ဦးမေအောင်

August 31, 2018

ကိုလိုနီခေတ်ဦး မြန်မာပညာရှင် ဦးမေအောင် (သုတကဖေး)

မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့ ကိုးရာမဲ့အချိန်တွင်... ရိုးရာကွယ့် မထိချင်တယ် ပဋိညာဉ်ခံပွဲ.. မြင်ရချက် ကိုယ့်သဏ္ဌာန်မှာ ဗိုလ်ဆန်ဆန် များကြသဘဲ….။   ဖော့လုံးဖြူမြိုင်မြိုင် ထိန်းပါလို့ ထိုင်မသိမ်းဝတ်လို့ မြင်ယောင် မင်းတပါး ဦးမေအောင်မှာ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့ မြန်မာတို့ ကိုးကြစရာ ဖြိုးကသမ္ဘာ သြဘာဆုခွန်းလှစ်ဖြာတယ် သွန်းမေတ္တာလောင်းပါရဲ့လေး…။ (သခင်ကိုယ်တော်မှိုင်း) ကျင်းပတဲ့သဘင်က အင်္ဂလိပ်ပဋိညာဉ်ခံ အရာရှိခန့်အပ်ပွဲ။ ၁၉၁၃ ခုနှစ်ခန့်လောက်ကပေါ့။ စင်မြင့်ပေါ် ကြည့်လိုက်တော့ ဥရောဝတ်စုံကိုယ်စီ ဆင်မြန်းလို့ တောက်ကြွားနေလေရဲ့။ [caption id="attachment_288100" align="alignleft" width="211"] ဓာတ်ပုံ - wikimedia[/caption] ဥရောပဝတ်စုံတွေကြားထဲမှာ ခေါင်းပေါင်းဖြူ ဖော့လုံးပေါင်းထားပြီး ထိုင်မသိမ်းအင်္ကျီ တောင်ရှည်ပုဆိုးနဲ့၊ အများနဲ့မတူ တမူထူးခြားနေသူတဦး။ အဲဒီလူတဦးကို မြင်တွေ့လိုက်ချိန်မှာတော့ အမျိုးဇာတိမာန်ကြီးလွန်းတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာဉာဏ်တွေလည်း ကွန့်မြူးလာခဲ့တယ် ထင်ပါရဲ့။ သူ့လေးချိုးရှည်ကြီးနဲ့ ဂုဏ်ပြုဖွဲ့စပ်ခဲ့ပါတယ်။ အဲသလို ဂုဏ်ပြုဖွဲ့စပ်ခံရသူကတော့ ဆရာကြီးဦးမေအောင်ပဲ ဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ မြန်မာ့ရိုးရာ အစဉ်အလာဝတ်စုံကို အမြတ်တနိုး ဝတ်ဆင်ပေမပေါ့။ သူကိုယ်တိုင် မြန်မာ့ယဉ်ကျေးမှုအကြောင်း ရေးသားရှာဖွေ ဖော်ထုတ်နေတဲ့သူပဲ။ ၁၉၀၇ နောက်ပိုင်း မြန်မာပြည် ပြန်ရောက်ကတည်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ ချဉ်းကပ်ပြီး မြန်မာ့ရာဇဝင်နဲ့ အစဉ်အလာ ယဉ်ကျေးမှုအကြောင်း သင်ကြား လေ့လာခဲ့သည်ပဲလေ။ ၁၉၁၂ ခုနှစ်ထဲမှာလည်း ပေပရပိုက်တွေထဲမှာ တိမ်မြုပ်နေတဲ့ မြန်မာဧချင်း ၁၂ စောင်တွဲကို မော်လမြိုင်ရှိ ရမ္မာဝတီ ပုံနှိပ်တိုက်ကနေ သူကိုယ်တိုင် တည်းဖြတ်ထုတ်ဝေခဲ့တာပဲ မဟုတ်လား။ ရမ္မာဝတီ ပုံနှိပ်တိုက် ဆိုတာကလည်း သူ့ဇနီး ဒေါ်သိန်းမြရဲ့အဖေ ပိုင်ခဲ့တာ။ သူက မော်လမြိုင်သူ ဒေါ်သိန်းမြနဲ့ ၁၈၉၉ မှာ လက်ထပ်ခဲ့တာ။ အဲဒီကာလက မော်လမြိုင် ရှင်မဟာဗုဒ္ဓဂေါသ အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်အဖြစ် လုပ်ကိုင်နေချိန်ပေါ့။ ၁၈၉၈ ကတော့ မြိတ်အထက်တန်းကျောင်းက