ဦးရွှေမန်း

April 5, 2019

ဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ခွင့်ရ

သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၄ ရက်မှာ တည်ထောင်ခွင့် ပြုလိုက်ပါတယ်။ ပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေးတာဝန်ယူထားသူ ဦးခိုင်မောင်ရည်က ပါတီမှတ်ပုံတင်တဲ့ကိစ္စတွေ ဆက်လုပ်ရဦးမယ်လို့ ပြောပါတယ်။ “တင်ထားတာကျသွားတော့ ပါတီထူထောင်ခွင့်ရသွားတဲ့သဘော၊ ပြီးတော့ မှတ်ပုံတင်ဖို့ ဆက်လုပ်ရမှာပေါ့၊ နောက် ပါတီအလံတို့ တံဆိပ်တို့ ဆက်လုပ်ရမယ့်ကိစ္စတွေ ရှိတယ်၊ အဲ့ဒါပါပဲ။” ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UNION BETTERMENT PARTY(UBP) ကို ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေး၊ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောက်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက  ပြောထားပါတယ်။ “ကျနော်တို့ဟာ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြည်သူတွေနဲ့အတူ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိက အခြေခံဖြစ်တဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ တချိန်တည်းမှာပဲ လူမှုရေး ကဏ္ဍဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတို့ကို စနစ်တကျ အစီစဉ်ရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနဲ့ အေးချမ်းရေး၊ မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရေးတို့ ဖြစ်ပါတယ်။ ပြည်သူလူထုကြီး အားပေးမှုနဲ့ အကြံပြုချက်တွေကို ခံယူလိုပါတယ်” လို့ ပြောထားတာပါ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဦးဆောင်မယ့်သူတွေထဲမှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော် အမတ်ဟောင်းတွေနဲ့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။
3 years Ago

February 28, 2018

ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးသည့်အပေါ် တပ်မတော် ကန့်ကွက်

  သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့  ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတိုး တာနဲ့ပတ်သက်ပြီး  တပ်မတော်က ကန့်ကွက်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းဝင်းက ကန့်ကွက်လိုက်တာပါ။ ဒီကော်မရှင်ကို ၂၀၁၆ မတ်လ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တစ်နှစ် သက်တမ်းတိုးမြှင့်ထားတာဟာ ၂၀၁၈ ဖေဖော်ဝါရီ ၂၈ ရက်မှာ သက်တမ်းကုန်ဆုံးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကော်မရှင်ရဲ့ သက်တမ်းကို နောက်ထပ တစ်နှစ်တိုးမြှင့်ဖို့ လွှတ်တော်မှာ တင်ပြပြီး သဘောထားရယူတာမှာ တပ်မတော်က အခုလို ကန့်ကွက်လိုက်တာပါ။ အခုလို ကန့်ကွက်ရတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က လုပ်ရတဲ့ လုပ်ငန်းတွေနဲ့ ကော်မရှင်ရဲ့ လုပ်ငန်းတွေဟာ ရောထွေးနေတဲ့အတွက် ကန့်ကွက်တာ ဖြစ်တယ်လို့ ကန့်ကွက်လိုက်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထွန်းဝင်းက  မီဒီယာတွေကို ပြောပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်း ကော်မတီတွေ၊ ဥပဒေကြမ်းတွေ တင်သွင်းခွင့်ရှိတဲ့အဖွဲ့တွေကပဲ ဒီလွှတ်တော်မှာ လုပ်နေတာပေါ့။ အဲမှာဘာသွားတွေ့ရလည်းဆို ဒီကော်မရှင်အနေနဲ့ လုပ်တဲ့အခါမှာ ဥပဒေကြမ်းတွေကိုပဲ များသော အားဖြင့်ရေးဆွဲနေတယ်။ ပြင်ဆင်နေတယ်။ ပြဌာန်းနေတယ်။ အဲဒါကိုပဲ တင်သွင်းနေ တယ်ဆိုတာကို သွားတွေ့ရပါတယ်။ အဲတွေ့ရတဲ့အခါကျတော့ ဘာဖြစ်လည်းဆို ပြည်သူ့ လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ ပြည်ထောင်စုလွှတ်တော်တွေမှာရှိတဲ့ ဥပဒေကြမ်း ကော်မတီတွေမှာ လုပ်တဲ့ဟာတွေမှာ ရောထွေးနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်နေနဲ့ လက်ရှိ ဒီနေ့သက်တမ်းတိုးတာကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်တွေကသွားပြီး ရောထွေးနေတာ တွေ့ရလို့ ကျနော်တို့ကလည်း ကန့်ကွက်ရတာ” တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲ ၂၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၉ မဲ ဖြစ်တဲ့အတွက် ကော်မရှင်သက်တမ်းတိုးတာကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
4 years Ago
More News
Up