ဦးစံဝင်းမောင်

October 13, 2021

ဆီဆိုင်မြို့တွင် ပရဟိတသမား ၁ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့က မေတ္တာရောင်ခြည် ပရဟိတအသင်းမှာ လူမူကူညီရေးတွေ လုပ်ဆောင်နေတဲ့ ဦးစံဝင်းမောင်ကို အောက်တိုဘာ ၁၁ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်‌က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အသက် ၆၀ အရွယ် ဦးစံဝင်းမောင်ဟာ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့  ဖေဖော်ဝါရီလမှာ အမှုဖွင့်ခံထားရသူတစ်ဦး ဖြစ်ပါတယ်။

တိမ်းရှောင်နေစဉ် စစ်ကောင်စီရဲ့ အမှုရုပ်သိမ်းပေးမယ်ဆိုတဲ့ ကြေညာချက်ကြောင့် နေအိမ်မှာ ပြန်လည်နေထိုင်စဉ် ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူ့ကို ၅၀၅ (က) ထုတ်ထားလို့ ရှောင်နေတာ (၅) လလောက်ရှိပြီ။ အဲ့ဒါကို စစ်ကောင်စီက အမှုတွေ ရုပ်သိမ်းတယ်လို့ ကြေညာပြီးနောက်ပိုင်း သူ ဆီဆိုင်ကို ပြန်လာပြီး ပရဟိတအလုပ်တွေ ပြန်လုပ်နေတာကို လာဖမ်းသွားတာပဲ။” 

ဦးစံဝင်းမောင်ရဲ့ ဇနီးဖြစ်သူဟာလည်း မတ်လပိုင်းက ဖမ်းဆီးခံခဲ့ရပြီး ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) မှာ ချုပ်နှောင်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 year Ago
Up