ဥရောပစူပါဖလားပွဲစဉ်အဖြစ် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်တို့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ရာ ရီးရဲလ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ရီးရဲလ်ဟာ တိုက်စစ်မှူး ရော်နယ်ဒိုကလွဲပြီး ကျန်တဲ့ ကစားသမား အစုံအလင်နဲ့ ပွဲထွက် ယှဉ်ပြိုင်ခဲ့ပါတယ်။
မန်ယူကလည်း ဒီရာသီ အသစ်ခေါ်ယူထားတဲ့ လူကာကူ၊ မာတစ်၊ လင်ဒီလော့ဖ်တို့ကို ကျန် အဓိက ကစားသမားတွေနဲ့ တွဲဖက်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။
ရီးရဲလ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ လူကျွံအနေအထားကနေ ကပ်စ်မဲရိုးက အနီးကပ်ပိတ်သွင်းပြီး ရယူပေးခဲ့လို့ ပထမပိုင်းမှာ ရီးရဲလ်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
မိုဒရစ်၊ တိုနီခရူးစ်၊ အစ္စကိုနဲ့ ကပ်စ်မဲရိုးတို့ရဲ့ ရီးရဲလ်ကွင်းလယ်ဟာ မန်ယူကို ထိန်းချုပ်ကစားနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေမှာလည်း ရီးရဲလ်ကပဲ အသာရခဲ့ပါတယ်။
ရီးရဲလ်အတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ ဂါရတ်ဘေးလ်ရဲ့ ဖန်တီးပေးမှုကတဆင့် အစ္စကိုက သွင်းယူပေးခဲ့ပါတယ်။
မန်ယူအတွက် ချေပဂိုးတဂိုးကိုတော့ ပွဲချိန် ၆၂ မိနစ်မှာ မာတစ် ကန်သွင်းတဲ့ဘောလုံး ရီးရဲလ်ဂိုးသမား မဖမ်းနိုင်ဘဲ ပြန်ထွက်လာတာကို တိုက်စစ်မှူး လူကာကူ ပိတ်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဒီ့နောက် တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ရီးရဲလ်နိုင်ပြီး ဥရောပ စူပါဖလား ဆွတ်ခူး ရရှိသွားပါတယ်။
5 years Ago