ဦးဖေသန်း

April 4, 2018

ဘဝပုံရိပ် အတိတ်တစ္ဆေ

ခါးပတ်ရိုက်ချက် သွေးစက်စက် “ပင်လယ်ထဲ ထိုးဆင်းပြီ အောက်မေ့တာ ဆရာရယ် အသည်းကို အေးသွားတာပဲ” ကျနော့်ဘေးခုံက ယခုမှ ရခိုင်ကို တာဝန်ကျခါစ ပြည်နယ်အဆင့် အရာရှိတဦးထံမှ ထွက်လာသည့် အသံ။ “မဇင်လေဆိပ်က ပင်လယ်ပြင်ကို မေးတင်ထားသလိုမျိုးဆိုတော့ .. ဒီလေဆိပ်က ကျနော်တို့ တိုးချဲ့ဆောက်ခဲ့တာ” “သြော်  ကိုယ်စားလှယ်တော်ကြီးက အင်ဂျင်နီယာလည်း လုပ်ခဲ့တာကိုး” လေယာဉ်က ဘီးတဖြည်းဖြည်းလိမ့်ရင်း လေဆိပ်အဆောက်အဦရှေ့ ရပ်လိုက်သည်။ သူ့အပြောကို ကျနော်က ပြုံးရင်း ခေါင်းကို မသိမသာခါပြီး အဖြေပေးလိုက်သည်။ “ဗုဒ္ဓနိပါတ်တော်မှာ ဆိုရင်ဖြင့် ဘုရားရှင်က နေရာသစ်တခုရောက်လို့ ဒီလို ပြုံးတော်မူတိုင်း ညီတော်အာနန္ဒ္ဒာက မည်သည့်အတွက် ပြုံးတော်မူပါသလဲလို့ လျှောက်တင် မေးမြန်းလိမ့်မည်။ ထိုအခါ ဘုရားရှင်က ငါဘုရား နုစဉ်ကာလ ဤနေရာ ဤဒေသ၌ .... ဘဝအဖြစ် ကျင်လည်ကျက်စားဖူးခဲ့သည် ....” စသည်ဖြင့် ဇာတ်ကြောင်းပြန်လိမ့်မည် ဖြစ်သည်။ (စာအုပ်တွေ တရားတွေမှာ ကြားနာမိတာပါ) ကျနော်ကား သာမန်လူသားတဦးသာဖြစ်၍ ရှေးအတိတ်ဘဝကို သိမြင်နိုင်စွမ်းမရှိ။ သို့ရာတွင် ယခုဘဝ ဘဝပုံရိပ် အတိတ်တစ္ဆေကတော့ ကျနော့်ကို ခြောက်လှန့်ခဲ့လေပြီ။ ကျနော် အသက် ၂၇  နှစ်၊ လွန်ခဲ့သော ၃၅ နှစ်ခန့်က ဖြစ်သည်။ ယခု လေယာဉ်ပေါ်က ညာဘက်တွင် လှမ်းမြင်နေရသော မနီးမဝေး တောင်ကုန်း တောင်စောင်း နေရာလေး ဒီနေရာမှာ ဆိုင်းဘုတ်ကြီးနှစ်ခု ထီးထီးကြီး စိုက်ထူလျက် မနှစ်မြို့ဖွယ်ရာ ရှိခဲ့ဖူးလေသည်။ တခုက (မဇင်ရဲဘက်စခန်း)၊ နောက်တခုက ‘ပြစ်မှုကြွေး ချွေးဖြင့်ဆပ်မည်’၊ ကျောက်ဖြူထောင်မှ မဇင်လေယာဉ်ကွင်း တိုးချဲ့ဖောက်လုပ်ရန် ရောက်ရှိလာကြသော ထောင်ကျအကျဉ်းသား ၂၀၀ ခန့်မှာ ချစ်ချစ်တောက် ပူပြင်းသော နေပူကျဲကျဲအောက်တွင် အပေါ်အင်္ကျီမပါ ဗလာကျင်းဖြင့် လက်နှစ်ဖက်ကို ကုပ်ပေါ်ယှက်တင် ခေါင်းငုံ့အနေအထားဖြင့် ဆောင့်ကြောင်ထိုင်လျက် ချွေးတွေက တဒီးဒီး ကျနေကြသည်။ ပြစ်မှုတွေကလည်း မျိုးစုံ...  