ဦးစီး

March 8, 2020

အိန္ဒိယ ရှေးရိုးစွဲဝါဒီတို့ ကြီးစိုးရာဒေသက အမျိုးသမီး ၄၀ ခန့် ဦးစီးသည့် ဘူတာရုံ (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ ရာဂျက်စ်သန်ပြည်နယ်၊ ဂျိုင်ပူမြို့ အနောက်မြောက်ပိုင်းက ဂန်ဒီနာဂါ ဘူတာရုံမှာ အမျိုးသမီးအယောက် ၄၀ နီးပါးက ဘူတာရုံကို ဦးစီးပြီး ရထားလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။  ရှေးရိုးစွဲဝါဒီတို့ ကြီးစိုးရာဒေသမှာ အစဉ်အလာအရ ယောက်ျားသားတွေ တာဝန်ယူလေ့ရှိတဲ့ အလုပ်တွေကို အမျိုးသမီးတွေက ဦးစီးလုပ်ဆောင်နေတာပါ။ ဘူတာရုံပိုင်ကနေ ရထားလမ်းပြနဲ့ လက်မှတ်ရောင်းသူ အမှိုက်သိမ်းသမ အဆုံး အမျိုးသမီးတွေချည်း စီမံခန့်ခွဲနေတာပါ။ အိန္ဒိယနိုင်ငံမှာ အမျိုးသမီး အလုပ်အကိုင် ရရှိမှုနှုန်းက နိမ့်ပါးပြီး လူမှုရေးအရ ကျားမခွဲခြား ဘက်လိုက်မှုတွေလည်း ထူပြောပါတယ်။ ဒီဘူတာရုံကတော့ အိန္ဒိယရဲ့ ဝန်ထမ်းဦးရေ အများဆုံး အစိုးရပိုင် ရထားလုပ်ငန်းက လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေ စွမ်းအားမြှင့်တင်ရေး အားထုတ်မှု အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ နေ့စဉ် ရထား ၃၅ စီး ဖြတ်တဲ့ ဒီဘူတာမှာ ကျေးလက်ရှေးရိုးစွဲနဲ့ တိုင်းရင်းသား ဒေသတွေက အများစုဖြစ်တဲ့ ခရီးသည်အယောက် ၉ ထောင်ကျော်ကို ဝန်ဆောင်မှု ပေးနေရတာပါ။ “အိမ်ကို စီမံခန့်ခွဲသလိုပဲ ဒီဘူတာဟာ ကျမတို့အတွက် ဒုတိယအိမ်ပဲ။ ဒါဟာ တရက်ကို ၈ နာရီ ဒါမှမဟုတ် ၁၂ နာရီ အလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင်သက်သက် မဟုတ်ပါဘူး။ ဒါကြောင့် ဘူတာကို အိမ်လိုသဘောထားပြီး ကိုင်တွယ် ဖြေရှင်းပါတယ်” လို့ ဘူတာရုံကြီးကြပ်သူ အိန်ဂျယ် စတဲလာက ပြောပါတယ်။ မြို့ငယ်လေးတွေကနေ ပြောင်းလာတဲ့ အမျိုးသမီးအများစုအတွက်ကတော့ သက်တောင့်သက်သာရှိတဲ့ ညဆိုင်းအလုပ် နဲ့ လုပ်ငန်းခွင် အခြေအနေတွေကို ရဖို့ လိုပါတယ်။  ကလေးတွေ ခင်ပွန်းသည်ဘက်က ဆွေမျိုးတွေနဲ့ နေထိုင်တဲ့ ဝန်ထမ်းအမျိုးသမီးတွေ အတွက် စိန်ခေါ်မှုတွေ ရှိနေလို့ အလုပ်နဲ့ မိသားစုကြား ဟန်ချက်ညီအောင် နေရတယ်လို့ စတဲလာက ပြောပါတယ်။ အမျိုးသမီးဝန်ထမ်းတွေ ဘေးကင်းရေးနဲ့ စိတ်လုံခြုံမှုအတွက် အာဏာပိုင်တွေက ဘူတာမှာ အမျိုးသမီး ရဲမေတွေကို တာဝန်ချထားတဲ့အပြင် လုံခြုံရေး ကင်မရာတွေကိုလည်း တပ်ဆင်ပေး ထားပါတယ်။ ဒါ့အပြင် အမျိုးသမီးသုံး ပစ္စည်းရောင်းတဲ့ စက်နဲ့ ယာယီ နေ့ကလေးထိန်းကျောင်းတွေကိုပါ ဖန်တီးပေးထားပါတယ်။ ဘူတာရုံကို ဖြတ်သန်းသွားလာတဲ့ မိန်းကလေးငယ်တွေ အတုယူပြီး အိမ်တွင်းပုန်း အမျိုးသမီး အစဉ်အလာထဲကနေ အပြောင်းအလဲကို ဖော်ဆောင်နိုင်ရေး မျှော်လင့်ထားတယ်လို့ အမျိုးသမီး ဝန်ထမ်းတွေက ပြောခဲ့ကြပါတယ်။ Funtainment 4u ရုပ်သံ
2 years Ago
Up