ဦးဝင်းတင်

April 21, 2015

ဦးဝင်းတင် ၏ စာပေများကို ပြန်လည်တူးဖော်ခြင်း

ဦးဝင်းတင်လို့ ပြောလိုက်တာနဲ့ စာရေးဆရာဆိုတာထက် ထင်ရှားတဲ့ နိုင်ငံရေးသမား သတင်းစာဆရာ အဖြစ်လူသိများကြတာပါ။ မြန်မာသတင်းစာလောကမှာ သြဇာကြီးမားတဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ ဟံသာဝတီသတင်းစာရဲ့ အယ်ဒီတာချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်တာကြောင့် ဟံသာဝတီဦးဝင်းတင် လို့လည်း လူသိများပါတယ်။ ဦးဝင်းတင်ဟာ ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း တွေမှာ ဝင်းတင် အမည်နဲ့ ကဗျာနဲ့ ဝတ္ထုတို တွေကို စတင် ရေးသားရင်း ကလောင်သွေးခဲ့ပါတယ်။ အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီး AFP နိုင်ငံခြားသတင်းဌာနမှာ ည အယ်ဒီတာ၊ စာပေဗိမာန်မှာ လက်ထောက် အယ်ဒီတာတွေ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးဟာ ကြေးမုံသတင်းစာ စတင်တည်ထောင်သူတွေထဲလည်း ပါဝင်ခဲ့သူပါ။ ဦးဝင်းတင် ရေးသားခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်တချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဆရာကြီးရဲ့ နာမည်ကျော်စာအုပ်တွေထဲမှာ ကွိ လည်း တအုပ်အပါအဝင် ဖြစ်ပါတယ်။ ဒီဘာသာပြန်စာအုပ်ဟာ ဆရာကြီးရဲ့ သမ္မာကျမ်းစာလိုစာအုပ်ဖြစ်ခဲ့ပြီး ဂျာနယ်ကျော်ဦးချစ်မောင်တို့လို ဆရာကြီးတွေရဲ့ ကိုးကွယ်ရာစာအုပ်လည်း ဖြစ်ပါတယ်။ သတင်းစာသမားတစ်ယောက်အကြောင်း ရေးထားတဲ့ဒီစာအုပ်ကို ခေတ်သတင်းစာသမားတွေအနေနဲ့ ဖတ်ကြည့်စေချင်တယ်လို့ ဆရာကြီးက တိုက်တွန်းထားပါတယ်။ ဥတ္တရအလင်း စာအုပ်ကလည်း ဘာသာပြန်စာအုပ်ဖြစ်ပြီး သတင်းစာလောကအကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ သတင်းစာဆရာရော လေးနက်တဲ့စာရေးဆရာတွေဟာ ကိုယ့်ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် လေ့လာပြီး ပြန်ရေးတာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းသမားတွေက လတ်တလော ဖြစ်ပျက်နေတဲ့ အနေအထားတွေပေါ်မူတည်ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး ကြည့်ပြီးတော့ သုံးသပ် ခွဲခြမ်းစိတ်ဖြာပြီး သတင်းအချက်အလက် တိအကျ နဲ့ သူ့ရဲ့အမြင်ကို ပြန်ရေးတာပါ။ စာရေးဆရာကတော့ ခံစားမှုနဲ့ယှဉ်ပြီး ပြန်လှန်သုံးသပ်ပြီး စိတ်ကူးယဉ်ကွန့်မြုးပြီး ပြန်ရေးကြပါတယ်။ ဝတ္ထုရေးသမား စာရေးဆရာနဲ့ သတင်းသမားကနေ စာရေးကောင်းလို့ စာအုပ်စာတမ်းရေးတဲ့သူတွေက မတူဘူး လို့ ဆရာဖေမြင့်က ပြောပါတယ်။ “ဆရာက စာရေးဆရာဆိုတာထက် သတင်းစာဆရာလို့ပြောရမှာပေါ့။ နောက်ဆုံး နိုင်ငံရေးလုပ်ပြီးတဲ့အထိ သူ့တစ်ဘဝလုံးခြုံပြီးပြောမယ်ဆိုလည်း ဆရာဦးဝင်းတင်ဟာ သတင်းစာဆရာကြီးဖြစ်တယ်။ နောင်တစ်ချိန်ကြတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်ပြီးတော့ ပါဝင်သွားတယ်။ ရွပ်ရွပ်ချွံချွံလုပ်သွားတယ်ပေါ့နော်။ ဒါပေမယ့် သူ့ရဲ့ ဦးနှောက် စိတ်ဓာတ် အတွေးအခေါ် အမြင်ကတော့ သတင်းစာဆရာရဲ့အမြင်ပဲ တသက်လုံးလွှမ်းမိုးခဲ့တယ်လို့ မြင်တယ်။” ဆရာကြီးဟာ ခရီးသွားစာပေအမျိုးအစားဖြစ်တဲ့ ခရီးသွားစာပေ စာအုပ်ကိုလည်း ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဆရာကြီးရဲ့ ခရီးသွားစာတမ်း ၂ စောင်ကို ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၂ ခုနှစ်လောက်မှာ ဆိုဗီယက်နဲ့အရှေ့ဥရောပနိုင်ငံတွေကိုသွားတုန်းက အဲဒီမှာမြင်တွေ့ခဲ့ရတာတွေကို ကြေးမုံသတင်းစာမှာ ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးတွေကို စုစည်းပြီးတော့လည်း ကမ္ဘာနီတွင် တင်္ဒဂ ဆိုတဲ့ စာအုပ်ကို ထုတ်ဝေထားပါသေးတယ်။ ဆရာကြီးဆရာကြီးရေးသားခဲ့တဲ့ စာပေပညာနဲ့ပတ်သက်တဲ့စာတမ်း ၂ စောင်ကို စုစည်းပြီး စာပေမွေ့လျော်မှု ပျိုးထောင်ခြင်း ဆိုတဲ့စာအုပ်ကိုလည်းထုတ်ဝေထားပါတယ်။ ဒီစာအုပ်ကရတဲ့အကျိုးအမြတ်တွေကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို လှူဒါန်းသွားမယ်လို့လည်း ထုတ်ဝေသူက ပြောပြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးငါးဆယ်လောက်က ရေးသားထားတဲ့ဆောင်းပါးတွေဖြစ်ပေမယ့် ဒီနေ့ခတ်အဖြစ်အပျက်တွေနဲ့အများကြီးတူညီတယ်လို့ ဆရာကြီးပြောခဲ့တာကတော့ နိုင်ငံရေးဒဏ္ဍာရီနှင့်အတွေးအမြင်ဆောင်းပါးများစာအုပ် ဖြစ်ပါတယ်။ ဆရာကြီးရဲ့ နာမည်ကျော် လူ့ငရဲစာအုပ်ကတော့ ဆရာကြီးထောင်ကထွက်လာပြီး ရေးတဲ့ စာအုပ်ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ လောက် ထောင်ထဲမှာကြုံတွေ့ခဲ့ရတဲ့ ညှင်းပမ်းနှိပ်စက်ခံရမှုတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဆရာကြီးရဲ့ကိုယ်တွေ့မှတ်တမ်းတွေနဲ့ရေးသားထားတာပါ။ ဆရာကြီးဦးဝင်းတင်ဟာ တစ်ချိန်တုန်းက စာရေးများတဲ့အချိန် ဟံသာဝတီဦးဝင်းတင်ရယ်လို့ လူသိများနေတဲ့အချိန်ဖြစ်ပြီး စာအုပ်တွေထုတ်ဖို့ရှိပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် မထုတ်ဖြစ်ခဲ့ဘူးလို့ ဆရာကြီးမကွယ်လွန်မီက ပြောသွားခဲ့ပါတယ်။ “ကျွန်တော်လည်းအဲဒီအချိန်မှာအသက်တော်တော်လည်းကြီးသွားပြီ။ ၅၀ နားနီးသွားပြီပေါ့ဗျာ။ စာတွေလည်းတော်တော်ရေးနေပြီ။ ဒါပေမယ့် ပြသနာက အဲဒီအချိန်မှာ ထုတ်ဝေမယ့်သူမရှိဘူးလေ။ စာအုပ်တွေက ထုတ်ချင်တိုင်းထုတ်လို့မရဘူး။ စာပေစိစစ်ရေးကလည်းရှိသေးတယ်။ ဒီခေတ်မှာဆိုရင်တော့ ကျွန်တော့်စာအုပ်တွေ တော်တော်များများထွက်တယ်။ ဥပမာ ကျွန်တော့်အင်တာဗျူးတွေ စုထုတ်တာတို့ ကျွန်တော့်ဆောင်းပါးအဟောင်းတွေစုထုတ်တာတို့။ ဟိုခေတ်ကလုပ်လို့မရဘူး။ စက္ကူကလည်းရှားတယ်ဗျ။” အဲဒီအချိန်တုန်းက သူ့ဆောင်းပါးပါရင် ဖြတ် ဆိုတာနဲ့ အခုခေတ်လိုအလွယ်တကူမဟုတ်ပဲ စာရွက်ဆွဲဆုတ်တာမျိုးလုပ်တဲ့အတွက် ပြန်ပြီးပြင်ဆင်ရတာနဲ့ သူ့ဆောင်းပါးတွေကို တော်ရုံမသုံးရဲကြဘူးလို့လည်း ပြောပါတယ်။ “ အဲတော့ ကျွန်တော်က Black List မဟုတ်တာတစ်ခုပဲ။ Black Name ပေါ့ဗျာ။” ဆရာကြီးဟာ နိုင်ငံရေးစာပေအပြင် အနုပညာနဲ့ပတ်သက်တဲ့စာအုပ်တွေကိုလည်း ရေးသားခဲ့ပါသေးတယ်။ အထူးသဖြင့် ခြေမှာစကား လက်ဖျားကဗျာ မျက်နှာဇာတ်လမ်း စာအုပ်ဟာ ခေါင်းစဉ်ကြည့်ကတည်းက အနုပညာပြည့်တဲ့ စာအုပ်ဖြစ်မယ်ဆိုတာ သိပါတယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။ “ ဒီစာအုပ်မျိုးက သူ့လိုလူမျိုးရေးတာ အကောင်းဆုံးပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့အတ္တအစွဲတွေကို တော်တော်ဖြုတ်ပြီးရေးတယ်။ ပကတိအတိုင်းရေးတယ်။ နောက်ပြီးတော့ ရင့်ကျက်မှု တစ်စုံတစ်ရာပါတယ်။ သတ္တိကအမြဲတမ်းအပြည့်ရှိနေတယ်..ဆိုတော့ မကောင်းခံနိုင်မလားဗျာ။ ကျွန်တော်ကတော့ အကြိုက်ဆုံးထဲမှာ ပါပါတယ်။” ဦးဝင်းတင်ငယ်စဉ်ကတည်းက ပေါ်သစ်နာမည်နဲ့ ပန်းချီဝေဖန်ရေး ရေးတာကို အထဲရောက်မှသိခဲ့ရပြီး သူ့ရဲ့ဆရာတစ်ယောက်ဖြစ်တယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။ “လူတစ်ယောက်ဟာ ကိုယ်ထုတ်လိုက်တဲ့လက်ရာတစ်ခုကို ပြီးကတတ်ဆန်းမဟုတ်ပဲနဲ့ ကျကျနန ဂရုတစိုက်နဲ့နာမည်ပေးတယ်ဆိုကတည်းက အဲဒီနာမည်မှာ အနုပညာကပါနေပြီ။ ကျွန်တော်ကတော့ ဘဘဦးဝင်းတင်ကို အင်မတန်သိတဲ့ နိုင်ငံရေးကို ထဲထဲဝင်ဝင်ကို ဝင်လုပ်နေတဲ့ စာနယ်ဇင်းဆရာကြီးတစ်ယောက်လို့ပဲ ကျွန်တော်မြင်တာပေါ့။”  
7 years Ago

ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို တိုင်းပြည်က တန်းဖိုးထားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပပါတယ်။ ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူ့ကို ချစ်ခင်လေး စားတဲ့သူ အများအပြား တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဝင်းတင်လို ပုဂ္ဂိုလ် တွေကို တိုင်းပြည်နဲ့ ပြည်သူလူထုက တန်ဖိုးထားကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ “ကျမတို့ဟာ တန်ဖိုးထားသင့်သူများကို တန်ဖိုးထားရပါမယ်။ အထူးသဖြင့် ကျမတို့ တန်ဖိုးထားသင့်တဲ့ပုဂ္ဂိုလ်များ ကျမတို့ကို ရှေ့ဆောင်ပြီးတော့ နမူနာအားဖြင့် လမ်းပြသွားမယ့်၊ သွန်သင်ဆုံးမသွားမယ့် ပုဂ္ဂိုလ်မျုားကို တန်ဖိုးထားနိုင်တာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှကောင်းတဲ့ ကိစ္စပါ။” အန်အလ်ဒီပါတီ အတွင်းရေးမှူးနဲ့ နာယကအဖွဲ့ဝင် တာဝန်တွေ ယူခဲ့တဲ့ ဦးဝင်းတင်ဟာ တာဝန်ကျေ၊ တာဝန်သိပြီး ပါတီအပေါ်သစ္စာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကားပြောကြားသွားပါတယ်။ “ဆရာကြီးဦးဝင်းတင်ဟာ ကျမတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးဖြစ်ခဲ့သလို တကယ့်ကို အားကိုးရတဲ့ တကယ့်ကို အင်အားပြည့်ဝတဲ့ ဒီမိုကရေစီရဲဘော်တယောက်ဖြစ်ခဲ့ပါတယ်” ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခမ်းအနား တက်ရောက်လာ သူတွေက ဒီကနေ့မှာ အပြာရောင်ဝတ်ဆင်ကြပါတယ်။ ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်း ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ဒီအပြာဝတ်တယ်ဆိုတာက အဘရဲ့ရည်ရွယ်ချက်ကိုက သူထောင်က ထွက်လာတယ်။ အားလုံး လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီးဝတ်တာပေါ့။ အဘ စ၀တ်ကတည်းက သူ့ရည်ရွယ်ချက်နဲ့ သူဝတ်တာဖြစ်တဲ့အတွက် ကျမတို့ တနှစ်ပြည့်မှာ ကမ်ပိန်း လုပ်တယ် ဆိုတာကတော့ အားလုံးအတွက်ပါပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအတွက်ရော၊ အဘအ နေနဲ့ရော၊ အခုချိန်ထိလည်း နိုင်ငံရေးအကျဉ်းသားတွေရှိနေဆဲပဲပေါ့။ ဒါကို ၀တ်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက်လည်း ပါသွားပြီးသားဖြစ်တာပေါ့”လို့ ဒီဗွီဘီကိုပြောပါတယ်။ ဦးဝင်းတင်ဟာ ၁၉၈၉ ကနေ ၂၀၀၈ အထိ ထောင်တွင်းမှာ ၁၉ နှစ် အကျဉ်းကျခံခဲ့ရပြီး ပြန်လွတ်လာချိန်မှာလည်း တခြား နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်မချင်း ထောင်ဝတ် စုံဖြစ်တဲ့ အပြာရောင်ကိုသာ ၀တ်ဆင်ဖို့ အဓိဋ္ဌာန်ပြုပြီး ကွယ်လွန်သည်အထိလည်း အပြာရောင်ကို ၀တ်ဆင်ခဲ့တာပါ။ အခမ်းအနားအပြီးမှာ ဦးဝင်းတင်ရဲ့ အုတ်ဂူကိုသွားရောက်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုလည်း ကျင်းပခဲ့ပါတယ်။ ဦးဝင်းတင်ကို ဂုဏ်ပြုအောက်မေ့တဲ့အနေနဲ့ ဆွမ်းကပ်ဆုတောင်းပွဲတွေ ရန်ကုန်အပြင် တခြားမြို့တွေမှာ ကျင်းပကြသလို ထိုင်းနယ်စပ် မဲဆောက်မြို့မှာလည်း အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကြပါတယ်။ ဟံသာဝတီဦးဝင်းတင်ဟာ ၁၉၃၀ ခုနှစ်မှာမွေးဖွားပြီး ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ အသက် ၈၅နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူအသက်ရှင်စဉ်မှာ နေထိုင်ခဲ့တဲ့ နေအိမ်ငယ်ကလေးကို ပြတိုက်အဖြစ် ဖွင့်လှစ်ဖို့လည်း ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက လုပ်ဆောင်နေပါတယ်။
7 years Ago