ကျနော်ကတော့.... ထိုစဉ် စခန်းတာဝန်ခံထောင်မှူးကြီး၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ "တိုက်အောင်" "ရှိ" "ပြစ်မှု" "နိုင်ငံရေးမှု" "ဖြန်း" ဘေးမှ ခါးထောက်ရပ်နေသော ဝါဒါတဦး၏ ခါးပတ်က ကျနော်၏ ဗလာကျင်းနေသော ကျောပေါ်သို့ ဒေါသတကြီး ကျရောက်လာသည်။ ရင်ထဲကပါ တစစ်စစ်နာအောင် ခံစားလိုက်ရသည်။ “ပြန်ပြော ဘာမှုလဲ" "၁၇(၁)" "ဖြန်း  ဖြန်း ဖြန်း ..." ခါးပတ်ရိုက်ချက်များ  မိုးသီးမိုးပေါက်ပမာ ဆက်တိုက်ကျလာသည်။ ဒီတကြိမ်မှာတော့ ခါးပတ်ရိုက်ချက်က မျက်နှာကို ကန့်လန့်ဖြတ် မျက်ခုံးရိုး ကွဲရာက သွေးများ တပေါက်ချင်း မြေကြီးပေါ် ကျလျက် ကျနော် လုံးဝမသုတ်မိ။ “မတရားအသင်း ဆက်သွယ်မှုလို့ ပြော” ကျနော် အံကိုကြိတ်လိုက်သည်။ လုံးဝ မပြော။ သေလည်း မပြော။ စိတ်ကို တုံးတုံးချလိုက်သည်။ “ဒီကောင် လူပါးဝနေတာ ခေါ်သွားလိုက်၊ ခြေချင်းရော ဒေါက်ပါခတ် ဆေးနားမပေးနဲ့။ မနက်ဖြန်ကစ တောင်ပေါ်ကို မြေပေါက်ဖို့ တင်လိုက်၊ တွေ့မယ် လူဝါးဝလို့” ထောင်မှူးကြီး၏ အမိန့်ပေးသံ အဆုံးမှာတော့ ထောင်ဝါဒါတဦးက ကျနော့်ကို တရွတ်တိုက်ဆွဲခေါ်ပြီး ဝါးတန်းလျားဆောင်တခုသို့ ပို့လိုက်သည်။ ပြီးတော့ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်တာက “အိမ်မပြန်ချင်ဘူးလား” တဲ့။ ‘တောက်’ တချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်မိသည်။ နာကြည်းမှုနှင့်အတူ ဝမ်းနည်းမှုက ရင်ထဲ တလိပ်လိပ် ဆို့တက်လာခဲ့သည်။ ဘယ်လိုမှ မခံစားနိုင်တော့သည့်အဆုံး မျက်နှာကိုအုပ် ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ပြီး သိမ့်သိမ့်ခါအောင် ငိုချလိုက်မိပါတော့သည်။ (ယခုခေတ် ထောင်မင်းသား နိုင်ငံရေးသမားများ စိတ်အားတင်းနိုင်ကြပါစေ) ပဲဟင်းတခွက် တုတ်တချက် ကြက်ဥတလုံး သင်္ဘောက ဥသြဆွဲလိုက်မှ ကျနော့်အတွေးစများ ရပ်သွားခဲ့ပြီး သင်္ဘောဆိပ်ဘက်သို့ ခေါင်းပြူကြည့်လိုက်သည်။ ဆိပ်ကမ်းထိပ်တွင် ခရီးသည်များကို လာကြိုနေကြသည့် လူ ၂၀ ခန့်ကို မြင်ရသည်။ မိမိမြို့နှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီ။ အမေ၊ အဖေ၊ ညီအစ်ကို မောင်နှမများ၊ ဇနီးသည်နှင့် သားသမီးများ၊ သူငယ်ချင်းများ၊ ဖုန်းခေတ်မဟုတ် စာက ပို့ရမလွယ် ထောင်ဝင်စာက လာမတွေ့နိုင်တဲ့ အခြေအနေမှာ ထောင်ကလွတ်လာတဲ့ င့ါကို ဘယ်လိုအကြည့်မျိုး ဘယ်လိုမျက်နှာမျိုး ဘယ်လိုခံစားမှုမျိုး ထားကြလေမလဲ ရင်ခုန်စွာ သိချင်နေမိသည်။ အိမ်ပြန်လာတဲ့ င့ါမှာက