ဦးဖေသိန်း

A d v e r t i s e m e n t With Us

March 27, 2016

ဆရာကြီးဦးဖေသိန်း၏ ပိတ်ပင်ခံခဲ့ရသည့် ကာတွန်းများအကြောင်း မေးမြန်းချက် (ဒုတိယပိုင်း)

ယနေ့ပြည်သူတွေရဲ့ ဘ၀ကို မထုတ်ဖော်နိုင်ဘူးဆိုရင် ယနေ့ခေတ်သစ်နဲ့ ကင်းကွာနေတဲ့ ကာတွန်းဆရာတွေသာ ဖြစ်လိမ့်မယ်လို့ နိုင်ငံကျော် ကာတွန်းဆရာကြီး ဆရာဦးဖေသိန်းက ပြောခဲ့ပါတယ်။ ဆရာကြီး ဦးဖေသိန်းရဲ့ ရေးဆွဲခဲ့တဲ့ ကာတွန်းတွေအကြောင်း၊ ဆရာကြီးရဲ့ ပိတ်ပင်ခံခဲ့ရတဲ့ ကာတွန်းတွေအကြောင်း ဆရာကြီးရဲ့သမီး ဒေါ်ဇွန်ပွင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဆောင်းပါးတွေထဲမှာ ဆရာကြီးက ကယ်ရီကေးချားနဲ့ ပတ်သက်ပြီးတော့လည်း ရေးတယ်လို့ သိရတယ်။ အဲဒီအကြောင်းလေးကော ဘယ်လိုမျိုးနဲ့ ရေးခဲ့လဲရှင့်။ "ကယ်ရီကေးချားရေးတာကျတော့ သူက ကာတွန်းဆရာတဦး စပြီးဖြစ်လာပြီဆိုကတည်းက  လူတယောက်ရဲ့ ကယ်ရီကေးချားကို သူကြည့်ပြီးရေးတဲ့ဟာက တွဲပြီးပါလာတာပါ။ ဒီကြားထဲမှာမှ ကျမတို့ ရှေ့ပိုင်းကပြောသွားသလိုပဲ သမ္မတကြီး ဦးမန်းဝင်းမောင်ဆိုလို့ရှိရင် မန်းဝင်းမောင်ရဲ့ပုံ၊  ဦးနေ၀င်းပုံဆို ဦးနေ၀င်းပုံ၊ နောက် ဆမားကြီးပုံဆို ဆမားဒူးဝါးပုံ၊ အဲလိုမျိုးပဲ၊ ကရင်ခေါင်းဆောင်ဆို ကရင်ခေါင်းဆောင်ပေါ့။ သူက ဒါလေးတွေ အမြဲတမ်းရေးခြစ်ထားတာပါ။ အဲဒီကနေမှ ကမ္ဘာ့ခေါင်းဆောင်တွေ အပြောင်းအလဲရှိတာမျိုး၊ အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါ ပြောင်းသွားတယ်။ နိုင်ငံတကာ ခေါင်းဆောင်ပိုင်းတွေက ဘယ်လိုပြောင်းသွားတယ်၊ ဘယ်လိုဟာသလေးတွေ လုပ်သွားတယ်ဆိုတာ ဒီဟာလေးတွေပေါ်မှာ မူတည်ပြီးတော့မှ ကယ်ရီကေးချားကို ရေးတာပါ။ ဟစ်တလာဆိုလည်း ဟစ်တလာပုံပေါ့။" U Pe Thein02နောက်တခု သတိရလို့ ဆရာကြီးက ဂေါ်ဘာချော့ရဲ့နဖူးက မြန်မာပြည်မြေပုံ အကြောင်းလေး ရေးခဲ့တယ်နော်၊ နောက်တခုကလည်း ဆရာကြီး ဆောင်းပါးတွေ ရေးတယ်ပေါ့၊ ဆောင်းပါးတွေ ရေးတဲ့ဟာမှာရော အဲဒါတွေကို စုပြီးတော့ ထုတ်ဖြစ်တာမျိုး ရှိလားရှင့်။ "ရှိပါတယ်။ ကာတွန်းဖေသိန်းရဲ့ စာပဒေသာဆိုပြီး  ကျမတို့ စုပြီးထုတ်ထားတာလေး ရှိပါတယ်။" အဲဒါကရော ဒီဘက်ခေတ်မှပေါ့။ "ဒီဘက်ခေတ်မှပဲ ထုတ်ရတာပါ။ ဒီဘက်ခေတ်မှာဆိုတာက ၂၀၀၃ လောက်က ထုတ်တာပါ။ ၁၉၉၆ မှာ သူပြန်လွတ်လာတယ်၊ သူ့ကို ရေးဆွဲခွင့် ပိတ်ထားတာတွေက။ သူ့ကို ရေးဆွဲခွင့်ပိတ်တာက ရေးဆွဲတာလည်း ပိတ်ခံရတယ်၊ လူပုံပါတယ်ဆိုရင်လည်း ဓာတ်ပုံကို ငွေမင်သုတ်ခံရတယ်၊ အဲဒီခေတ်က။" ကာတွန်းတင်မဟုတ်ဘူး၊ ဆရာကြီးပုံကိုပါ သုံးလို့မရဘူးပေါ့။ "စာပေအသိုင်းအ၀ိုင်းက အဖေ့ကိုဖိတ်တယ် ဆိုရင် ဦးဖေသိန်းပါ လာပါတယ်ဆိုရင် ဖေသိန်းဆိုတဲ့ နာမည်ကိုလည်း ပိတ်ထားတယ်။ ဓာတ်ပုံပါရင် အဲဒီဓာတ်ပုံကို ငွေမင်တွေ သုတ်ထားတယ်။ အဲလိုမျိုးတွေပေါ့။ ဒီလိုပိတ်ခံထားရတာပါ။ အဲတော့ ဒီလိုပိတ်ခံထားရတာ ၉၆ မှာ သူလွတ်လာတာနဲ့ ၁၆ နှစ်လုံးလုံး သူရေးထားတဲ့ဟာတွေကို မဂ္ဂဇင်းတိုက်တွေကို ပို့တယ်။ အဲဒီဟာတွေ မဂ္ဂဇင်းတိုက်တွေက လွတ်ပြီးသွားပြီ။ လွတ်ပြီးတော့ မဂ္ဂဇင်းထဲမှာလည်း ပါပြီးပြီ။ အဲဒါကို ကျမတို့က လုံးချင်းပြန်ထုတ်မယ်ဆိုပြီး သွားတင်တဲ့အခါကျတော့ ဒီဟာကဖြင့် ဥပမာဆို ဆိုကြမယ် ပျော်ကြမယ်၊ အဲဒီ ဆိုကြမယ် ပျော်ကြမယ် ဆောင်းပါးကို ဖြုတ်ပါ။ အဲတော့ ကျမတို့က ဖြုတ်ပေးခဲ့ရတယ်။ အဲလိုမျိုးတွေပေါ့။ နောက် ဂျပန်ခေတ်မှာ ငွေပုံပေါ် စံခဲ့စဉ်က ဆိုတာလေးရှိတယ်။ ဂျပန့်ခေတ်မှာ သူတို့ ငွေတွေအများကြီးနဲ့ နေခဲ့ရတဲ့ဟာကို အဲဒါလေးကို သူရေးခဲ့တာလည်း အဲဒါလည်း ဖြုတ်ပါဆိုလို့ ကျမတို့မှာ ဖြုတ်ခဲ့ရတယ်။ အဲဒါမျိုးလေးတွေတော့ ဖြုတ်ခဲ့ရတယ်။ ဒါပေမယ့် တော်တော်လေးတော့ စုစုစည်းစည်းလေးတော့ ထုတ်ဖြစ်လိုက်ပါတယ်။" ခုနက အန်တီပြောသလိုပဲ၊ အန်တီတို့ အဲဒီခေတ်မှာ ဖြုတ်ခဲ့ရတဲ့ဟာတွေကို အခု စာပေစိစစ်ရေး မရှိတော့တဲ့ နောက်ပိုင်းမှာရော ပြန်ထုတ်ဖို့ အစီအစဉ်ရှိလားပေါ့နော်။ U Pe Thein04 "ရှိပါတယ်။ ဒါပေမယ့် ကျမတို့တွေက ခုနလိုပေါ့ ဒီလိုမျိုး အထူတအုပ်ပြီးသွားပြီ ဆိုလို့ရှိရင် နောက်ထပ် ထပ်ပိုးပြီး ထုတ်ဖို့ဆိုတာ စာအုပ်အပြင်အဆင်က အကုန်ပြန်ပြင်ရမှာလေ။ အဲဒီအတွက် ကျမတို့အနေနဲ့ အရင်းအနှီး ခက်ခဲပါတယ်။ အဲဒီတော့ နောက်ထပ် ထပ်ပြီးတော့ သူရေးပြီးသားလေးတွေ၊ မထည့်ရသေးတာလေးတွေနဲ့ ခုနလို မပါခဲ့တဲ့ဟာလေးတွေနဲ့ တွဲပြီးထုတ်ဖို့တော့ ကျမတို့ အစီအစဉ်ရှိပါတယ်။ နောက် ၂၀၀၉ မှာ အဖေဆုံးသွားပြီးတော့  သူ့ရဲ့ နှစ် ၉၀ ပြည့် မွေးနေ့အနေနဲ့ ကျမတို့က Gallery 65 မှာ လုပ်လိုက်တယ်။ အဖေ့ရဲ့လက်ရာစုံ ကာတွန်းတွေ ပြတယ်။ ပြီးတော့ အဲဒီမှာပဲ ကျမတို့တွေက ကာတွန်းဦးဖေသိန်းဖောင်ဒေးရှင်း ဆိုပြီးတော့ ကာတွန်းဆရာတွေနဲ့ ကျမတို့မိသားစု တွဲပြီးတော့ ဖောင်ဒေးရှင်းလေး လုပ်လိုက်ပါတယ်။ အဓိကတော့ ကာတွန်းဆရာတွေရဲ့ ကျန်းမာရေး ထောက်ပံ့ဖို့ပေါ့နော်။ နောက် ကာတွန်းမျိုးဆက်တွေ ပြန့်ပွားလာဖို့အတွက်၊ ဖြစ်လာဖို့အတွက်၊ ကာတွန်းဆရာလေးတွေ ပေါက်ဖွားလာဖို့အတွက် ထောက်ပံ့ပေးသွားမှာပါ။ ပုံဆွဲနည်းသင်တန်းတို့ ဘာတို့ ကျမတို့ နောက်ပိုင်းဆိုရင် ဆွေးနွေးပွဲလေးတွေ လုပ်မယ်၊ ကာတွန်းဆရာ အကြီး အငယ်တွေနဲ့ပေါ့။ အဲလိုမျိုးလေးတွေ လုပ်ဖို့ရှိပါတယ်။ ဒီဟာအတွက်လည်း ကျမတို့ အသုံးပြုမှာပါ။" ဆရာကြီးဖောင်ဒေးရှင်းစာအုပ် ထုတ်ထားတာ။ "ဟုတ်ကဲ့၊ ဖောင်ဒေးရှင်းအနေနဲ့ ကျမတို့တွေက စာအုပ်ထုတ်ထားတာရှိတယ်။ ကာတွန်းဆရာတွေ၊ ဒီခေတ်ရေးဆွဲနေတဲ့ ကာတွန်းဆရာတွေ အကုန်လုံးရဲ့ လက်ရာစုံ ပါပါတယ်။  ဒီကာတွန်းစာအုပ်ကရတဲ့ အကျိုးအမြတ်ကလည်းပဲ ဒီဖောင်ဒေးရှင်းကို ရောက်မှာပါ။" အခုဆက်ပြီးတော့ ဆရာကြီးက အရင်တုန်းက ၃၈ ဖြာ မင်္ဂလာကာတွန်းတို့၊ ငါးပါးသီလတို့ပေါ့နော် လူငယ်တွေအတွက် ရေးခဲ့တယ်။ အခု ငါးပါးသီလကို အရင်ဆုံး အင်္ဂလိပ်လို ပြန်ထုတ်တယ်ဆိုတော့ အဲဒီအကြောင်းလေးကိုလည်း ပြောပြပေးပါဦး။ U Pe Thein07"ဒီ ၃၈ ဖြာကို ကျမ အရင် စပြောလိုက်မယ်နော်။ ၃၈ ဖြာကို အဖေ စထုတ်ဖြစ်တာက ၁၉၇၀ ခုတုန်းက ပုံပမာကာတွန်းဆိုပြီးတော့ လစဉ်ကာတွန်း ကျမတို့ ထုတ်ဖြစ်တယ်။ ဒီလို ဘာလို့ ထုတ်ဝေခွင့် ကျတာလဲဆိုတော့ သူ့ရဲ့ရှေ့မှာ တမျိုးရှိတယ်။ အဲဒါကကျတော့ အဖေက သတင်းစာကာတွန်းရေးတယ်။ သတင်းကာတွန်းရေးတဲ့ ဆရာကြီးတဦးဖြစ်တဲ့အတွက် မဆလခေတ်မှာကျတော့ သူ့ကိုမကြိုက်တဲ့သူတွေ များလာတယ်။ နည်းနည်းရန်လုပ်ချင်လာတယ်။  ၁၉၆၆ သတင်းကာတွန်းတွေ ထွက်တယ်။ အဲဒါက မှောင်ခိုခေတ်။ မှောင်ခိုခေတ်မှာကျတော့ မှောင်ခိုဘက်က လူတွေကလည်း အဖေ့ကို နည်းနည်း ပစ်စာပေးလာတယ်။ အစိုးရဘက်ကလူတွေ ကျတော့လည်း မကျေနပ်မှုလေးတွေ ရှိလာတယ်။ အဲဒီတော့ အချင်းချင်းလည်း သတိပေးတယ်။ ကိုဖေသိန်း ခင်ဗျား နည်းနည်းလျှော့ဦး၊ ဆိုတဲ့အခါကျတော့ အဲဒီမှာတင် သူ တော်တော်စိတ်ပျက်လာတယ်။ သတင်းကာတွန်းကို သူရေးရမှာ ဘောင်က တဖြည်းဖြည်းနဲ့ ကျဉ်းကျဉ်းလာတယ်။ အဲမှာတင် သူက ဒီလိုတော့ မဖြစ်သေးဘူး။ လူငယ်တွေအတွက် ငါဘာလုပ်ပေးနိုင်မလဲဆိုပြီးတော့ သူက ပုံပမာကာတွန်းဆိုပြီး သူထုတ်ဝေခွင့်ကို လျှောက်လိုက်တယ်။ ပုံပမာ လစဉ်ကာတွန်းရေးတယ်။ အဲဒီမှာ ဒီ ၃၈ ဖြာမင်္ဂလာ ကာတွန်း စဖြစ်လာတာပေါ့နော်။ ၃၈ ဖြာမင်္ဂလာကာတွန်း အပါအ၀င် ၅ ပါးသီလ ဖြစ်လာတယ်။ တရားတော်စာတွေ ဖြစ်လာတယ်။ လူငယ်တွေကို ယဉ်ကျေးလိမ်မာအောင် ကာတွန်းနဲ့ ငါဘယ်လိုပေးရင် ကောင်းမလဲဆိုတာ စဉ်းစားပြီးတော့ ၃၈ ဖြာမင်္ဂလာကို ပုံပမာ လစဉ်ကာတွန်း စပြီးဆွဲတာပါ။ တလကိုတပုဒ်၊ တပုဒ်နဲ့ ဆွဲရာကနေပြီး ၃၈ ပါး ပြည့်သွားတယ်။ ၃၈ ပါး ပြည့်သွားတော့ ၃၈ ဖြာစာအုပ် လုံးချင်းထုတ်လိုက်တယ်။ အဲလိုပဲ သူနဲ့အတူတွဲလျက် ဆွဲလာတာတွေက ငါးပါးသီလ၊ ငါးပါးသီလကို ဆွဲတယ်။ နောက်ပြီးတော့ တရားတော်လာ ပုံပမာဆိုတာက ၅၅၀ ထဲက collection လုပ်ထားတာတွေပါ။ နောက်ပြီးတော့ အီစွပ်ပုံပြင်များ ဆွဲတယ်။ နောက်ပြီးတော့ စကားပုံ ပုံပြင်များ။ တယောက်နဲ့တယောက် စကားပြောပြီဆိုရင် စကားပုံလေး နှိုင်းပြီးတော့ ပြောတယ်။ အဲဒါမျိုးလေးတွေပေါ့၊ စကားပုံတွေ သုံးတတ်အောင်။ ဒီစကားပုံ ပုံပြင်များဆိုတာက ဒီ ပုံပမာထဲကပါပဲ။ အဲဒါတွေထုတ်တယ်။ အဲဒါလေးတွေကို တမျိုးတမျိုးစီကို တူရာတူရာ စုလိုက်ရာမှာ ကျမတို့တွေက ၃၈ ဖြာမင်္ဂလာကာတွန်း၊ ငါးပါးသီလကာတွန်း၊ အနန္တောအနန္တကာတွန်း၊ တရားတော်လာကာတွန်း ဆိုပြီးတော့ ဖြစ်လာတယ်။ ဒီဘက်ခေတ်ကို ရောက်လာတော့ အင်္ဂလိပ်စာတတ်တဲ့သူလည်း ပိုများလာတယ်။ နိုင်ငံခြားသွားနေတဲ့သူကလည်း ပြန်လာတဲ့သူရှိတယ်။ သူတို့သားသမီးတွေရှိတယ်။ ဗမာပြည်မှာကို ဆယ်စုနှစ်ပိုင်းကျော်ပြီ၊ နိုင်ငံခြားကျောင်းတွေမှာ ကလေးတွေကို သင်ပေးကြတာဆိုတော့ ဒီကလေးတွေက ဗမာစာ ဖတ်အား နည်းသွားပြီ။ ကျမတို့တွေရဲ့ ဒီကာတွန်းတွေကို မြင်သာ မြင်ရတယ်၊ သေချာမဖတ်နိုင်ဘူး။ အဲဒီတော့ သူတို့အတွက်ကိုလည်း ဖြစ်လာအောင် ခေတ်စနစ်အရလည်း ပြောင်းလဲမှုလေးတွေကို ကျမတို့လိုက်နိုင်အောင် ဒီ ၃၈ ဖြာတော့ ကျမတို့ ချက်ချင်းကြီး ဘာသာပြန်ဖို့က မလွယ်ဘူးလေ။ အပ်ရတာများတော့ အချိန်ပေးရတယ်။ အဲဒီတော့ ကျမတို့က ငါးပါးသီလလောက်ဆိုရင်တော့ မဆိုးဘူးဆိုပြီးတော့ ငါးပါးသီလကို ရွေးလိုက်တယ်။ ပထမဦးဆုံး ငါးပါးသီလ ကာတွန်းပဒေသာကို အင်္ဂလိပ်လို စပြီးတော့ ပြန်တာပါ။ ကျမတို့ ဈေးကွက်ကို  ဒီနှစ် မတ်လထဲမှာပဲ ဖြန့်မှာပါ။" ဒါဆိုရင် ဒီ ငါးပါးသီလပြီးရင်တော့ နောက်ဆို ၃၈ ဖြာ ဖြစ်နိုင်တယ်ပေါ့နော်။ "ဖြစ်နိုင်တယ်ပေါ့။ ငါးပါးသီလပြီးရင်တော့ ကျမတို့က ဒီ တရားတော်လာ ပုံပမာ ဖြစ်လာမယ်။ နောက်ပြီးရင် ၃၈ ဖြာမင်္ဂလာ လာမယ်။ တခုကိုထုတ်ပြီးရင်တော့ ကျမတို့တွေက ဆက်တိုက်တော့ ထုတ်ကြမှာပါရှင့်။" ဒါ ကလေးတွေအတွက် လူငယ်တွေအတွက်ပေါ့နော်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေသိဖို့၊ ဘာသာတရားကို သိဖို့အတွက် အင်္ဂလိပ်လို ဆက်ထုတ်ပေးတာပေါ့။ "ဒီ အင်္ဂလိပ်လို ထုတ်တာကျတော့လည်း ဟပ်မိအောင်လို့ ကျမတို့က ထုတ်ရတာလေ။ ဒီအသုံးအနှုန်းတွေက စကားတွေ တောင့်နေမလား၊ တင်းနေမလား၊ ဒါတွေက အသုံးအနှုန်းက ရှိသေးတယ်။ သုံးချင်တိုင်းလည်း သုံးလို့မရဘူးလေ။ ဘယ်အရွယ်ဖတ်မှာလဲ၊ ဖတ်တဲ့အရွယ်က အင်္ဂလိပ်စာကို နားလည်တဲ့၊ အင်္ဂလိပ်စာမှာလည်း သူတို့အသုံးအနှုန်း၊ အဆင့်အတန်း ရှိတယ်လေ။ အရွယ်နဲ့၊ ဒီအရွယ်လေးတွေ နားလည်တဲ့ စကားလုံးသုံးရင် ကောင်းမလား၊ လူငယ်အရွယ်သုံးမလား ဒါမျိုးပေါ့။ အဖေက စပြီး ဒီ ငါးပါးသီလကို ရေးပြီဆိုကတည်းက စိစစ်ပြီးတော့ အရွယ်နဲ့လျော်ညီတဲ့ sentence