ဦးမောင်မောင်ဝမ်း

August 11, 2016

အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးရန် ဦးမောင်မောင်ဝမ်း တိုက်တွန်း

ပြည်ပရောက် နိုင်ငံရေးသမားတွေ ပြည်တော်ပြန်နိုင်ဖို့အတွက် အစိုးရက Black list  အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်လေဆိပ်ကနေ ၂ ကြိမ် ပြန်ပို့ခံလိုက်ရတဲ့ ဦးမောင်မောင်ဝမ်းက တိုက်တွန်းလိုက်ပါတယ်။ ဦးမောင်မောင်ဝမ်းဟာ ၈၈ အရေးအခင်းကာလက ရေနံချောင်းတ၀ိုက်မှာ သပိတ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး အခုတော့ အမေရိကန်နိုင်ငံသား ခံယူထားသူ ဖြစ်ပါတယ်။ ဒီလအစောပိုင်းအထိ အမည်ပျက်စာရင်းမှာ ပါဝင်ခဲ့ပြီး သြဂုတ် ၈ ရက်နေ့ကျမှ ပြည်ဝင်ခွင့် ရရှိခဲ့တာပါ။ ဒီမတိုင်ခင်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လမှာ တကြိမ်၊ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က တကြိမ် ရန်ကုန်လေဆိပ်ကနေ ပြန်ပို့ခံခဲ့ရပါတယ်။ “ပြဿနာတခုက ဘာလဲဆိုတော့ Black list က ကိုယ်က Black list ဟုတ်လား မဟုတ်လားကို မသိဘူး။ ကျနော် ဒီမှာကြားရတယ်ပေါ့၊ လာခါနီးလေးတင်ပေါ့၊ ကျနော်ကြားရတယ်။ တချို့မေးတယ်တဲ့၊ သက်ဆိုင်ရာဌာနတွေကိုပေါ့နော်။ မေးတော့ ဘာမှ ပြန်ဖြေကြားခြင်း မရှိဘူးတဲ့။ ကျနော်တို့က ဘယ်လိုဆုံးဖြတ်ရမှန်းလည်း မသိဘူး။ အဲတော့ ဥပမာဆိုကြပါစို့၊ သံရုံးကိုမေးလို့လည်း မရဘူးပေါ့နော်။ တခါ သံရုံးကနေပြီးတော့ ဗီဇာပေးလိုက်ရင်လည်း စိတ်ချရတဲ့ အနေအထားမှာ မရှိဘူးဖြစ်နေတယ်။ တိုင်းပြည်ထဲဝင်လာရင် ပြန်နှင်ထုတ်မလားဆိုတဲ့ သံသယစိတ်တွေ ရှိတယ်ပေါ့နော်။ အဲဒါအတွက် လက်ရှိ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနေနဲ့ ပြတ်ပြတ်သားသား တခုတော့ ပြောပေးဖို့တော့ လိုပြီပေါ့။ အာမခံချက်ပေါ့နော်။ ဒီကိစ္စတွေက ဒီလိုရှိပါတယ်၊ ဒါဆိုရင် ဒီလိုလုပ်ပေးပါမယ်ဆိုတဲ့ အာမခံချက် ပြတ်ပြတ်သားသား ပြောဖို့တော့လိုပြီ” လို့ Black list  အမည်ပျက်စာရင်း တင်သွင်းခံခဲ့ရဖူးသူ ၈၈ မြေလတ်ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ဝမ်းက ပြောပါတယ်။ အစိုးရက Black List စာရင်း သွင်းခံထားရသူတွေထဲက မြန်မာနိုင်ငံသား ၂၄၈ ဦးကို ပြီးခဲ့တဲ့တပတ်မှာ ရုပ်သိမ်းပေးခဲ့ပေမယ့်  နောက်ထပ် မြန်မာနိုင်ငံသား ၁၈၅ ဦး ကျန်နေပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေက အမည်ပျက်စာရင်းထဲမှာ ပါနေတယ်ဆိုတာ အတိအကျ မသိရတဲ့အတွက် တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့  Black List အမည်ပျက်စာရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့ ဦးမောင်မောင်ဝမ်းက ပြောပါတယ်။ နိုင်ငံရေးအရ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်အောင် အစိုးရသစ်အနေနဲ့ ပွင့်ပွင့်လင်းလင်း ကြေညာပေးသင့်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်၊ အောက်မြန်မာပြည် ဗကသအတွင်းရေးမှူးဟောင်း ကိုဗသက်အောင်က တိုက်တွန်းပြောဆိုပါတယ်။ “အန်အယ်လ်ဒီအစိုးရဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်အောက်မှာ အခုလက်ရှိ ပြည်ထဲရေးကလည်း သူက လက်အောက်ခံအနေနဲ့ ပါဝင်နေတော့ သူတို့အနေနဲ့ အရင်တုန်းက Black List လုပ်ထားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူတွေကို၊ Black List လုပ်ထားတဲ့သူတွေကို ပွင့်ပွင့်လင်းလင်းပေါ့ ကြေညာပေးပါ။ ပြီးရင် သူတို့နဲ့ပတ်သက်ပြီးတော့ ပြည်တွင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ ၀င်လာနိုင်ဖို့အတွက်လည်း ပွင့်လင်းမြင်သာစွာနဲ့ ကြေညာပေးပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့လည်း ဒီအပေါ်မှာ လက်ရှိ ပြည်ထဲရေးဝန်ကြီးကိုလည်း ပြတ်ပြတ်သားသား တာဝန်ခံမှု၊ တာဝန်ယူမှုတွေ လုပ်ပေးဖို့ တိုက်တွန်းဖို့ လိုတယ်လို့ ကျနော်မြင်တယ်။” အရင်အစိုးရတွေလက်ထက်က ၀န်ကြီးဌာန ၁၅ ခုကနေ Black List စာရင်းသွင်းခံထားရသူပေါင်း  မြန်မာနိုင်ငံသား ၄၄၃ ဦးနဲ့ နိုင်ငံခြားသား ၃၉၃၇ ဦး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး စုစုပေါင်း ၃၇၅၁ ဦးနဲ့  နိုင်ငံကူးလက်မှတ် ပယ်ဖျက်ထားတဲ့ နိုင်ငံကူးလက်မှတ် ၄၈၄၅ အုပ်တို့သာ Black List သွင်းထားတယ်လို့ သိရပါတယ်။
5 years Ago