အဝတ်တထည် ကိုယ်တခုနဲ့ အင်္ကျီအိတ်ကပ်ထဲမှာက ထောင်ထွက်လက်မှတ်တစောင်၊ လက်ဝှေ့ယမ်းပြနေသော အစ်ကိုကြီးကို မြင်လိုက်ရတော့ စိတ်ထဲ အနည်းငယ် ကြည်နူးသွားရသည်။ ဒါပေမယ့် ကြိုဆိုသူက သည့်ထက်မပို။ ဟုတ်မှာပေါ့လေ။ ငါက အောင်ပွဲခံလာတာမှ မဟုတ်ဘဲ၊ ထောင်ထဲက ပြန်လာတဲ့သူဆိုတော့ တချို့ ခင်မင်ရင်းနှီးတဲ့သူတွေက မသိသလို မျက်နှာစိမ်းစိမ်းလေးတွေနဲ့ တချို့ကလည်း မျက်နှာကြောတင်းတင်းလေးတွေနဲ့… အင်း .... ငါက ဘာများ အပြစ်လုပ်မိခဲ့လို့ပါလိမ့်။ အိမ်ခြံဝ ရောက်လာတဲ့အချိန် ဇနီးသည်က မချိပြုံးလေးနဲ့ ထွက်ကြိုသည်။ ကလေးတွေကတော့ ကြောင်ပြီး မဝံ့မရဲလေး ကြည့်နေကြသည်။ ကျနော် ထွက်ခွာသွားကတည်းက သခင်မဲ့အိမ်ကလေး အပြိုပြို အရိုင်းရိုင်း အပေါက်ပေါက် အပြဲပြဲ ဝမ်းနည်းစွာကြိုလျက်။ ပတ်ဝန်းကျင်အားလုံးက င့ါကို ငြိမ်သက်စွာဖြင့် အကဲခတ်လျက် ရှိနေကြသည်။ အင်း ဘဝကတော့ မကျေနပ်ရင် တစ်က စရုံကလွဲလို့ ဘာများ တတ်နိုင်တော့မည်နည်း။ ဇနီးသည်ခမျာ ကျနော့်အကြိုက် ကုလားပဲဟင်းကို ဘဲဥနှင့် ရောချက်ထားသော တခွက်တည်းသော ဟင်းလျာဖြင့် ညနေစာကို ပြင်ထားသည်။ ကလေးနှစ်ယောက်က ထမင်းဖြူထည့်ထားသော ပန်းကန်လေးများကို အသင့်ကိုရင်း ကျနော့်မျက်နှာကို မော့ကြည့်နေကြသည့် မြင်ကွင်းက ကျနော့်ရင်ကို ထိခိုက်စေသည် အမှန်။ ဒီလို အခွင့်အရေးမျိုး သူတို့ တအားမျှော်လင့်နေကြပေလိမ့်မည်။ ကျနော်က ဘဲဥတလုံးကို ထက်ခြမ်းခွဲပြီး တယောက်တခြမ်း ဝေပေးလိုက်ပေမယ့် သားနှင့် သမီးမျက်နှာက ထမင်းပန်းကန်ဆီ မရောက်။ ကျနော့်မျက်နှာကိုသာ ကြည့်ပြီး ပျော်ရွှင်နေကြသလိုမျိုး၊ တဖက်လှည့်ကြည့်လိုက်ပြန်တော့ ဒီသားအဖတွေရဲ့ မြင်ကွင်းကို ထမင်းပန်းကန် ကိုင်ကြည့်ပြီး ပြုံးနေတဲ့ ဇနီးသည်ရဲ့မျက်နှာ ဒီနေ့လို ပဲဟင်းတခွက် ထမင်းပွဲဝိုင်းလေးရဲ့ အရသာကို ကျနော့်ရင်ထဲ တသက်မမေ့နိုင်တော့။ ပဲဟင်းခွက်ကိုကြည့်ရင်း ကျနော့်မျက်လုံးအိမ်ထဲ မျက်ရည်များဖြင့် ဝေဝါးလာခဲ့ရတော့သည်။ “ရွှီး .... အားလုံးတန်းစီမယ်” “ပိုနေတဲ့ ပဲဟင်း နည်းနည်းစီရမယ်” ကျနော်မှာ ပဲဟင်းကိုကြိုက်၊ မရှက်မကြောက် ဝန်ခံရရင် ငတ်လည်းငတ် နည်းနည်းလေး ပိုစားရရင်ဆိုပြီး တန်းစီနေရာသို့ အပြေးသွားပြီး တန်းစီ နေရာယူလိုက်သည်။ နံပါတ်စဉ် ငါး ဆိုတော့ အခြေအနေ ကောင်းတယ်ပေါ့။ နောက်လှည့်ကြည့်လိုက်တော့ တတန်းကြီး တိုးဝှေ့ နေရာလုနေကြသည်။ သူသူငါငါ စားချင်ကြမှာပဲလေ။ ခဏအကြာမှာတော့ ဖြောင်းခနဲအသံနှင့်အတူ ကျနော့်ခေါင်းတခုလုံး ပူခနဲ ထုံကျင်သွားသည်။ လှည့်ကြည့်လိုက်တော့ ထောင်ဝါဒါ တပ်ကြပ်ကြီးရဲ့ ဒေါသတကြီး ကျချင်ရာကျ လှမ်းရိုက်လိုက်သော ကြိမ်တုတ်ရိုက်ချက်က မဆီမဆိုင် ကျနော့်ခေါင်းပေါ်မှ ကျလာတော့လည်း ကျနော် ကိုယ့်ခေါင်းကို စမ်းကြည့်လိုက်တော့ ကြက်ဥလုံးခန့် ဖူးရောင်လို့ သွားခဲ့ရပြီပေါ့။ ဒီပဲဟင်းတခွက်၊ တုတ်တချက်၊ ကြက်ဥတလုံး ဇာတ်လမ်းလေးကို ပြောပြလိုက်တဲ့ အဆုံးမှာတော့ ကြေကွဲစရာ ထမင်းဝိုင်းလေး ဖြစ်သွားရတော့သည်။ သမီးကြီးက ဝမ်းနည်းပက်လက်နှင့် အသံထွက်အောင် ရှိုက်ပြီး ငိုနေပါတော့သည်။ (နိုင်ငံရေးသမားကောင်းတယောက် စစ်၊ မစစ် စစ်ဖိနပ်နှင့် ထောင်က မှတ်ကျောက်တင်ပေးလိမ့်မည်) သပိတ်ဝင်္ကပါ တလတာ ဒုတိယအကြိမ် ထောင်ကလွတ်လို့ အိမ်ရောက်တာ ၃ ရက်သာ ရှိသေးသည်။ ၈၈ အရေးတော်ပုံကြီးက တနိုင်ငံလုံး အရှိန်အဟုန်မြင့်မားလာခဲ့သလို မိမိတို့မြို့တွင်လည်း သပိတ်ကော်မတီတရပ်ကို မြို့လုံးကျွတ် အစည်းအဝေးခေါ်ပြီး ဖွဲ့စည်းခဲ့ကြရာ ဦးဘထိန်(ကွယ်လွန်) က ဥက္ကဋ္ဌ၊ ကျနော်က အတွင်းရေးမှူးတာဝန်ကို ယူခဲ့ကြရသည်။ ကျောင်းသားသပိတ်ကော်မတီတွင် ကိုလှစောဖြူ၊ ကိုအောင်ဝင်းတို့က ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည်။ သပိတ်စခန်းကို ဈေးနားကျောင်း (ယခု တရုတ်တန်းကျောင်း) တွင် ဖွင့်လှစ်ခဲ့ကြသည်။ ပါတီ၊ ကောင်စီ လူကြီးများကတော့ စစ်တပ်ရှိရာ တောင်ကုန်းသို့ ပြေးကြလေပြီ။ ရဲစခန်းကလည်း တံခါးပိတ်ထားပြီး ပြဿနာများအား သပိတ်ကော်မတီတွင်သာ တိုင်ကြားကြရန် လမ်းကြောင်းလွှဲပေးခဲ့သဖြင့် ဆန္ဒပြရန်သာ ရည်ရွယ်ဖွဲ့စည်းခဲ့သော သပိတ်ကော်မတီမှာ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး ပြဿနာများနှင့် လုံးထွေးလျက် ရှိနေတော့သည်။ ခြောက်ပေါက် (ထိပ်တုံး) ၂ ခု လှံချောင်း ၂၀ သေနတ်မရှိ အချုပ်ခန်း မရှိတော့ ဒါတွေကို အရေးပေါ် ဖန်တီးလိုက်ရသည်။ မြို့မိမြို့ဖများအား မြို့လုံခြုံရေးအတွက် အကူအညီပေးကြရန် မေတ္တာရပ်ခံခဲ့သော်လည်း ခေါင်းခါ ငြင်းဆန်ခဲ့ကြသဖြင့် တာဝန်အားလုံးမှာ သပိတ်ကော်မတီ၏ ခေါင်းပေါ် တည့်တည့်ကြီး ကျရောက်လာခဲ့ရာ နေ့စဉ် အင်အား ၂၀ ခန့်ဖြင့် မီးတုတ်များ၊ လှံများကို ကိုင်ဆောင်လျက် တညလုံး ကင်းလှည့်ရသည့် အခြေအနေသို့ ရောက်ရှိလာရတော့သည်။ တခါ တခါတွင်တော့ ကျောင်းသားသပိတ်ကော်မတီဝင်များပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ကျောင်းသားအလံကို အပေါ်မှာ တင်ရမည် "ဒီမိုကရေစီရရှိရေး     ဒို့အရေး" "အာဏာရှင်စနစ် ဖြုတ်ချရေး ဒို့အရေး" "ပါတီ/ကောင်စီ  အလိုမရှိ" "အရေးတော်ပုံ  အောင်ရမည်" တမြို့နယ်လုံး ချီတက်ဆန္ဒပြသည့်နေ့ ရှေ့ဆုံးက အလံကိုင်တပ်ဖွဲ့ ဘင်ခရာတပ်ဖွဲ့များနှင့် မဆုံးနိုင်သော လူတန်းကြီးကို ပြည်သူများက စားဖွယ်သောက်ရာများနှင့် လမ်းတဖက်တချက် ကြိုဆိုနေကြသော မြင်ကွင်းမှာ အလွန်စိတ်လှုပ်ရှားဖွယ်ရာပင်။ မြို့နယ်စုပေါင်းရုံးရှေ့ရောက်တော့ သပိတ်ကော်မတီ အလံနှင့် ကျောင်းသားအလံတို့ကို တင်ပြီး ခေါင်းဆောင်များက မိန့်ခွန်းအသီးသီး ပြောခဲ့ကြပြီးနောက် သပိတ်စခန်းသို့ အောင်မြင်စွာ ဆက်လက်ချီတက်လာခဲ့ကြရာ ပြဿနာက နောက်ထပ် ကပ်ပါလာခဲ့တော့သည်။ “တနိုင်ငံလုံးမှာ ကျုပ်တို့ ကျောင်းသားတွေက ဦးဆောင် တိုက်ပွဲဝင်နေကြတယ်။ ကျောင်းသားအလံကို အပေါ်ကမတင်ဘဲ သပိတ်အလံကို အပေါ်ကတင်တာ မကျေနပ်ဘူး။ ဖယ်ပေးပါ။” ကျောင်းသားများ အုပ်စုလိုက် ရောက်လာပြီး ပြဿနာရှာတော့သည်။ သပိတ်အလံဆိုတာ ကျောင်းသား အပါအဝင် လူထုလူတန်းစားအားလုံးကို ကိုယ်စားပြုပါတယ်လို့ ရှင်းပြသော်လည်း မကျေနပ်ကြ။ သို့ဖြင့် တဖက်နှင့်တဖက် ပြဿနာတက် ဦးတည်ချက်ပျောက်သွားပြီး ညီညွတ်မှုပါ ပျက်သွားနိုင်ရာ သပိတ်ကော်မတီသည် ပါတီရုံးရှေ့ အလံတိုင်တွင် သပိတ်အလံကို ပြောင်းတင်ပေးပြီး အကျပ်အတည်းကို ဖြေရှင်းပေးခဲ့သည်။ ရွှေပေါက်ဆိန်အဖွဲ့၏ ရာဇသံ တနေ့တွင်တော့ သပိတ်ကျောင်းနံရံတွင် ကပ်ထားသော စာတစောင်ကို တွေ့ရသည်။ “တချိန်က ပြည်သူများအား ဒုက္ခမျိုးစုံပေးခဲ့သော ပါတီ၊ ကောင်စီ လူယုတ်မာတို့၏ အိမ်များအား ဖျက်ဆီးသွားမည်ဖြစ်၍ နှောင့်ယှက်ဟန့်တားခြင်းမပြုရန် သတိပေးလိုက်သည်" ပုံ/ ရွှေပေါက်ဆိန်အဖွဲ့ ဟူ၍ ဖြစ်သည်။ ထိုအချိန်ကစ၍ ပါတီ၊ ကောင်စီများ၏ နေအိမ်များမှာ ညစဉ်နှင့်အမျှ အဖျက်ဆီးခံရတော့သည်။ သပိတ်ကော်မတီ၏ လုံခြုံရေးတပ်ဖွဲ့သည် ယင်းနေရာသို့ ရောက်လာပါက ရွှေပေါက်ဆိန်အဖွဲ့ တိမ်းရှောင်သွားတတ်ပြီး အခြားတနေရာတွင် ဖျက်ဆီးကြပြန်သည်။ ဤသို့ဖြင့် အချင်းချင်း မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန် ထိန်းနေရသော အလုပ်သည်ပင် အဓိကအလုပ် ဖြစ်လာနေရာ ကျနော်တို့မှာ စိတ်ပင်ပန်း ကိုယ်ပင်ပန်းနှင့် ဒုက္ခရောက်ကြရတော့သည်။ ရပ်ကွက်နေ ပြည်သူများအားလည်း လုံခြုံရေးအတွက် မိမိရပ်ကွက်ကို မိမိတို့ကိုယ်တိုင် တာဝန်ယူပေးကြရန်နှင့် ညအချိန်တွင် ရပ်ကွက်အတွင်းရှိ လမ်းများအား ခြံခတ်ပိတ်ထားပြီး ကင်းများချထားပေးရန် အကူအညီ တောင်းခံခဲ့ရတော့သည်။ သတ်မိန့်ပေးပါ တနေ့ ည ၁၀ နာရီခန့်တွင် လူတရာခန့်ရှိ ဓား တုတ်ကိုင်ထားသော လူအုပ်ကြီးသည် လူတယောက်ကို ကြိုးတုပ်ပြီး သပိတ်ကော်မတီသို့ ရောက်ရှိလာသည်။ အကျိုးအကြောင်းကို မေးကြည့်ရာ ဒီလူက ဒိုင်မှူးဖြစ်ပြီး လူတွေ ဒီလောက် ဒုက္ခရောက်နေကြတဲ့ အချိန်မှာ ဂိုဒေါင်ထဲက စပါးများကို အလုပ်သမားများဖြင့် ညအချိန်မှာ စက်လှေပေါ်သို့ ခိုးထုတ်နေသဖြင့် ဖမ်းဆီးယူလာခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီလူကို အရှင်ထားလို့ မရဘူး။ နမူနာစံပြအဖြစ် သေဒဏ်ပေးရမယ်။ ကျနော်တို့ကို သတ်ခွင့်ပေးပါ" "ဟုတ်တယ် ဟုတ်တယ်၊ သေဒဏ်ပေးပါ" (လူအုပ်ကြီးအသံ) ဒိုင်မှူးဆိုသူမှာ မျက်နှာတွင် ဖူးရောင်ဒဏ်ရာများနှင့် တကိုယ်လုံး တဆတ်ဆတ် တုန်လျက် ရှိနေသည်။ တချို့ နောက်ကနေ ဝင်ဆွဲကာ လက်သီးနှင့် ထိုးကြသည်။ အခြေအနေကား မလှ။ သပိတ်ကော်မတီဝင်များ ချွေးစေးပြန်လေပြီ။ နောက်ဆုံးတွင်တော့ ကျနော့်အနေဖြင့် လူအုပ်ကြီးကို မိမိတို့ တာဝန်ယူပါကြောင်း အနူးအညွတ် ချော့မော့တောင်းပန်ပြီး တရားခံကို လက်ခံထားလိုက်ရပါသည်။ ရှေ့ဆက်ရမည့် အခြေအနေအတွက် ကျနော့်မှာ ရင်မောလျက် ရှိနေပါတော့သည်။ အမှန်အတိုင်း ပြောရလျှင် မိမိနှင့်မသက်ဆိုင်သော ဤတာဝန်များကို ထမ်းဆောင်နေရမှုအတွက် ဘဝင်မကျလှ။ ပြဿနာတွေကလည်း နေ့စဉ်နှင့်အမျှ တိုးတိုး၍သာ လာနေသည်။ ည ၁ နာရီထိုးပြီ။ စာသင်ခုံတန်းလျားပေါ်တွင် အသာအယာ လှဲချလိုက်သည်။ တဖက်ကို လှည့်ကြည့်လိုက်တော့ ထိပ်တုံးမှာ ခြေထောက်တဖက်ထည့်ပြီး တခေါခေါ အိပ်ပျော်နေသူ တယောက်။ အရက်မူးပြီး အိမ်ကို မီးရှို့လို့ ရပ်ကွက်က