ဦးဆောင်ပါဝင်သူ ၉ ယောက်

February 24, 2020

ရန်ကုန်တွင် ရခိုင်အရေးဆန္ဒပြသူများကို အမှုဖွင့်

ရခိုင်ပြည်နယ်ထဲမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ၊ ကျောင်းပေါ်ကို လက်နက်ကြီး ကျတာ စတာတွေ ဖြေရှင်းပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက ကမာရွတ်ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။ ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းက ဆင်ရေတွင်း မှတ်တိုင်ကနေ လှည်းတန်းစင်တာအထိ ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ဒီထဲက ဦးဆောင်ပါဝင်သူ ၉ ယောက်ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ ကမာရွတ်မြို့မရဲစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ “လောလောဆယ်တော့ ၆ ယောက်ကို စစ်ဆေး မှတ်တမ်းယူနေပါတယ်။ ကျန်တဲ့ ၃ ယောက်ကို ဆက်သွယ်နိုင်ဖို့ သူတို့ကို အကူအညီတောင်းထားပါတယ်။ ဒါပေမယ့် ခရီးလွန်နေတယ် လို့ သိရပါတယ်။” ကျောင်းသားသမ္ဂတွေ စုပေါင်းပြီး အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချတာကို ချက်ချင်းရပ်တန့်ဖို့၊ မူလတန်းကျောင်းပေါ် လက်နက်ကြီးကျည်ကျတာအတွက် တာဝန်ယူ၊ တာဝန်ခံမှု ချက်ချင်းပေးဖို့၊ ရခိုင်ပြည်နယ်ထဲကို ပြည်တွင်းပြည်ပ မီဒီယာတွေ သတင်းရယူခွင့်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပါဝင် ဆန္ဒပြခဲ့ကြတာပါ။ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ဟာ အဲဒီ အချက်တွေ နဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ မနေ့က သဘောထားကြေညာချက် ပူးပေါင်းထုတ်ပြန်ခဲ့ပါသေးတယ်။
1 year Ago
Up