ဦးစိုင်းကံညွန့်

May 15, 2021

NLD ပါတီဝင် ဦးစိုင်းကံညွန့် လုပ်ကြံခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ခိုယောင်းကျေးရွာမှာ မေ ၁၅ ရက် မွန်းတည့် ၁၂ နာရီလောက်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့သူတဦး လုပ်ကြံခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

NLD ပါတီဝင် ဦးစိုင်းကံညွန့်ဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် သီပေါမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်ပေမဲ့ အနိုင်ရခဲ့သူတော့ မဟုတ်ပါဘူး။

သူဟာ တုတ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ကနဦးစုံစမ်းချက်အရသာ သိရသေးပြီး သေဆုံးသူကို တန့်ယန်းဆေးရုံမှာ ထားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လုပ်ကြံခံရတာနဲ့ပတ်သက်လို့ အသေးစိတ်မသိရှိရသေးကြောင်းနဲ့ သေဆုံးသူရဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေ သိရှိနိုင်စေဖို့ နီးစပ်ရာတွေက အကြောင်းကြားအသိပေးနိုင်ဖို့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် အသိပေးထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ် က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် ဟာလည်း အမည်မသိ သေနတ်သမား ၂ ဦးရဲ့ လုပ်ကြံ သတ်ဖြတ်တာကို ခံထားရပါတယ်။

7 months Ago
Up