August 3, 2016

ပြည်ဝင်ခွင့် ပြန်ရသည့် ဦးမောင်မောင်ဝမ်းကို မေးမြန်းချက်

သြဂုတ် ၂ ရက်နေ့က ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ပြည်ဝင်ခွင့် မပေးခဲ့တဲ့ ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမောင်မောင်ဝမ်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့် ခွင့်ပြုချက်နဲ့ ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြုလိုက်ပါပြီ။ အမေရိကန်ပတ်စ်ပို့ ကိုင်ဆောင်ထားပြီး မြန်မာပြည်ဝင်ခွင့်ဗီဇာ ရရှိထားတဲ့ ဦးမောင်မောင်ဝမ်းဟာ သြဂုတ် ၂ ရက်နေ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိချိန်မှာ အမည်မည်းစာရင်းမှာ ပါဝင်နေလို့ဆိုပြီး လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက သူ့ကို ပြည်ဝင်ခွင့်မပေးဘဲ လိုက်ပါလာတဲ့ ထိုင်ဝမ်အခြေစိုက် China Airlines နဲ့ ပြန်တင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်လေဆိပ်ကို ပြန်လည်ဆိုက်ရောက်လာတဲ့ ဦးမောင်မောင်ဝမ်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - ဟုတ်ကဲ့ မြန်မာပြည်ကိုသွားရတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ လ၀က က ဘယ်လိုပုံစံမျိုးနဲ့ ပိတ်တာလဲဆိုတာ အရင်ရှင်းပြပေးပါဦးရှင့်။ ဖြေ - ကျနော်က ပထမ မသွားခင်တုန်းက သံရုံးကို ဗီဇာတင်လိုက်တဲ့ အခါကျတော့ သံရုံးက ပေးတယ်လေ။ သံရုံးကပေးတော့ ကျနော်က ဗီဇာရပြီ ထင်တာပေါ့။ ကိုယ် ၀င်လို့ရမယ် ထင်ပြီး သွားတော့ ဟိုလည်းရောက်ကော လ၀က က ကျနော့်ကို ၀င်လို့မရဘူးတဲ့၊ ပိတ်တယ်တဲ့။ ဘာလို့ပိတ်တာလဲဆိုတော့ ၂၀၁၄ ခုနှစ်တုန်းက ကျနော်က စာသင်ခွင့်မရှိဘဲနဲ့ သင်လို့ဆိုပြီးတော့ နယ်နှင်ဒဏ် ပေးခံရတာပေါ့နော်။ အဲဒီဟာ Black Lilst ရှိတယ်တဲ့။ Black List ရှိတဲ့အတွက် ပေးမ၀င်ဘူး ဆိုပြီးတော့ ချက်ချင်း ကျနော့်ကို ပြန်လွှတ်တာပေါ့နော်။ အဲဒါပါပဲ အဓိကကတော့။ ပြန်လွှတ်တော့ ကျနော်လည်း