ဦးခင်ရီ

November 26, 2020

သစ္စာမဲ့ယုတ်ညံ့သူ မဖြစ်လိုသဖြင့် အမှားများကို ဝေဖန်ထောက်ပြနေရခြင်းဖြစ်ဟု ဦးခင်ရီပြော

မှားတာကို မှန်တယ်လို့ ပြောတယ်ဆိုရင် သစ္စာမဲ့သူ ယုတ်ညံ့သူလို့ သတ်မှတ်ခံရမှာဖြစ်လို့ အမှားတွေကို ဝေဖန်ထောက်ပြနေတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။  နိုဝင်ဘာ ၂၆ ရက်နေ့က ကြံ့ခိုင်ရေးပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောဆိုခဲ့တာပါ။ "မှားယွင်းတာကို မှားယွင်းတယ်လို့မပြောရဲရင် ဖုံးကွယ်လိမ်ညာ သူရဲဘောကြောင်သူလို့ ပြောရမှာဖြစ်ပြီး၊ မှားတာကို မှန်တယ်လို့ ပြောတယ်ဆိုရင်တော့ သစ္စာမဲ့သူ ယုတ်ညံ့သူလို့ သတ်မှတ်ခံရမှာဖြစ်လို့ မှားနေတာကို ခုလိုထောက်ပြနေခြင်းဖြစ်ပါတယ်" လို့ ဦးခင်ရီက ပြောပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီအပါအဝင် တခြားပါတီ‌တချို့လည်း ပူးပေါင်းရှင်းလင်းခဲ့ကြပါတယ်။ သတင်း - ထက်ဝေအောင်
1 year Ago

November 6, 2020

မဲဆွယ်ကာလမကုန်ခင် နာရီပိုင်းအလိုထိ အနီ အစိမ်း အားပြိုင်ခဲ့သည့် ဆိပ်ကြီးခနောင်တိုမဲဆွယ်ပွဲ

ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးနောက်ဆုံးပြုလုပ်ရမယ့်ရက်ဖြစ်ပါတယ်။ ဒါ့ကြောင့် မဲဆွယ်ကာလ မကုန်ဆုံးခင်အချိန်မှာပဲ ရန်ကုန်တိုင်းရဲ့ ယှဉ်ပြိုင်မှု ပြင်းထန်ပြီးတဲ့ဆိပ်ကြီးခနောင်တိုမြို့မှာ အန်အယ်လ်ဒီ ပါတီထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေး ပါတီထောက်ခံသူတွေဟာ ရာနဲ့ချီတဲ့ လူအင်အား အလုံးအရင်းနဲ့ ညနေမိုးချုပ်ပိုင်းထိ အပြိုင်အဆိုင် မဲဆွယ်အင်အားပြခဲ့ကြပါတယ်။ ဒီနေ့မဲဆွယ်ပွဲမှာတော့ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီ ကိုယ်တိုင်မဲထွက်ဆွယ်ခဲ့သလို အနီ နဲ့အစိမ်း ပါတီကြီးနှစ်ခုဟာ တစ်ဖက်နဲ့ တစ်ဖက် မကြာခဏ ထိပ်တိုက်ထိတွေ့မှုတွေ ဖြစ်ခဲ့တာကြောင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေသာမက အထူးရဲတွေပါ ပူးပေါင်းပြီး လုံခြုံရေး အင်အားယူခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မဲဆွယ်လှည့်လည်ရင်း ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့သလို ဒီကနေ့မှာလည်း ခိုက်ရန် ဖြစ်ပွားမှုတွေ ရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီဟာ ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး သူ့ရဲ့အဓိက ပြိုင်ဘက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ကိုယ်စားလှယ်လောင်း ဦးတင်ထွန်းနိုင်ဖြစ်ပါတယ်။ ဦးတင်ထွန်းနိုင်ဟာ ၂၀၁၅  ရွေးကောက်ပွဲတုန်းက ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေပဲ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံထားရပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၆၀၀၀ ကျော် ရှိပါတယ်။
1 year Ago
Up