ထိန်းပေးပါလို့ လာအပ်ခဲ့သူ။ အင်း… သူကမှ င့ါထက် အပူအပင်ကင်းပါသေးလားလို့ တွေးမိလိုက်သည်။ ၁၈/၉/၁၉၈၈ နေ့ မြန်မာ့အသံက စစ်ချီသီချင်းတွေ တောက်လျှောက်လာနေသည်။ အခြေအနေမကောင်း။ သပိတ်စခန်းသို့ ကျနော် အပြေးအလွှား သွားလိုက်သည်။ ထိပ်တုံးထဲက တရားခံတယောက်ကို သော့ဖွင့်ပေးလိုက်သည်။ ကောင်းကောင်းမွန်မွန် နေဖို့လည်း တရားဟောလိုက်ရသေး ခဏကြာတော့ သပိတ်ကော်မတီတချို့ ရောက်လာသည်။ တပ်မတော်က အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ရေဒီယိုက အဆက်မပြတ် ကြေညာနေသည်။ ဘာလုပ်ကြမလဲ၊ တိုင်ပင်ကြပြီး အိမ်မှာနေပြီး အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ အမှန်ကို ဝန်ခံရလျှင် ဤအခြေအနေတွင် ကျနော်သည် တလတာမျှ တွေ့ကြုံခံစားခဲ့ရသော စိတ်ဖိစီးမှုများမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သဖြင့် တနည်းအားဖြင့်တော့ စိတ်လက်ပေါ့ပါးသွားခဲ့ရသည်။ ဝ မရှိဘဲ  ဝိလုပ်ရတဲ့ ဒုက္ခကိုလည်း သဘောပေါက် နားလည်ခဲ့ရသည်။ ခဏလောက် လိုက်ခဲ့ပါ တိတ်ဆိတ်နေသော မြို့… စစ်သားများ ကျနော့်နေအိမ်ဆီသို့ ရှေးရှု၍ လာနေကြပြီဖြစ်ကြောင်း သတင်းပေးသူကပေး၊ စောင့်ကြည့်သူက ကြည့်နှင့် ခဏကြာတော့ စစ်သား ငါးယောက်လောက်က ခြံဝတွင် နေရာယူထားပြီး ဗိုလ်ကြီးတယောက်က အိမ်ရှေ့ လာရပ်သည်။ “..... ရှိလား” “ရှိပါတယ်” “ကျနော်နဲ့ ခဏလိုက်ခဲ့ပါ” ကျနော်က နောက်သို့ လှည့်ကြည့်လိုက်သည်။ သားနှင့် သမီး ချစ်ဇနီး သူတို့မျက်လုံးအိမ်တွင် မျက်ရည်တွေနှင့်အပြည့်။ ဒီလိုမျိုး ဝေဒနာတွေကို သူတို့ အကြိမ်ကြိမ် ခံစားဖူးခဲ့ကြပြီ။ အဖေတယောက်၊ လင်သားတယောက် မရှိသည့်အခါ ကြုံတွေ့ရမယ့် အခက်အခဲကို သူတို့ ကောင်းကောင်း သဘောပေါက်ကြသည်။ ကျနော်က ပြုံးပြ နှုတ်ဆက်လိုက်သည်။ ဗိုလ်ကြီးကတော့ သူတို့ကိုကြည့်ပြီး အားပေးသလိုနဲ့... “မကြာပါဘူး၊ ခဏလေးပါ” တဲ့။ မကြာပါဘူး၊ ခဏလေးပါဆိုတဲ့ စကားသံတွေကိုလည်း သူတို့ မကြာ မကြာ ကြားဖူးကြသည်။ ဒီလိုနှင့် အကြာကြီး ခွဲခွာခဲ့ရတာလည်း သူတို့ သိကြသည်။ ယခုအကြိမ်တော့ တတိယအကြိမ် အကျဉ်းထောင်ဆီသို့ ခြေဦးလှည့်ခဲ့ရပြန်ပြီလား။ (ဘဝတူ ရဲဘော်များသို့ အစဉ်ဦးညွှတ်လျက်) ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
3 years Ago
Up