ကို သုံးတာ။ အဲတော့လည်း ကျမတို့တွေက တော်တော်လေးကို စိစစ်ပြီးတော့ ထည့်ရတာပါ။ ဘာသာပြန်တယ်ဆိုပြီးတော့ ပြီးစလွယ် လုပ်လို့တော့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကလေးတွေလက်ထဲကို အရင်ရောက်မှာလေ။" ဆရာကြီးရဲ့ စာအုပ်တွေကို ဘာသာပြန်ထားတဲ့ အင်္ဂလိပ်စာတွေအပြင် ဆရာကြီး အရင်က မထုတ်ခဲ့ရတဲ့ဟာလေးတွေလည်း စုပြီးတော့ ထပ်ထုတ်ဖို့ ရှိတယ်ပေါ့။ "ဟုတ်ကဲ့ရှင့်၊ ရှိပါတယ်။" ဟုတ်ကဲ့ရှင်၊ နောက်ဆုံးအနေနဲ့ ဆရာကြီးဆွဲခဲ့တဲ့ ကာတွန်းတွေထဲက အန်တီတို့အတွက်ပေါ့နော် မှတ်မှတ်ရရရှိတဲ့ဟာမျိုး၊ အန်တီတို့ကိုပါ ဆရာကြီးက ပြောပြခဲ့တဲ့ဟာမျိုး တခုခုပေါ့နော်၊ အဲဒါလေး တခုလောက် ပြောပြပေးပါလား။ "အဲ ကျမတို့ကို ပြောခဲ့တာတွေကတော့ အများကြီးပေါ့နော်။ ဒီခေတ်မှာ ကျမတို့တွေ တကယ်ရင်ဆိုင်ကြုံတွေ့နေရတာ၊ ကျမတို့ Public ကြုံတွေ့နေရတာ လူငယ်တွေမှာလည်း ရှိတယ်၊ လူကြီးတွေမှာလည်း ရှိတယ်။ ဘာလဲဆိုတော့ တကယ်လည်း ကြုံတွေ့နေရတယ်၊ တကယ်လည်း လုပ်နေရတယ်။ အားလုံးက အင်အားစိုက်ပြီး လုပ်နေရတာ။ ဘာလဲဆိုတော့ ပရဟိတပါပဲ။ ဒီကာတွန်းကွက်လေးကို ကျမပြောချင်ပါတယ်။ အားလုံးဟာ ပရဟိတစိတ်ရှိတယ်။ အများကောင်းကျိုးအတွက်ကို လုပ်ပေးတယ်။ ဆန္ဒကတော့ လူတိုင်းမှာရှိတယ်၊ ညီမလေးမှာလည်းရှိတယ်၊ အစ်မမှာလည်းရှိတယ်။ ဒီလိုရှိကြပေမယ့်လည်း ဒီ ပရဟိတဟာ သူများကောင်းကျိုးကို တကယ်လုပ်တာလား၊ ကိုယ့်အတွက်ကို ဘယ်လောက်ပါနေလဲ၊ သူ့ဘက်ကို ဘယ်လောက်ပါနေလဲ၊ ကိုယ်ပြန်စဉ်းစား သုံးသပ်ဖို့လိုတယ်လေ။ ဒီလိုကာတွန်းကို ကျမပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ လူတယောက်က ကျောက်သင်ပုန်းကြီးကို ထောင်ပြီးတော့ ရေးတယ်၊ ပရဟိတဆိုတဲ့ စကားလုံးကို၊ လူတယောက်က သူ့ကို မတ်တပ် ဘေးကနေ ကြည့်နေတယ်။ ဟေ့ မင်းရေးထားတာက ပြန်ကြည့်ဦးတဲ့ ပရဟတ ဖြစ်နေတယ်တဲ့။ ဟေ့ကောင် မင်း လုံးကြီးတင် ကျန်သေးတယ်ပေါ့၊ မင်းပြန်ကြည့်ဦး။ ကိုယ်ဟာ ပရဟိတလား၊ ပရဟတလား၊ ဒီလို ကာတွန်းလေးပေါ့နော်။ ဒါလေးတွေနဲ့ပဲ ကျမက အားလုံးကို သတိပေးချင်ပါတယ်။ ကိုယ်တွေက ပရဟိတအလုပ်ကို လုပ်နေတဲ့လူတွေ ဖြစ်တဲ့အတွက် အများအကျိုးကို လုပ်နေတာလား၊ အများအကျိုးကို ဘယ်လောက်အထိ ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်သလဲ ဆိုတာလေးကို သက်သေပြတဲ့ ကာတွန်းလေးပါပဲ။" U Pe Thein11 ဟုတ်၊ အန်တီက အဲလို မှတ်မှတ်ရရပြောလို့ ဆရာကြီးရဲ့ ကာတွန်းတွေရဲ့ တကွက်ပေါ့၊ မှတ်မှတ်ရရရှိတာက အမျိုးသမီးတယောက်ပေါ့နော်၊ ကိုယ်လုံးတောင့်တောင့်လေးနဲ့ တယောက်က အင်္ကျီဝမ်းဆက်ဝတ်ထားတာ အရက်ပုလင်းပုံတွေနဲ့ပေါ့နော်။ အဲဒါကို နောက်က လူတယောက်က တခါတည်း ကာမေသုရော သူရာမေရယရော ပြစ်မှားချင်စိတ် ပေါက်သွားတာပေါ့နော်။ အဲဒါလေး မှတ်မှတ်ရရ ဖြစ်တယ်။ အခုလို ဆရာကြီးရဲ့ အကြောင်းတွေကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။ "ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးတင်ပါတယ်။"
5 years Ago

March 18, 2016

ဆရာကြီးဦးဖေသိန်း၏ ပိတ်ပင်ခံခဲ့ရသည့် ကာတွန်းများအကြောင်း မေးမြန်းချက် (ပထမပိုင်း)

