ဦးချစ်မောင်လမ်းမ

April 13, 2021

ဂွတ္တလစ် ဦးချစ်မောင်လမ်းမပေါ် ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန် ဗဟန်းမြို့နယ်  ဂွတ္တလစ် ဦးချစ်မောင်လမ်းမပေါ်မှာ ဒီကနေ့ ညနေ ၅ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေက သေနတ်နဲ့ အချက်ပေါင်း တစ်ဒါဇင်လောက် ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။

ရတနာပန်းခြံအနီး လမ်းဆုံမှတ်တိုင်နားမှာ ဖြတ်သန်းသွားလာနေတဲ့ ကားတွေ လူတွေကို ရဲတွေက ဒီနေ့  ရှာဖွေစစ်ဆေးနေတာဖြစ်ပါတယ်။ စစ်ဆေးမခံဘဲ မောင်းပြေးတဲ့ကား ၁ စီးကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်းဒေသခံတွေထံက သိရပါတယ်

ပစ်ခတ်မှုမှာ ထွက်ပြေးသွားတဲ့ကားကို ထိမှန်ခြင်းမရှိပေမဲ့ မင်းလမ်းမှတ်တိုင် အနား ရပ်နေတဲ့  လူတစ်ယောက် သေနတ်ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ 

ကျည်ဆန်ထိမှန်သူဟာ စည်ပင်ဝန်ထမ်း ၁ ဦးဖြစ်ပြီး သူ့ကို လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့ တင်ဆောင်သွားတယ်လို့ လည်းဆိုပါတယ်။   ခုလို လူ ၁ ဦးကျည်ဆန်ထိမှန်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက်ရရှိခြင်းတော့ မရှိသေးပါဘူး။

 ဂွတ္တလစ် ဦးချစ်မောင်လမ်းမှာ  ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်ကတကြိမ် ၄ နာရီခွဲလောက်မှာတကြိမ်  အသံဗုံးပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

အလားတူ ရန်ကုန်မြို့ နေရာအနှံအပြားမှာလည်း သွားလာနေတဲ့ကားတွေကို ရဲနဲ့ စစ်တပ်က ရပ်တန့် ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။  

Photo -Bahan Information

1 month Ago
Up