ဥရုဂွေးဆိပ်ကမ်း

April 10, 2019

ဥရုဂွေးဆိပ်ကမ်းသို့ ကမ္ဘာ့အကြီးဆုံး စာအုပ်သင်္ဘောကြီး ဆိုက်ကပ်၊ ဒေသခံများကို ဆွဲဆောင်

ဥရုဂွေးနိုင်ငံ မွန်တီဗီဒီယိုမြို့ ဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်သင်္ဘော Logos Hope ဟာ ထောင်ချီတဲ့ ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ စာအုပ်မျိုးစုံ တင်ဆောင်လာတဲ့ အဲဒီသင်္ဘောကြီးဟာ ၂၀၀၄ ခုနှစ်က စပြီး ရေမိုင်ပေါင်း ၉ သောင်းခွဲကျော် ခရီးနှင်ခဲ့ပြီးပါပြီ။ ဒါ့အပြင် ဝန်ဆောင်မှုပေးဖို့ နိုင်ငံပေါင်း ၆၀ ကျော်က စေတနာ့ဝန်ထမ်း ၄၀၀ ကျော်လည်း သင်္ဘောပေါ်မှာ လိုက်ပါလာပြီး ကပ္ပတိန်အပါအဝင် သင်္ဘောဝန်ထမ်းအားလုံးဟာ စေတနာ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်ကို ဧည့်သည် ၇ သန်းကျော် လာခဲ့ကြပါတယ်။ နေရာပေါင်းစုံမှာရှိတဲ့ လူတွေအတွက် မျှော်လင့်ချက်တွေ သယ်ဆောင်လာဖို့၊ ကူညီဖို့နဲ့ ဗဟုသုတတွေ မျှဝေဖို့ ဒီသင်္ဘောဟာ ကမ္ဘာပတ်နေတာလို့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။ သင်္ဘောပေါ်မှာ ကလေးတွေအတွက် စာအုပ်အပြင် ဟင်းချက်နည်းတွေ၊ ခရစ်ယာန်ဘာသာရေးအကြောင်း စတဲ့ စာအုပ်အမျိုးအစားပေါင်း ၅ ထောင်ကျော်ပါပြီး သင်္ဘောပေါ်ကို ဝင်ကြေး ဥရုဂွေး ပီဆို ၄၀ ကောက်ခံပါတယ်။ အဲဒီသင်္ဘောဟာ ဥရုဂွေးနိုင်ငံကို ဧပြီ ၄ ရက်နေ့က ရောက်လာပြီး ဧပြီ ၂၁ ရက်အထိ ရှိနေမှာပါ။ ပြီးရင်တော့ အာဂျင်တီးနားနိုင်ငံကို ခရီးဆက်နှင်မယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up