ဟံသာဝတီဦးဝင်းတင် အောက်မေ့ဖွယ်အခမ်းအနား (ဓာတ်ပုံ)

သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဧပြီလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက ကိုမင်းကိုနိုင်တို့ တက်ရောက်ခဲ့ပါတယ်။ [gallery ids="90124,90125,90126,90127,90128,90129,90130,90131,90132,90133,90134,90135,90136,90137,90138,90139,90140,90141,90142"]
7 years Ago

ဦးဝင်းတင်အတွက် အပြာရောင် အင်္ကျီဝတ်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော် သတင်းစာ ရေးသား

ဧပြီ ၂၁ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဦးဝင်တင် တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် အပြာရောင် အင်္ကျီတွေ ၀တ်ကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော်သတင်းက ရေးပါတယ်။ “ဦးဝင်းတင် အတွက် အပြာရောင်ဝတ်ကြပါ၊ မြန်မာအတွက် အပြာရောင် ၀တ်ကြပါ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထားတာ ဖြစ်ပါတယ်။ ဦးဝင်တင် ကွယ်လွန်တာ တနှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ လူတွေကို အပြာရောင်ဝတ်ဖို့ တိုက်တွန်းနေ သလို ဒါဟာ မြန်မာ့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အမြောက်အမြား ရှိနေသေးတယ်ဆိုတာကို သတိထားမိစေမှာ ဖြစ်တယ်လို့ သတင်းက ရေးပါတယ်။ ဦးဝင်းတင်ဟာ ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်အထိ ထောင်ဒဏ် ကျခံခဲ့ရသလို ကာလအကြာရှည်ဆုံး အကျဉ်းကျခံရတဲ့ နိုင်ငံရေးသမား တဦးဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ဒါအပြင် ၂၀၁၄ ခုနှစ် ကွယ်လွန်ရာမှာလည်း အပြာရောင် အကျီင်္ကို ၀တ်ဆင်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ မလွတ် မချင်း ဒီအပြာရောင်အင်္ကျီကို နေ့စဉ်ဝတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ သူသေဆုံးတာ တနှစ်ပြည့်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား ၁၇၀ ကျော် အကျဉ်းကျခံနေဆဲ ဖြစ်သလို ၃၀၀ ကျော်ဟာလည်း အမှုရင်ဆိုင်နေရတယ်လို့ သတင်းက ရေးပါတယ်။
7 years Ago
More News
Up