ဥသြဆွဲရန်

July 13, 2018

အာဇာနည်နေ့တွင် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရန်နှင့် ဥသြဆွဲရန် ညွန်ကြား

လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် (၇၁) နှစ်မြောက် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့  နိုင်ငံတဝန်းလုံးမှာ တိုင်ဝက်လွှင့်ထူသွားကြဖို့နဲ့ ဥသြဆွဲကြဖို့ နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာနတွေ အားလုံးကို ညွန်ကြားထားပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်  မနက် ၁ဝ နာရီ ၃၇ မိနစ် အချိန်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ဥသြဆွဲအချက်ပေးဖို့ လမ်းခရီးမှာ သွားလာနေကြတဲ့ မော်တော်ယာဉ်တွေ ခေတ္တရပ်ပြီး ဟွန်းတီးဖို့လည်း အစိုးရက အသိပေး ကြေညာထားပါတယ်။ ဒါ့အပြင် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်မှာ နိုင်ငံတော်အဆင့် အာဇာနည်နေ့ အခမ်းအနား ကျင်းပဖို့ရှိလို့ အာဇာနည်လမ်းအပါဝင် ရွှေတိဂုံဘုရားအနီးတဝိုက် လမ်းအချို့ကို ခေတ္တပိတ်ထားမယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်မှာ အခမ်းအနား ကျင်းပမယ့် မနက် ဝ၄းဝဝ နာရီကနေ အခမ်းအနား ပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းနဲ့ လင့်(ခ်)လမ်းဆုံ၊ ဓမ္မစေတီလမ်းနဲ့ အင်းလျားလမ်းဆုံ၊ အနောက်ရွှေဂုံတိုင်လမ်းနဲ့ ဦးဝိစာရလမ်းဆုံတို့ကနေ လမ်းလွှဲစနစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အာဇာနည်လမ်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (သွေးဆေးကန်) လမ်းတွေကိုတော့ ခေတ္တပိတ်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်ကြည့်ရှုသူ ပြည်သူတွေ သွားလာရေး အဆင်ပြေဖို့ ဗိုလ်ချုပ်ပြတိုက်လမ်းကို မနက် ၅ နာရီကနေ ပြတိုက်ပိတ်ချိန်အထိ မော်တော်ယာဉ်တွေ သွားလာခွင့်မပြုဘဲ ခေတ္တလမ်းပိတ်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
5 years Ago
Up