ယနေ့ပြည်သူတွေရဲ့ ဘ၀ကို မထုတ်ဖော်နိုင်ဘူးဆိုရင် ယနေ့ခေတ်သစ်နဲ့ ကင်းကွာနေတဲ့ ကာတွန်းဆရာတွေသာ ဖြစ်လိမ့်မယ်လို့ နိုင်ငံကျော် ကာတွန်းဆရာကြီး ဆရာဦးဖေသိန်းက ပြောခဲ့ပါတယ်။ ဆရာကြီး ဦးဖေသိန်းရဲ့ ရေးဆွဲခဲ့တဲ့ ကာတွန်းတွေအကြောင်း၊ ဆရာကြီးရဲ့ ပိတ်ပင်ခံခဲ့ရတဲ့ ကာတွန်းတွေအကြောင်း ဆရာကြီးရဲ့သမီး ဒေါ်ဇွန်ပွင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ Cartoon U Pe Thein04အန်တီက နာမည်ကျော်ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့ သမီးပေါ့။ ဆိုတော့ ကျမတို့ကြားတာလည်း ဆရာကြီးရဲ့ ငါးပါးသီလစာအုပ်ကိုပေါ့နော် အင်္ဂလိပ်လို ပြန်ပြီးတော့ ထုတ်မယ်လို့ သိရတယ်။ အဲဒီတော့ အဲဒါလေးနဲ့ ပတ်သက်ပြီးတော့ မေးချင်လို့ပါ။ အရင်ဆုံး ဆရာကြီးရဲ့ ကာတွန်းလောကထဲကို စပြီး ၀င်ရောက်လာတဲ့အကြောင်းပေါ့။ ၁၉၄၅ စစ်ပြီးခေတ်လောက်မှာ စပြီးဝင်လာတယ်လို့ သိရတယ်နော်။ "ဟုတ်ကဲ့ပါ။ ၁၉၄၅ လောက်မှာ စပြီးဝင်တာပါ။ အဲဒီအချိန်မှာကျတော့ သူက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ပြီးတော့၊ ပုသိမ်ကနေ ရန်ကုန်တက်လာပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာသင်နေရာကနေ ၁၉၄၅ မှာ သူတို့ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းပေါ့။ အိုးဝေမဂ္ဂဇင်းမှာ စပြီး ပုံရေးပါတယ်။ အဲမှာတော့ ကျောင်းသားအနေနဲ့ ပုံ ရေးခြယ်ရတာပေါ့နော်။ အဲဒီကမှာ တခါ ၁၉၄၆ နှစ်ဦးပိုင်းလောက်မှာကျတော့ ဆရာဦးညိုမြ (အိုးဝေဦးညိုမြ) က နေပြီးတော့ တက္ကသိုလ်ကျောင်းသားတွေကို စာပေဟောပြောပွဲပေါ့။ ဟောပြောပွဲအနေနဲ့ လာရောက်ပြီး သတင်းကဏ္ဍအနေနဲ့ လာပြီးဟောပြောတာ။ ဟောပြောတော့ အဲဒီမှာ အဖေနဲ့ စတွေ့တာပေါ့နော်။ အဲဒီမှာ အဖေက ကာတွန်းရေးချင်တယ်ပေါ့။ ကာတွန်းဆရာတွေကို ထောင်ချလားပေါ့။ အရင်ဆုံး ဦးညိုမြကို မေးတာ။ အဲတော့ မဟုတ်ပါဘူးပေါ့။ မင်း ကာတွန်းရေးချင်လား၊ ဘာမှမေးမနေနဲ့ပေါ့နော်။ မင်း ကာတွန်းရေးချင်လား၊ ရေးချင်ပါတယ်ဆရာပေါ့။ ရေးချင်ရင် မနက်ဖြန်လာခဲ့ပေါ့။ အဲဒီမှာ အိုးဝေကို စပြီး ရောက်သွားတာပါ။" Cartoon U Pe Thein အဲဒီကနေပြီးတော့ ဆရာကြီး ကယ်ရီကေးချားတွေလည်း ဆွဲတာပေါ့နော်။ ကယ်ရီကေးချားဆိုရင် ဒါ အခုခေတ် ဆရာတွေရဲ့ ရှေ့ဆောင်လမ်းပြ ဆရာတဦးလို့ ပြောလို့ရတာပေါ့နော်။ ဆရာကြီးက ကယ်ရီကေးချားမှာဆိုရင်။ "ဟုတ်ကဲ့ပါ၊ ကယ်ရီကေးချားပိုင်းမှာဆိုရင် ဆရာမတို့ မှတ်ယူတယ်ဆိုရင်လည်း ပရိသတ်အနေနဲ့ လက်ခံမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ တကယ့်အနေနဲ့ကျတော့ အဖေတို့ စဆွဲတဲ့ အချိန်မှာကျတော့ တော်တော်လေး ရှေ့ကျပါတယ်။ ဒီခေါင်းဆောင်ပိုင်း ဗမာပြည်ခေါင်းဆောင်ပိုင်း သမ္မတကြီး ဦးဝင်းမောင်ကိုလည်း သူရေးဖူးတယ်။ နောက် ဦးနေ၀င်းကိုလည်း သူရေးဖူးတယ်။ ဦးနေ၀င်းကျတော့ စာမျက်နှာပေါ် မပါဘူးပေါ့လေ။ ဦးနေ၀င်းကိုလည်း ၆၂ ခုနှစ် သူတို့ တော်လှန်ရေးအစိုးရ တက်ပြီးကတည်းကိုက အဲဒီတုန်းကလည်း တခါရေးတယ်။ ဒါပေမယ့် ဒီဟာကတော့ စာမျက်နှာပေါ် မပါပါဘူး။ သမ္မတကြီး ဦးဝင်းမောင် ရေးတယ်။ နောက်ပြီးတော့ ဆမားဒူးဝါး ဆင်ဝါးနောင်ရဲ့ အကြောင်းရေးတယ်။ ဆရာ ဆမားကြီး အကြောင်းကိုလည်း သူ ကာတွန်းအနေနဲ့ ရေးတယ်။ အဲဒီအခါကျတော့လည်း ဆမားကြီးကနေပြီးတော့ အဖေ့ကို ဆုတော်ငွေချတယ်ပေါ့နော် အဲဒီခေတ်က အနေနဲ့။ သူတို့က ခေါင်းဆောင်ပိုင်းတွေကလည်း သူတို့အနေနဲ့ ဗွေမယူဘူးပေါ့။ ဒီဟာ သူ့ကို ဟာသအနေနဲ့ ရေးတဲ့အတွက် သူ့အနေနဲ့ စိတ်ပျော်တယ်။ စိတ်ရွှင်တဲ့အတွက်ကြောင့် ဆုငွေပေးတယ်ပေါ့။ အဲဒီခေတ်က ရှိခဲ့ပါတယ်။" အဲတော့ ဆရာကြီးက စာနယ်ဇင်းကတော့ ကယ်ရီကေးချားလည်း ဆွဲတယ်။ ပြီးတော့ နောက် ၀တ္ထုတွေ၊ မဂ္ဂဇင်းတွေမှာလည်း ဒီသရုပ်ဖော်ပုံ ရေးဆွဲတာတွေလည်း ရှိတယ်နော်။ "ဟုတ်ကဲ့ပါရှင့် ဟုတ်ကဲ့။ အဲဒါကျတော့ သရုပ်ဖော်ပုံပေါ့။ မဂ္ဂဇင်း သရုပ်ဖော်ကာတွန်းပေါ့၊ အဲဒါဆွဲတယ်၊ ရေးတယ်။ နောက်ပြီးတော့ လုံးချင်းတွေမှာလည်း ဆရာသော်တာဆွေတို့ ၀တ္ထုလုံးချင်းတွေမှာ ဆွဲတယ်။ အဓိကကတော့ ဟာသပေါ့။ အဲဒါဆိုလို့ရှိရင်လည်း မျက်နှာဖုံးတွေ ဆွဲပါတယ်။" Cartoon U Pe Thein02 ဆရာကြီးရဲ့ စာနယ်ဇင်းကာတွန်းတွေ ဘာတွေကိုလည်း စာအုပ်ထုတ်ထားတာ ရှိတယ်နော်။ ဘယ်နှစ်အုပ်လောက်များ ရှိလဲ။ အဲလို စုပြီးပြန်ထုတ်ထားတာလေ။ "စာနယ်ဇင်းကာတွန်း အနေနဲ့ကျတော့ ကျမတို့ ပထမပိုင်းအနေနဲ့ ဥဒေတယံ ကာတွန်း၊ အိုးဝေ ဥဒေတယံ ကာတွန်း၊ အဲဒါကျတော့ သူတို့တွေ ဆရာဦးဝင်းတင်ပေါ့နော်။ ဟံသာဝတီ ဦးဝင်းတင်နဲ့ သူနဲ့ တွဲပြီးလုပ်တဲ့အချိန်ကာလတုန်းက သူကနေပြီးတော့ ဒီ ဥဒေတယံ ကာတွန်းများပေါ့၊ မနက်ဆိုရင် ဂွတ်မောနင်း နှုတ်ဆက်သလိုပေါ့။ မင်္ဂလာပါ နှုတ်ဆက်သလိုပေါ့။ အဲလိုပဲ သူ့ရဲ့ကာတွန်းလေးက အမြဲတမ်း လတ်ဆတ်ပြီး ပရိသတ်ကို နှုတ်ဆက်လိုက်တာပေါ့။ ဒီဥဒေတယံကာတွန်းနဲ့ မိတ်ဆက်လိုက်တာပေါ့နော်။ ဒီကာတွန်းလေးအနေနဲ့ကျတော့လည်း သူက ဒီနေ့မနက်၊ ဒီနေ့ လောလောဆယ်ဖြစ်နေတဲ့ သတင်းကို မူတည်ပြီးတော့ သူကရေးတာပါ။ အဲတော့ ရွေးကောက်ပွဲကာတွန်း ဖြစ်သွားတာပေါ့။ တည်မြဲ-သန့်ရှင်းခေတ်ကဆိုရင် ဒါ ရွေးကောက်ပွဲကာတွန်း အနေနဲ့ ဒီဥဒေတယံကာတွန်းက တော်တော်လေးကို ပေါက်ပါတယ်။ အဲဒီကနေပြီးတော့ စာပေစိစစ်ရေးရှိတဲ့အတွက်ကြောင့် ဒီစာအုပ်လေးက မထွက်ရတာ ၂၀၁၀ သူ ဆုံးပြီးမှပေါ့၊ ၂၀၀၉ မှာ အဖေကဆုံးတာ။ ၂၀၁၀ ကျော်မှ ကျမတို့ ဒီစာအုပ်လေးကို ပြန်ထွက်တာ၊ အဲဒါကတော့ ဒီ  သန့်ရှင်း-တည်မြဲအတွက် မဲဆွယ်ခြင်းပေါ့နော်။ ဒီရွေးကောက်ပွဲအတွက် မဲဆွယ်တာ ဘယ်လိုဆွယ်တယ်၊ ဘာလုပ်တယ်ဆိုတာ စာအုပ်ကလေးက သက်သေရှိပါတယ်။ အဲစာအုပ်လေးတအုပ် ထွက်တယ်။ နောက်တအုပ်ကကျတော့ ၁၉၆၆ ဆိုပြီး ကော်လက်ရှင်ပေါ့။ အဲဒါလေး ထွက်ထားပါတယ်။ ဒါကတော့ နိုင်ငံရေးကာတွန်းအနေနဲ့ ထွက်တာပါ။ နောက်ပိုင်းလည်း ထွက်ဖို့ အစီအစဉ်တော့ ရှိပါတယ်။ ဒါပေမယ့် ဒီခေတ်ကာလအနေနဲ့ကျတော့ သမိုင်းကြောင်းနဲ့ နည်းနည်းပြတ်လပ်မှုရှိတယ်။ ဒီဘက်ခေတ်ကလေးတွေ အနေနဲ့ကလေ၊ အဲတော့ ဒီအတွက်ကို ကျမတို့ တိုးဖို့အတွက်ကျတော့ တော်တော်လေး သတိထားရတယ်။ ဒါ အရင်းအနှီးလည်း ကြီးတယ်လေ။ ကျမတို့ကတော့ ကော်လက်ရှင်အနေနဲ့ ထူထူကြီးတော့ ထုတ်လိုက်ချင်တယ်။ ဒါပေမယ့် နားမလည်ဘူးဆိုရင်တော့ ဒါ သိပ်အဆင်မပြေဘူး။ နားမလည်တာထက်လေ ဘယ်လိုပြောမလဲ ခေတ်ကလေး နည်းနည်းကွာနေတယ်။ အဲဒါမျိုးလေးပေါ့၊ မမီလိုက်တာမျိုးလေးဆိုရင် ကျမတို့တွေအနေနဲ့က ပြန်ပြီးတော့ ပြောရခက်တယ်လေ။" နောက်တခုကလေ အဲဒီခေတ်တုန်းက ဆရာကြီးရဲ့ ဒီကြော်ငြာစာသားတွေ အဲဒီလိုမျိုး ကြော်ငြာပုံတွေပေါ့နော်။ "ဟုတ်ကဲ့။ ကြော်ငြာတွေမှာလည်း တော်တော်များများ ရှိပါတယ်။ ခုနက ဖြည့်ပြောရမယ်ဆိုရင် ကြေးမုံ စပြီးဖွင့်ပြီ ဆိုကတည်းက ကြေးမုံ နေ့စဉ်ကာတွန်းတွေက တကွက်ကာတွန်း အမြဲတမ်းပါတယ်။ ခေါင်းကြီးကာတွန်းပေါ့နော်။ သူတို့အခေါ် ကြေးမုံခေါင်းစည်းကာတွန်းပေါ့။ ရှေ့မျက်နှာစာမှာ ပါရတာက ဘယ်ရက်မှာပါရမယ်ဆိုပြီး အဲလိုမျိုး ရှိတယ်ရှင့်။ အဲလိုမျိုး ခေတ်က သူတို့ရဲ့စည်း၊ ကလောင်သွား ထက်ရင်ထက်သလိုပေါ့နော်။ အဲလိုမျိုးဆိုတော့ သူက ခေါင်းစည်းကာတွန်းဆရာကြီးပေါ့ အမြဲ။ ၅၇ ကတည်းက ရေးလာတာ ၆၂ ခုနှစ် တော်လှန်ရေးအစိုးရ သိမ်းပြီးတော့ ၇၄ မှာကျတော့ သူက မဆလအစိုးရ ဖြစ်သွားပြီ။ အဲဒီကြားထဲမှာကိုပဲ နည်းနည်းလေး ဟို အစိုးရသိမ်းသွားတယ်။ ပြည်သူပိုင်သိမ်းသွားတဲ့အခါကျတော့ အဖေတို့ဘက်ကလည်း လျှော့သွားတယ်။ မရေးတော့ဘူးပေါ့နော်။ လျှော့တယ်ဆိုတာ ရေးတာကိုတော့ မလျှော့ဘူး၊ သူ ခြေလှမ်း နည်းနည်းလေး ဆုတ်လိုက်တယ်ပေါ့နော်။ ဒီလိုမျိုးလေးတွေပါ။" နောက်တစ်ခုက သိရတာပေါ့လေ။ ဆရာကြီးက အထိမ်းအမှတ်လေးတွေမှာ ဥပမာ ၅ လေးလုံး၊ ၆ လေးလုံး အဲလိုမျိုးလေးတွေမှာ အထိမ်းအမှတ်နဲ့ ဆွဲခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ဟို ၈ လေးလုံးနှစ်မှာ ဆရာကြီးက ပိတ်ခံလိုက်ရတယ်လို့ သိရတယ်ပေါ့နော်။ အဲဒီတော့ အဲကာတွန်းလေးအကြောင်း ပြောပြပေးပါဦး။ "အဲကာတွန်းအကြောင်းကကျတော့ ကျမ ဒီ ၅ လေးလုံးဖြစ်ခဲ့တာက ဒီ ၄ လေးလုံးက စရမှာပေါ့နော် ကျမတို့။ အဖေပြောခဲ့တဲ့ စကားတွေပါ။ ဒီ ၄ လေးလုံးတုန်းကကျတော့ သူတို့တွေက ဂျပန်ခေတ်ပဲရှိသေးတယ်။ ဂျပန်ခေတ်မှာ သူငယ်ချင်းတွေ ညဘက် လူချိန်းတာပေါ့နော်။ ညကင်းစောင့်တာပေါ့။ ကင်းစောင့်တဲ့အခါကျတော့ သူ့သူငယ်ချင်းနဲ့သူ ကင်းစောင့်တဲ့အလှည့်ပေါ့။ အဲဒီအချိန်မှာ သူငယ်ချင်းနှစ်ယောက် စကားပြောတာ၊ တောပြောတောင်ပြောနဲ့ အဲလို စကားပြောရင်းနဲ့ သူ့သူငယ်ချင်းကပဲ သူ့ကို ပြောလိုက်တာပါ။ ဖေသိန်းပေါ့ ဒီနေ့ဘာနေ့လဲကွ။ ဘာလဲကွာ၊ ဒီနေ့ ဒီနေ့ပေါ့ သူက အဲလိုပဲ ပြောလိုက်တာ။ အဲဒါနဲ့ သူငယ်ချင်းက မဟုတ်ဘူးကွတဲ့။ ၄ ရက်၊ ၄ လ၊ ၄၄ တဲ့ ဆိုတဲ့အခါကျတော့ သူ အဲဒီမှာ စဉ်းစားလိုက်တယ်။ အေး ဟုတ်တယ်ပေါ့နော်၊ အဲဒီမှာ အဲသူငယ်ချင်းနဲ့ သူပြောလိုက်တဲ့ စကားလေးက သူ ကာတွန်းဆရာ ဖြစ်လာတဲ့အခါမှာ။ ၅ ရက် ၅ လကျတော့ သူ ကာတွန်းဆရာဖြစ်နေပြီ။ သူ ကာတွန်းလောကထဲကို သူ ခြေလှမ်းပြင်နေပြီ။ အဲတော့ ၅ ရက်၊ ၅ လ၊ ၅၅၊ ၆ ရက်၊ ၆ လ၊ ၆၆၊ ၇ ရက်၊ ၇ လ၊ ၇၇၊ အဲ ၈ ရက်၊ ၈ လ၊ ၈၈ ကျတော့ ကျမတို့ ဒီ ဆရာဦးအောင်ပြည့်ပေါ့၊ ဆရာအောင်ပြည့်ထုတ်တဲ့ ချယ်ရီမဂ္ဂဇင်းပေါ့။ ချယ်ရီမဂ္ဂဇင်းမှာ တကွက်ကာတွန်းအနေနဲ့ သူရေးပါတယ်။ အဲဒီမှာကျတော့ ဟိုဟာ ၆ ရက်နေ့ ဟီရိုရှီးမားဗုံး၊ ဂျပန် ဟီရိုရှီးမားဗုံးဒဏ် ခံရသူများအတွက်ဆိုပြီးတော့ အမြဲတမ်း ဂျပန်ပြည်မှာ ဒါတွေလုပ်ပါတယ်။ ဒီလိုပွဲလေးတွေ လုပ်ပါတယ်။ အမှတ်တရ အောက်မေ့ဖွယ်ပွဲလေးတွေ။ အဲလိုပဲ အဖေကနေပြီးတော့လည်း အဲဒီအချိန်မှာ ကမ္ဘာသူ ကမ္ဘာသားတွေ လွတ်လပ်ကြပါစေဆိုပြီးတော့ ဂျပန်ပန်းခြံထဲမှာရှိတဲ့ ဂျပန်ရဲ့ ရုပ်တုကြီးကိုပဲ သူက သံကြိုးကွင်းဆက်တွေ တပ်လိုက်တာပေါ့။ လက်က ဒီလိုရှိတယ်ဆိုတော့ သံကြိုးကွင်းဆက် တပ်လိုက်တယ်။ အဲဒီ သံကြိုးကွင်းဆက်ကနေပြီးတော့ လွတ်လပ်ကြပါစေဆိုတဲ့ဟာက ကွင်းဆက်တွေ ပြုတ်ထွက်သွားတဲ့ဟာက၊ အဲဒီကွင်းဆက်ကလေးတွေက ၈ ရက်၊ ၈ လ၊ ၈၈ ဆိုပြီး ဖြစ်သွားတာပါ။ အဲလိုမျိုး အိုင်ဒီယာလေးနဲ့ သူကရေးလိုက်ပါတယ်။ ရေးပြီးတော့ သူက ပို့လိုက်တယ်။ ဒီ ၈ ရက်နေ့ မတိုင်မီမှာ ဒီ မဂ္ဂဇင်းဆိုတာ ကျမတို့တွေက ကြိုပြီးထွက်ကြတာ များတယ်။ အဲဒီမှာပဲ ဆရာဦးအောင်ပြည့်က အဖေ့ပုံကို စောင့်နေတယ်။ ရတယ်၊ ရတာနဲ့ ထွက်လိုက်တယ်။ ထွက်ပြီးတော့မှ ဒီ တားဂက်ပေးတာက မြန်မာပြည်ရဲ့ အရေးတော်ပုံကာလနေ့က ဒီမိုကရေစီ အရေးတော်ပုံနေ့က ၈ ရက်၊ ၈ လ၊ ၈၈ ကို တတိုင်းပြည်လုံး ထွက်ကြပါမယ် ဆိုတဲ့အခါကျတော့ ဒီဟာက သွားပြီးတော့ တိုက်ဆိုင်နေတဲ့ အပြင်ကိုမှ ဟို ပိုပြီးတော့ အပြစ်ကြီးတယ်လို့ပဲ ပြောရမှာပေါ့လေ။ သူတို့ ပိုပြီးတော့ မျက်စိစားပါးမွေး စူးသွားတဲ့ဟာကတော့ ဒီလို နယ်မြို့တွေမှာ ကျတဲ့အခါကျတော့ သူတို့ ဒီဟာကို အကျယ်ချဲ့လိုက်ပြီးတော့ ပိုစတာလို ပြတော့တာပေါ့။ ကျမတို့ ရန်ကုန်မှာကျတော့ ဒါကိုတော့ ကျမတို့ မျက်မြင်တော့ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် နယ်မြို့တွေမှာတော့ ဒီလိုဖြစ်တယ်လို့တော့ ကျမတို့ ကြားပါတယ်။ ဒါ ပိုစတာသဘောမျိုး ဖြစ်သွားတယ်ပေါ့နော်။ ပိုစတာလုပ်ပြီးတော့ အော်တယ်ပေါ့နော်။ ၈ ရက်၊ ၈ လ၊ ၈၈ တားဂက်နဲ့လည်း သွားပြီးတော့ တိုက်ဆိုင်နေတယ်ပေါ့။ ကျမတို့တွေကို ဒီ ၈ ရက်၊ ၈ လ ပြီးတဲ့အခါကျတော့ ဒီပုံလေးပြီးသွားတဲ့ အခါကျတော့ စာပေစိစစ်ရေးကနေပြီးတော့ အဖေ့ကို ဖြေရှင်းချက် တောင်းပါတယ်။ ဒီဟာကို လာရှင်းပါဆိုတော့ သူသွားရှင်းတဲ့ အချိန်မှာကျတော့ ရန်ကုန်တမြို့လုံးကို တနိုင်ငံလုံးရော ပွက်ပွက်ဆူနေပြီ။ အဲတော့ အဖေသွားတယ်၊ ဒီစာလေးကို ထားခဲ့တယ်။ ဒါပဲလုပ်ရတယ်။ အဲ စိစစ်ရေးရုံးကလည်း ချီတက်ပွဲကိုသွား၊ ဆန္ဒပြပွဲကို သွားနေပြီဆိုတော့ ရှိတဲ့သူကိုပဲ ထားခဲ့ရတယ်ပေါ့။ ဒီဟာလေးကတော့ အဖေပြောပြပါတယ်။" Cartoon U Pe Thein05 အဲဒါလေ အန်တီ ဆရာကြီးကလေ ဒီကာတွန်းကြောင့်ပေါ့ ၁၆ နှစ် အပိတ်ခံလိုက်ရတယ်လို့ ကြားသိရပါတယ်။ အဲတော့ အဲဒီ ၁၆ နှစ်အတွင်းမှာရော ဆရာကြီးက ဒီကာတွန်းတွေကို ဘယ်လိုမျိုး ဖြတ်သန်းနေလဲရှင့်။ ကာတွန်းတွေ ဆွဲပြီးတော့ပေါ့နော်။ "သူက သတင်းကာတွန်းဆရာကြီးတဦး ဖြစ်တဲ့အတွက် အမြဲတမ်း သူ့ရဲ့အတွေးတွေက လတ်ဆတ်နေတယ်ရှင့်။ ဒီနေ့ သတင်းစာကို ကောက်ကိုင်လိုက်တာနဲ့ ဒီနေ့ ဘာဆိုတာကို သူ့ရဲ့အတွေးထဲမှာရော သူ့ရဲ့ ဟာသဉာဏ်နဲ့ရောပေါ့နော်၊ သူက ပါရမီရှင်ကိုး။ အဲတော့ သူ့ရဲ့ဟာသကရော အကုန်လုံး၊ ဟိုကာတွန်းတပုဒ်ကတော့ ထွက်သွားတာပါပဲ။ တကွက်ကာတွန်းလေးကတော့ သူ့အတွက်ကတော့ အလွယ်တကူ ထွက်သွားတာပါပဲ။ အဲဒါလေးတွေကိုကျတော့ သူ ဟို ရေးထားတယ်။ အကြမ်းစာအုပ်လေးနဲ့ သူမှတ်နေကျ စာအုပ်လေးမှာ သူ မှတ်ထားတယ်။ မဟုတ်ရင်တော့ သူတခါတည်း ချရေးချင်တဲ့စိတ်ရှိရင်တော့ ချရေးတယ်ပေါ့။ ရေးပြီးတော့ တခါ သိမ်းထားပေါ့။ ကျမတို့တွေက အမြဲတမ်း သူရေးထားတာလေးတွေကို သိမ်းသိမ်းထားတာပေါ့နော်။ ခုထိလည်း ရှိပါတယ်။ ဒီလိုပဲ သိမ်းထားပြီးတော့ ထားလိုက်တာဟာ ဒါဟာ သူ့ရဲ့ စိတ်လွတ်လပ်မှုပေါ့။ ဒါလေးတွေပေါ့။ တကွက်ကာတွန်းအတွက်ကို သူ့ဟာသူရေးတယ်။ တမျိုးကကျတော့ သူ့တပည့်တွေနဲ့ ဟို အနီးတ၀ိုက်ပေါ့။ ကျမတို့က အင်းလျားကန်နဲ့လည်း နီးတယ်ဆိုတော့ အဲအနီးတ၀ိုက်မှာ သွားပြီးတော့ ပန်းချီရေးတယ်။ သူ ပန်းချီဆွဲတဲ့ဘက်ကို နည်းနည်းလေး အာရုံပြုတယ်။ ပန်းချီဆွဲတော့လည်း သူ့အနေနဲ့က သတင်းကာတွန်းဆရာ ဖြစ်တဲ့အတွက် သတင်းအတွေးလေးတွေနဲ့ နည်းနည်းရှိပါတယ်။ သူ့ရဲ့ သရုပ်ဖော်ပုံလေး ပုံစံမျိုးလေးပေါ့နော်။ ပန်းချီသက်သက်ချည်းတော့ မဟုတ်ဘူးပေါ့။ အဲလိုမျိုးလေးလည်း ရှိပါတယ်။ နောက်ပြီးတော့ ဆောင်းပါးရေးတယ်ပေါ့။ ဆောင်းပါးကတော့ ကျမတို့တွေ ရေးသလိုပါပဲ။ အရင်တုန်းကလည်း သူက ရေးနေကျ၊ ဘယ်လိုပြောမလဲ သူရေးချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် ရေးထားတာလေးတွေ ရှိပါတယ်။ အဲဒါကိုမှ တကယ်ပိတ်ခံထိလည်းထိရော ၁၆ နှစ်အတွင်းမှာ ကျတဲ့အခါကျတော့ သူ ဒီဟာကို တစိုက်မတ်မတ်ရေးလာတယ်။ ဆောင်းပါးကကို တစိုက်မတ်မတ်ရေးတယ်။ နောက် ဘာသာပြန်လေးတွေ၊ အတိုလေးတွေကိုပေါ့၊ သူဖတ်ပြီးတော့ ဘာသာပြန်တယ်။ ဒါလေးတွေက သူ အိမ်မှာနေရင်းနဲ့ အချိန်ကန့်သတ်ပြီး လုပ်သွားတာလေးတွေပါ။"
5 years Ago
Up