တောက်လျှောက် ပြန်ပါလာတာပေါ့။ ဒီပြန်ရောက်လာတာပေါ့။ သက်ဆိုင်ရာ Air Line က တာဝန်ခံတွေခေါ်ပြီးတော့ မရရအောင် သူတို့က ဇွတ်လုပ်တယ်။ လေယာဉ်က အမှန်တော့ ထွက်ချိန်တောင် ရောက်နေပြီ။ ခဏစောင့်ဆိုပြီး လှမ်းတားပြီး ကျနော့်လည်း တင်ပြီးရော လေယာဉ်က ထွက်ရော။ အဲဒါမျိုးတွေ လုပ်တာပေါ့။ အခု ဒီတခေါက်လည်း ဒီတိုင်းပဲပေါ့နော်။ ဇွတ်တင်လိုက်တာပေါ့။ မေး - ဟုတ်ကဲ့ပါရှင့် ဒါဆိုရင် ဆရာရေ။ အခုဆိုရင် မြန်မာပြည်ကို ပြန်ဝင်ခွင့်လည်း ရပြီပေါ့နော်။ ချက်ချင်း ပြန်မှာလား၊ ဘယ်လိုလဲ သိချင်ပါတယ်ရှင့်။ ဖြေ - စိတ်ကတော့ ချက်ချင်း ပြန်သွားချင်တာပေါ့။ ဒါပေမယ့် ကျနော်က တောက်လျှောက် မနားတမ်း နာရီ ၅၀ လောက် လေယာဉ်စီးရတဲ့ အခါကျတော့ မခံနိုင်တော့ဘူး လူက။ လေယာဉ်ပေါ်မှာကို တော်တော်ကြီး ဖျားနာလာတာ။ ဖျားနာလာတော့ ချက်ချင်းကြီးတော့ ကျနော် ကောက်မသွားနိုင်သေးဘူး အခုချိန်က။ တော်တော်ကို ၀ိခ် ဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့် ခဏလေး နားပြီးမှပဲ အခြေအနေကြည့်ပြီး ပြန်သွားတော့မယ်။ မေး - မြန်မာပြည်ကို သွားရတဲ့ ရည်ရွယ်ချက်လေးလည်း ပြောပြပေးပါလားရှင်။ ဖြေ - နံပါတ်တစ်ကတော့ ပညာရေးဆိုင်ရာ ဟောပြောပွဲတွေ၊ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ပညာရေးဆိုင်ရာ ဟောပြောပွဲတွေ ဟောပြောပို့ချပေးဖို့ရယ်၊ နံပါတ်နှစ်ကကျတော့ ကျနော်တို့က E-Learning ဆိုတဲ့ ပညာရေးနဲ့ ပတ်သက်လို့ E-Learning စင်တာလေးတွေ ဖွင့်ဖို့အတွက် ကျနော်သွားတာပါ၊ မြန်မာပြည်ကို။ အဲလောက် စိုးရိမ်စရာ မရှိပါဘူးလို့ ကျနော်က ပြောချင်တာပေါ့နော်။ မကြောက်ပါနဲ့၊ မစိုးရိမ်ပါနဲ့လို့ အဲလောက်ကြီး ကျနော်တို့က တိုင်းပြည်ဖျက်မယ့်သူတွေလည်း မဟုတ်ပါဘူး။ တိုင်းပြည်ကို ကိုယ်တတ်ထားတဲ့ ပညာတွေ၊ ကိုယ့်မှာရှိနေတဲ့ အင်အားတွေနဲ့ နိုင်ငံကို အကျိုးပြုချင်တာပဲရှိတယ်။ မစိုးရိမ်ပါနဲ့လို့ အဲဒါလေးတော့ ကျနော် ပြောချင်ပါတယ်။
5 years Ago
Up