ဦးသောဘိတ

May 23, 2019

ဦးသောဘိတကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တပ်မတော်က ထပ်မံ ဦးတိုက်လျှောက်

မန္တလေးမြို့ အမရပူရမြို့နယ်က  ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က အမရပူရမြို့နယ်တရားရုံးမှာ ထပ်မံ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။ တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားတယ်လို့ စွပ်စွဲခံရပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို မေလ ၂၃ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်က ထပ်မံပြီး  ဦးတိုက်လျှောက်ထားခဲ့တာပါ။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်က “တပ်မတော်သားအားလုံးကို သူခိုး၊ ဓားပြ သူပုန်တွေပဲဆိုတော့ တပ်မတော်သားတွေက နိုင်ငံ့ဝန်ထမ်းတွေပါ။ အဲ့ဒီအခါကျတော့ နိုင်ငံတော်အစိုးရကိုလည်း စော်ကားသလိုဖြစ်နေတာပေါ့။ ပုဒ်မကတော့ ကိုယ်တို့အလုပ်မဟုတ်ဘူးလေ။ ကိုယ့်ခံစားချက်နဲ့ ဦးတိုက်လျှောက်လိုက်တယ်။ တရားသူကြီးက ဥပဒေကြောင်းအရ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်တယ်” လို့ ပြောပါတယ် အခုလို အမှုရင်ဆိုင်နေရာတာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးသောဘိတက“တပ်မတော်ကို ဝေဖန်တယ်ဆိုတာကလည်းအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၃၅၄ (က) အရ ဒီနိုင်ငံသားတယောက်ရဲ့ ပြောဆိုခွင့်တွေကို ပြောဆိုနေတဲ့ တိုင်းသူပြည်သားတွေကို တပ်မတော်က တရားစွဲဆိုတာဟာ တပ်မတော်အတွက် အလွန်အင်မတန် ရှက်စရာကောင်းတဲ့ အရာဖြစ်တယ်ဆိုတာ တပ်မတော်က ခေါင်းဆောင်တွေ သိစေချင်တယ်” လို့ မိန့်ကြားပါတယ်။ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ လူမှုကွန်ရက်စာမျက်​ပေါ်မှာ ၂၀၁၈ စက်တင်ဘာ ၉ ရက်နေ့က “စေတနာတွေ မှန်ကန်ဖို့လိုပါတယ်” ခေါင်းစဉ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ရဲ့ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ရေးတင်ခဲ့တာပါ။ ဒါကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒီနောက် အာမခံရရှိပြီးနောက် အပြင်ကနေ အမှု ရင်ဆိုင်နေရတာပါ။
3 years Ago

September 28, 2018

တပ်ကိုဝေဖန်၍ အမှုဖွင့်ခံထားရသည့် ဆရာတော် ဦးသောဘိတ ရဲစခန်း၌ စစ်ဆေးခံ

တပ်မတော်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝေဖန်ခဲ့လို့ ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံထားရသည့် ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မနက်က မန္တလေး၊ အမရပူရမြို့မ ရဲစခန်းမှာ အစစ်ဆေးခံယူခဲ့ပါတယ်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တပ်မတော်နဲ့ တပ်မတော်သား​တွေကို သိက္ခာကျဆင်းစေမယ့် ပုတ်ခတ်ရေးသားခဲ့တယ်​လို့ စွပ်စွဲ​ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံထားရတာပါ။ ရဲစခန်းကို ကြွရောက်လာတဲ့ ဆရာတော် ဦးသောဘိတကို ဆရာတော် သံဃာတော်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လေ့လာစောင့်ကြည့်​​သူ ၅၀ ​ကျော်​လောက် လာရောက်ဝန်းရံ​ပေးခဲ့ကြပါတယ်​။ ဆရာတော် ဦးသောဘိတက “ကျောင်းတိုက်ထဲမှာလာပြီးတော့ လုပ်ပိုင်ခွင့်တွေ၊ တရားဥပဒေကို အဆင့်ဆင့်သွားရမယ့် လမ်းကြောင်းတွေကို ကျော်ပြီးတော့ အင်နဲ့အားနဲ့ တိုက်ကို စော်ကားသွားတဲ့ လုပ်ရပ်မျိုးကို မကြိုက်လို့ လာရောက် အစစ်ဆေးခံတာပါ။ နောက်ပြီး ဖွင့်ထားတဲ့ ပုဒ်မ ၆၆(ဃ) က ရိုးရိုးမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခတခုကို ဖန်တီးနေတဲ့ပုံဖြစ်တယ်” လို့ မိန့်ကြားပါတယ်​။ ဆရာတော်ဟာ ကျောင်းတိုက်​ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူတွေ ပြုလုပ်နေတယ်ဆိုပြီး မဟာဂန္ဓာရုံကျောင်းတိုက်မှ (နှင်ထုတ်) ကြောင်းကို စက်တင်ဘာ ၂၅ ရက်နေ့က သံဃမဟာနာယက ဆရာတော်တွေနဲ့ နာယကဆရာတော်တွေ လက်မှတ်ထိုးကာ တရားဝင်​ထုတ်​ပြန်​ခဲ့ပါတယ်။ “အပပြုခံရတာနဲ့ ပတ်သက်လို့တော့ ဘာမှမပြောချင်ဘူး၊ စိတ်မကောင်းတော့ ဖြစ်တာပေါ့။ ဒီဘက်က တရားစွဲအဖွဲ့အစည်းကလည်း အလွန်အကျွံ ဖိအားပေးတာလည်း ပါမှာပေါ့” လို့ ဆရာတော် ဦးသောဘိတက မိန့်ပါတယ်​။ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ ဂန္ဓကုဋီ ဦးဘသိန်းကျောင်းမှာ သီတင်းသုံး​တဲ့ ဆရာတော် ဦးသောဘိတ လူမှုကွန်ရက်ပေါ်မှာ စက်တင်ဘာ ၉ ရက်နေ့က စေတနာတွေ မှန်ကန်ဖို့လိုပါတယ် ခေါင်းစဉ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က မြတောင်ကျောင်းတိုက်အတွင်း ဆေးကုနေမှုအပေါ် သဘောထားအမြင် ရေးသားခဲ့တာပါ။ “ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ သဘာဝကျပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ကျန်းမာရေးဝန်ကြီးဌာနကလုပ်တာ သဘာဝကျပါတယ်။ တပ်ကတောင်းတဲ့ ဘတ်ဂျက်စာရင်းထဲမှာ အဲဒီအတွက် ထည့်တောင်းတာဆိုရင်တော့ နောက်နှစ်တွေမှာ လျော့ပေါ့ပြီးတောင်းကြပါ။ မယောင်ရာ ဆီမလူးပါနဲ့” လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာ​ကြောင့်​ အမှုဖွင့်ခံရတာလည်း ဖြစ်​ပါတယ်​။ ရွှေဝါရောင်ဆရာတော် ဦးသောဘိတကို တပ်မတော်နဲ့ တပ်မတော်သား​​တွေအပေါ် ဂုဏ်သိက္ခာထိခိုက်​တယ်​ဆိုပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ (ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်​ထားပါတယ်။
3 years Ago
Up