ဦးစီးအရာရှိ

April 19, 2021

နေပြည်တော် အဆင့်မြင့်ပညာ ဦးစီးအရာရှိ ဇနီးမောင်နှံကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ နေပြည်တော်အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ တစ်ဦးနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

နေပြည်တော်အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်မျိုးအောင် စာရင်းကိုင်(ဘဏ္ဍာ)နဲ့ သူ့ရဲ့ဇနီး  နေပြည်တော်အဆင့်မြင့် ပညာဦးစီးဌာနမှ ဒေါ်ထွေးထွေးကျော်(စာရင်းကိုင်-၂) တို့ကို မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ စျေးချိုရပ်ကွက်မှာ ရောက်ရှိနေကြောင်းသတင်းရလို့ ဧပြီ ၁၆ ရက်မှာသွားရောက်  ဖမ်းဆီးရမိတာလို့  စစ်တပ်ပိုင် မီဒီယာက သတင်းထုတ်ပါတယ်။

သူတို့ နှစ်ဦးဟာ ကိုယ်တိုင် CDM လှုပ်ရှားမှုမှာ ပါဝင်နေသလို ငွေကြေးထောက်ပံ့ဖို့ လိုက်လံစည်းရုံးလှုံ့ဆော်တာ၊ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးတာနဲ့ လှုံ့ဆော်တာတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း စစ်ကောင်စီသတင်းမှာ ဖော်ပြထားပါတယ်။

ဦးစီးအရာရှိ ဦးရန်မျိုးအောင်နဲ့ ဇနီးဖြစ်သူတို့ကို လတ်တလော ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

8 months Ago

December 22, 2019

မန္တလေး အရိုးအထူးကုဆေးရုံအုပ်ကြီးနှင့် ဦးစီးအရာရှိတို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် အရေးယူ 

မန္တလေး အရိုးအထူးကုဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ ဌာနခွဲစာရေး လက်ရှိ မန္တလေးတိုင်း ကုသရေးဦးစီးဌာနက အရာရှိ ဦးအောင်ကျော်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့  အမှုဖွင့် အရေးယူလိုက်ပါတယ်။ မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)မှ ဆေးရုံအုပ်ကြီး ဦးကြည်လွင်နဲ့ အဖွဲ့ဟာ ရာထူးတာဝန်တွေကို အလွဲသုံးစားပြုပြီး ဆေးရုံမှာ လုပ်ကိုင်နေတဲ့ တင်ဒါလုပ်ငန်းတွေထံကနေ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေတာကို အရေးယူပေးပါဖို့   တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။  စစ်ဆေးချက်အရ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ဟာ အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေး လုပ်ငန်းတင်ဒါ ခေါ်ယူတာနဲ့ပတ်သက်ပြီး   ၂၀၁၇-၂၀၁၈ ခုနှစ်နဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ လုပ်ငန်းရှင် နှစ်ဦးထံက ငွေကျပ် သိန်း ၃၀ စီ စုစုပေါင်း ငွေကျပ် သိန်း ၆၀ ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း ၄၀ စီ စုစုပေါင်း ငွေကျပ် သိန်း ၈၀ ကို လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။  အလားတူ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကလည်း အရိုးအထူးကု ဆေးရုံကြီးဝင်းအတွင်း စက်ဘီး/ဆိုင်ကယ် အပ်နှံခ ကောက်ခံတဲ့ လုပ်ငန်းနေရာ နှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ်မှာ တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမယ်ဆိုကာ ငွေကျပ် ၂ သိန်းကို လည်းကောင်း၊ တင်ဒါကော်မတီဝင်တွေကို ကန်တော့ဖို့ ငွေကျပ် ၃ သိန်းကို လည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် ၇ သိန်းခန့်တန်ဖိုးရှိ ကင်မရာနဲ့ Laptop ကွန်ပျူတာတို့ကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဆိုပါ အမှုတွေနဲ့ပတ်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၂၀ ရက်က ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲ အရေးယူမယ်လို့ ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
2 years Ago
Up