိစစ်ဖော်ထုတ်ဖို့လည်း ကြိုးစားနေပါတယ်။ ထိထိရောက်ရောက်အရေးယူမယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ ကျနော်တို့ ရိပ်ဖမ်းသံဖမ်း ခန့်မှန်းချက်အနေနဲ့ သိပါတယ်။ ပြောရရင်တော့ သက်ဆိုင်ရာအုပ်စုတစ်စုကနေ ငွေတွေပုံပေးပြီးတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ Group တွေ ဖွဲ့တယ်။ ပေ့ချ်တွေလုပ်တယ်။ မီဒီယာတွေထောင်တယ်။ အဲ့လူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ ကျနော်တို့သိတယ်။ "လို့ ပြောပါတယ်။ မြေကွက်တွေနဲ့ ပတ်သက်ပြီး သမ္မတအိမ်တော်မှာ ဦးဇော်ဌေး ဖြေကြားခဲ့ပြီးနောက် အစိုးရနဲ့ အန်အယ်လ်ဒီပါတီကို နောက်ကျောဓားနဲ့ထိုးတယ်လို့ မုံရွာအောင်ရှင်ပြော ဆိုပြီး သတင်းအမှားတစ်ခုထွက်ပေါ်လာသလို အတိုင်ပင်ခံရုံးက ညွှန်ချုပ်တစ်ဦးထပ်မံခန့်ထားရာမှာလည်း ဦးဇော်ဌေး အငြိမ်းစားယူသွားပြီဆိုပြီး သတင်းအတုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။ " နိုင်ငံရေးအရ တရားမျှတသော ယှဉ်ပြိုင်ခြင်းတွေလုပ်ပါ။ ဗဟိုအစိုးရမှာ အားနည်းချက်ရှိတယ်၊ ထောက်ပြပါ။ သို့သော် ဒီလိုမျိုး မှားယွင်းတဲ့သတင်းတွေအပေါ်မှာပေါ့နော်  ရည်ရွယ်ချက်ရှိရှိဖြန့်တယ်။ အဲ့ပို့စ်ဆိုရင် ပိုက်ဆံသုံးပြီး Boost လုပ်တာဖြစ်တယ်။ အဲ့အပိုင်းလည်း ကျနော်တို့တွေ့ရတယ်။ အဲဒီအခါကျတော့ စိစစ်နေတယ်။ ဖော်ထုတ်မယ်။ အရေးယူမယ်။ အထူး သဖြင့် နေပြည်တော်အသိုင်းအဝိုင်းမှာနေကြတဲ့သူတွေ ကျနော်တို့ သတိပေးလိုပါတယ်။ အကြမ်းဖျင်းတော့ ဖော်ထုတ်နေပါပြီ။ ပြီးရင်တော့ ဥပဒေနဲ့အညီ အရေးယူမယ် " လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
11 months Ago
Up