ဦးဖြိုးမင်းသိန်း ပြော

February 19, 2017

ရန်ကုန် မြေဈေးကျအောင် လုပ်နေဟု ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်တိုင်းမှာ မြေဈေးကျအောင် အစိုးရက လုပ်ဆောင်နေပြီး မြေအပေါ် မျှော်လင့်ချက် မထားကြဖို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လုပ်ငန်းရှင်များကို သတိပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်၊ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ လုပ်ခဲ့တဲ့ ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ ကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “၀န်ထမ်းတွေ နေထိုင်နိုင်ဖို့အတွက် ကျနော်တို့ စီမံ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီအတွက် မြေရဲ့ တန်ဖိုးတွေကိုလည်း တဖြည်းဖြည်း ကျသွားနိုင်ဖို့အတွက် ကျနော်တို့ တိုင်းအစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်နေတယ် ဆိုတာကို ကျနော် ပွင့်ပွင့်လင်းလင်း အသိပေးပါရစေ။ ဘာကြောင့်လည်းဆို မြေအပေါ်မှာ မျှော်လင့်ချက် ဖြစ်နေမှာကို ကျနော် စိုးရိမ်ပါတယ်။” ရန်ကုန်တိုင်းမှာ မြို့သစ်စီမံကိန်းများ တည်ဆောက်ဖို့အတွက် ရန်ကုန်မက်ထရိုပိုလီတန်ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီတခုကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိမ်ခြံမြေဈေးကွက်မှာ ၀င်ရောက်ဈေးကစားမှုများကို ကာကွယ်ဖို့အတွက် လွှတ်တော်မှာ ပိုင်ဆိုင်မှုအခွန် ကောက်ခံရန် ဥပဒေကို စတင်ရေးဆွဲနေပြီး ဥပဒေရှိလာရင်လည်း မြေဈေးတွေ ထပ်ကျဖို့ရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်နေကြပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်က အိမ်ခြံမြေဈေးကြီးမြင့်မှုက ကြီးမားတဲ့ အဟန့်အတားတခု ဖြစ်နေတာပါ။
4 years Ago
Up