ဥရောပသမဂ္ဂ ရဲလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ယူရိုပိုက ဥရောပ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနသစ်ကို ဇန်န၀ါရီ ၂၅ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်တွေနဲ့ တခြား ဘာသာရေး စစ်ဝါဒီ စစ်သွေးကြွတွေဟာ မနှစ်က ပါရီတိုက်ခိုက်မှုအပြီး ဥရောပမှာ စစ်ဆင်ရေးအသစ်တွေနဲ့အတူ အင်အားပိုကြီးလာဖို့ အလားအလာနဲ့ အကြောင်းပြချက် အများကြီးရှိတယ်လို့ ယူရိုပိုက ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ပြောပါတယ်။
ဌာနသစ် ညွှန်မှူး ရော့ဘ် ဝိန်းရိုက်ထ်က အိုင်အက်စ်တွေရဲ့ နောက်ထပ် တိုက်ခိုက်နိုင်စွမ်းကို ဥရောပ အမျိုးသားလုံခြုံရေး ခေါင်းဆောင်တွေက ချင့်ချိန် ဆုံးဖြတ်ခဲ့ကြတယ်လို့ နယ်သာလန်နိုင်ငံ သဟိတ်မြို့မှာ အခြေစိုက်မယ့် ဌာနသစ်ဖွင့်ပွဲရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥရောပကော်မရှင်နာမင်းကြီး ဒမစ်ထရစ် အဗ်ရာမိုပိုလိုက နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။
"အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတွေကြား သတင်းအချက်အလက် ဖလှယ်တာတွေ တိုးချင်တယ်၊ ခုလို စိန်ခေါ်နေချိန်မှာ ကျနော်တို့ အတူအလုပ်လုပ်ဖို့ လိုတယ်" လို့ သူက ပြောပါတယ်။
ဥရောပအဖွဲ့ဝင် ၂၈ နိုင်ငံကြား ပြည်ဝင်ခွင့်ကင်းမဲ့ဇုန် ရွှမ်ဂံဒေသအတွင်း နယ်စပ် ထိန်းချုပ်မှုတွေ အရေးပေါ် တိုးမြှင့်ဖို့ ဥရောပသမဂ္ဂ ဝန်ကြီးများ အစည်းအဝေးကို ဇန်န၀ါရီ ၂၅ ရက်နေ့က ကျင်းပခဲ့တာပါ။
မနှစ်က အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တောင်အာရှဒေသတွေက ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁ သန်းကျော် ဥရောပကို ရောက်လာခဲ့ပါတယ်။
ဒါဟာ ရွှမ်ဂံဒေသကို ကိုင်လှုပ်ခဲ့ပြီး ဥရောပနိုင်ငံတွေအတွက် အကြီးစားစိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်မှုအရေးကို အမြန်ကိုင်တွယ်ဖြေရှင်းတာ မလုပ်ရင် ရွှမ်ဂံနယ်မြေ ပြိုကွဲမယ့်ဘေး ရှိနေတယ်လို့ ဘယ်လ်ဂျီယံနဲ့ ဂျာမနီအစိုးရတွေက သတိပေးခဲ့ကြပါတယ်။
လောလောဆယ် ဂျာမနီ အပါအဝင် ရွှမ်ဂံအဖွဲ့ဝင် ၆ နိုင်ငံက နိုင်ငံကူးလက်မှတ် ကင်းလွတ်ခွင့်ရ ဇုန်ထဲမှာ နယ်စပ်စစ်ဆေးမှုတွေ ယာယီ လုပ်ဆောင်နေပါပြီ။
7 years Ago