အထက်တန်းပြဆရာ။ ဒါကလည်း ၁၈၉၇ ခုနှစ်က ဘီအေနောက်ဆုံးနှစ်မှာ ကျန်းမာရေးကြောင့် စာမေးပွဲ မဖြေလိုက်ရဘဲ နားနေချိန်မှာ အလုပ်ဝင်ခဲ့တာပါ။ မော်လမြိုင်က ဦးထွန်းဖေနဲ့ ဒေါ်မေတို့ရဲ့ သမီးပေါ့။ ဒေါ်မေကလည်း ဦးအုံးရွှေ၊ ဒေါ်မျှင်တို့သမီးကိုး။ ဒေါ်မျှင် ဆိုတာက စစ်ကဲမောင်ထော်လေးရဲ့ ပထမဇနီး ဒေါ်လူမင်းနဲ့ မွေးခဲ့တာပေါ့။ ဒီတော့ ဒေါ်သိန်းမြဟာ စစ်ကဲမောင်ထော်လေးရဲ့မြစ် တော်သတဲ့။ တဖက်ကကြည့်တော့လည်း မောင်မေအောင်ကို စစ်တွေမြို့မှာ အဖ ဦးသာဒိုးဖြူနဲ့ အမိ ဒေါ်နှောင်းဒွေးတို့က ၁၉၈၀ ပြည့်နှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ မွေးခဲ့တာ။ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံး ဆုံးသွားတော့ ဦးကြီးဖြစ်သူ ကာလကတ္တား ငွေစာရင်းမင်းကြီး ဦးလှအောင်နဲ့ မင်းကြီးကတော် ဒေါ်မြမေတို့က ခေါ်ယူမွေးစားပြီး ကာလကတ္တားမှာ ကျောင်းထားခဲ့တယ်။ ဒေါ်မြမေဆိုတာ မောင်ထော်လေးရဲ့ သမီးပဲပေါ့။ ဒီတော့ ဦးမေအောင်ဟာ ဒေါ်မြမေနဲ့ နှစ်ဖက် ဆွေမျိုး တော်နေတာပေါ့။ ဉာဏ်ပညာ ထက်မြက်တယ်။ စာတော်တယ်။ ကာလကတ္တားနဲ့ ရန်ကုန် အထက်တန်းကျောင်းတို့မှာ တက်ခဲ့တယ်။ တက္ကသိုလ်ဝင်တန်းမှာ မြန်မာစာနဲ့ အင်္ဂလိပ်စာ ပထမရတော့ ရနောင်းဆု ရခဲ့သေးတယ်။ ရန်ကုန်ရဲ့ ကာလကတ္တား လက်အောက်ခံ ကောလိပ်ကနေ အက်ဖ်အေတက်၊ စာမေးပွဲဖြေရတယ်။ အက်ဖ်အေတန်းမှာလည်း ပထမဆုရတော့ ဂျာဒင်းရွှေတံဆိပ်ဆု ရပြန်တယ်။ ဘီအေ နောက်ဆုံးနှစ် ကျန်းမာရေးကြောင့် စာမေးပွဲ မဖြေလိုက်ရဘူး။ ၁၉၀၀ ပြည့်နှစ်ရောက်တော့ ရန်ကုန် ပြောင်းလာခဲ့ပြီး ဦးရွှေအိုး ရေခဲစက်နဲ့ သစ်ရောင်းဝယ်ရေး မန်နေဂျာလုပ်ရင်း ၁၉၀၂ မှာတော့ ဒုတိယတန်း ရှေ့နေစာမေးပွဲ အောင်မြင်ခဲ့တယ်။ ညီဝမ်းကွဲ ဘလှအောင်နဲ့အတူ အောင်နှင့်အောင် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်ရာက ညီအစ်ကို နှစ်ယောက်စလုံး အင်္ဂလန်မှာ ဥပဒေပညာသင်ဖို့ ၁၉၀၄ ခုနှစ်မှာ ထွက်ခွာခဲ့ကြတယ်။ ကိန်းဘရစ်ကနေ LLB နဲ့ MA မဟာဘွဲ့အပြင် လင်ကွန်းဥပဒေကျောင်းကနေ Barrister of Law ကိုပါ ၁၉၀၇ မှာ ရရှိခဲ့ပြီးမှ မြန်မာပြည် ပြန်လာခဲ့တာ။ မြန်မာပြည် ပြန်ရောက်တော့ ဦးဘဘေတို့နဲ့ တွဲမိပြီး ဝိုင်အမ်ဘီအေကို ကိုယ်ရောစိတ်ပါ နှစ်ပြီး လုပ်ခဲ့တယ်။ အင်္ဂလန်မှာရှိစဉ် အိန္ဒိယနိုင်ငံရေးသမားတွေနဲ့ ဆုံခဲ့သလို ဆရာတော် ဦးဥတ္တမနဲ့လည်း နိုင်ငံ့အရေး ဆွေးနွေးခဲ့ရတယ်။ ဒီအချိန်တွေမှာကတည်းက နိုင်ငံရေး လုပ်လိုစိတ်တို့ ကိန်းအောင်းခဲ့ဟန်ပါပဲ။ ပထမအကြိမ် ဝိုင်အမ်ဘီအေ ညီလာခံသဘာပတိ (ဥက္ကဋ္ဌ) အဖြစ် လုပ်ခဲ့တယ်။ ၁၉၁၀ ပြည့်နှစ်ထဲမှာလည်း ဖာနီဗယ်တို့အတူ မြန်မာနိုင်ငံ သုတေသနအသင်းကို တည်ထောင်သူအဖြစ် ပါဝင်ခဲ့တယ်။ သူ ထုတ်ဝေတည်းဖြတ်ခဲ့တဲ့ ဧချင်း ၁၂ စောင်ကိုလည်း ပါမောက္ခ ဒူရိုင်ဆယ်က သုတေသနဂျာနယ်မှာ အကျယ်တဝင့် ဖော်ပြချီးကျူးခဲ့တယ်။ ဒီစာအုပ်ဟာ သုတေသနဂျာနယ်ထုတ် ကျမ်းပေါင်း ၄၆ ကျမ်းတို့ရဲ့ ရှေ့ပြေးလည်း ဖြစ်တယ်။ ဦးမေအောင်ဟာ သုတေသနဂျာနယ်မှာ စာတမ်းပေါင်း ၂၀ ကျော် ပြုစုရေးသားခဲ့တယ်။ သူ့စာတမ်းတွေထဲက A selection of leading cases on Buddhist Law စာတမ်းဟာ အရေးပါသလို ဒီစာတမ်းကြောင့်လည်း LLM ဥပဒေမဟာဘွဲ့ကို ကိန်းဘရစ်တက္ကသိုလ်က ချီးမြှင့်လိုက်ပါတယ်။ နိုင်ငံအရေးအနေနဲ့လည်း ၁၉၁၇ ထဲမှာ မွန်တေဂူ တွေ့ပြီး မြန်မာ့အရေး ဆွေးနွေးဖို့ အိန္ဒိယကို သွားခဲ့တယ်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန် ယူနီဗာစီတီကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီမှာ ဌာနကြီး ၆ ခုသာ ဖွင့်လှစ်နိုင်တဲ့အထဲက ဥပဒေပညာဌာနရဲ့ ပါမောက္ခအဖြစ် ဦးမေအောင်က ပထမဆုံး တာဝန်ယူခဲ့ပါတယ်။ ကျောင်းသားတွေ နေထိုင်ဖို့အတွက်လည်း ရွှေတိဂုံဘုရားလမ်းမှာ မေအောင် အဆောင်ဖွင့်ပြီး အဆောင်မှူး လုပ်ခဲ့တယ်။ တရားရေး၊ ဥပဒေရေးနဲ့ ပတ်သက်ပြီး အစိုးရရှေ့နေ၊ ဥပဒေသုံးသပ်ရေးအရာရှိ၊ ဥပဒေအဖွဲ့ရဲ့ အတွင်းရေးမှူး စသဖြင့် အတွေ့အကြုံစုံ တာဝန်ယူခဲ့ရတယ်။ ၁၉၂၂ ထဲရောက်တော့ ဟိုက်ကုတ်တရားဝန်ကြီးအဖြစ် ခန့်ထားခံခဲ့ရတယ်။ တပြိုင်တည်းမှာပဲ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်နဲ့ ရန်ကုန်တက္ကသိုလ် ကောင်စီဝင်အဖြစ်လည်း တာဝန်ယူခဲ့ရပြန်ပါတယ်။ ဒီကြားထဲ The Burman သတင်းစာကိုလည်း အယ်ဒီတာအဖြစ် ဦးဆောင်ထုတ်ဝေလိုက်သေး။ ၁၉၂၄ ခုနှစ်ထဲရောက်တော့ ပြည်ထဲရေးဝန်ကြီး ဆာမောင်ခင် ကွယ်လွန်သွားတော့ ဦးမေအောင်ဟာ ဒိုင်အာခီစနစ်မှာ ပြည်ထဲရေးဝန်ကြီးအဖြစ် ထမ်းရွက်ခဲ့ရပြန်ပါတယ်။ ဒီလို မအားလပ်တဲ့ကြားထဲကပဲ မြန်မာနဲ့ပတ်သက်တဲ့ သုတေသနစာတမ်းတွေ ပြုစုခဲ့တယ်။ သူပြုစုခဲ့တဲ့ မြန်မာ့ရက်စွဲစဉ်သမိုင်း (Chronology Of Burma) ဟာ တကောင်းခေတ် အဘိရာဇာကနေ ကုန်းဘောင်ဆက်အထိ ရက်စွဲအလိုက် ပြုစုခဲ့တာ။ တန်ဖိုးကြီးသလောက် အခုတော့ ရှားပါးနေပြီ။ ယဉ်ကျေးမှုစာတမ်းအနေနဲ့ Twentieth Century Impression of Burma နဲ့ Burmese Manner and Customs တို့ကို လန်ဒန် လွိုက်ဂရိတ်တာ ပုံနှိပ်တိုက် (Lloy’ds Greater) က ထုတ်ဝေခဲ့တယ်။ ဥရောပပညာရှင်များ အတော်အလေးထား ဖတ်ရှုရတဲ့စာအုပ်လို့ ဆိုပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး တော်စိန်ခိုက တရုတ်ယဉ်ကျေးမှုသြဇာ သက်ရောက်မှုကို အလေးပေး တင်ပြတိုင်း ပညာရှင်ပီပီ ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးခဲ့တယ်။ သူ့ရဲ့ Critical note on Mr.Taw Sein ko’s paper on the Chinese Antiquities of Pagan ဆိုတဲ့ ချေပချက်ကို JBRS vol 1 prt2 Decm; ထုတ်မှာ တွေ့ရတယ်။ ဒါဟာ သူထားရှိတဲ့ မြန်မာယဉ်ကျေးမှုသဘောထားပဲ။ ဒါကြောင့် ဦးမေအောင်ဟာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူဖြစ်သလို မြန်မာယဉ်ကျေးမှုနဲ့ နိုင်ငံတိုးတက်မှုကို အစဉ်လိုလားသူ ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ အသိပညာနဲ့ ပတ်သက်ရင် ကျယ်ကျယ်ပြန့်ပြန့် သဘောထား ရှိကြောင်းကို သူ့ရဲ့ မြန်/သုဖွင့်ပွဲမှာ “မြန်မာအကြောင်းကို မြေပြင်တွင် နယ်နိမိတ်မှတ်တိုင်ပြ မျှသာ ပိုင်းခြားသိလိုသည် မဟုတ်။ မွန်ဂိုနယ်၊ အသေးစိတ် အင်ဒိုချိုင်းနားဒေသတွင် သက်ရှိ သက်မဲ့ အရာခပ်သိမ်း အသင်းနှင့်မဆိုင်သည် မရှိ” လို့ ပြောကြားခဲ့တာ ကြည့်တာနဲ့ သိနိုင်တယ်။ အဲဒီလို မြန်မာနိုင်ငံအတွက် မအားရအောင် ဘက်အစုံစုံက အကျိုးတော်ဆောင်ခဲ့တဲ့ ဦးမေအောင်ဟာ ၁၉၂၆ ခုနှစ် ဇွန် ၅ ရက်နေ့ ပြင်ဦးလွင်မှာ ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။ သားသမီးသုံးဦး ကျန်ခဲ့တယ်။ သားကြီး သတိုးအောင်ကတော့ ဘီအေ နောက်ဆုံးနှစ်မှာ ဆုံးပါးသွားခဲ့ပြီး သားလတ် ထွန်းလှအောင်ကတော့ အင်္ဂလိပ်စစ်တက္ကသိုလ် ကျောင်းဆင်းပြီး နောက်ပိုင်း ရဲချုပ် ဖြစ်လာတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ တရားခံဖမ်းပေးခဲ့တဲ့ ရဲချုပ် ထွန်းလှအောင်ပါ။ သမီးဖြစ်သူ ဒေါ်မြစိန်ဟာလည်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ ကထိက တာဝန်ယူခဲ့သူပါပဲ။ တချိန်က ဒိုင်အာခီခေတ်ရဲ့ ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့သူ ဖြစ်တဲ့အတွက် အဲဒီကာလ နိုင်ငံရေးသမားအချို့ရဲ့ အထင်လွဲ အပြစ်တင်ခြင်းကို ခံခဲ့ရပေမယ့် ဒီနေ့ကာလ သူ့ဘဝ သူ့သမိုင်း သူ့လုပ်ဆောင်ချက်တွေကို ထောက်ရှုခြင်းဖြင့် ဦးမေအောင်ဟာ မျိုးဇာတိမာန်နဲ့ နိုင်ငံချစ်စိတ်၊ နိုင်ငံသူ နိုင်ငံသားတွေအပေါ် တိုးတက်လိုစိတ်ရှိပြီး ဆင်ခြင်ဉာဏ်ကြီးမားသူ၊ စိတ်သဘောထားကြီးသူတယောက် ဖြစ်ကြောင်း ဂုဏ်ယူ မှတ်တမ်းပြုလိုက်ရပါတော့တယ်။ ဆရာဋ္ဌေး
3 years Ago
Up