ဦးဇော်ဇော်

June 12, 2019

ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်လုပ်နိုင်ရေး အစိုးရအဖွဲ့အစည်းများ၏ အကူအညီ လိုအပ်

၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး ဇွန်လ ၅ ရက်က ကျင်းပခဲ့တဲ့ ဖီဖာကွန်ဂရက်မှာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲလျှောက်ထားခဲ့ပါတယ်။ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် မြန်မာနဲ့ထိုင်း ပူးတွဲလျှောက်ထားမှုအပြင် ဘာရိန်း၊ ဆော်ဒီနဲ့ ယူအေအီး သုံးနိုင်ငံကလည်း ပူးတွဲကျင်းပဖို့ လျှောက်ထားခဲ့သလို အင်ဒိုနီးရှား၊ ပီရူးနဲ့ ဘရာဇီးနိုင်ငံတွေကလည်း အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး လျှောက်ထားခဲ့ပါတယ်။ ၂၀၂၁ ယူ ၂၀ ကမ္ဘာ့ဖလားအတွက် အိမ်ရှင်လျှောက်ထားတာကို လာမယ့် သြဂုတ် ၃၀ ရက်အထိ နောက်ဆုံး သတ်မှတ်ထားပါတယ်။ အဲဒီနောက်မှာတော့ အိမ်ရှင်အဖြစ် ကျင်းပလိုတဲ့ နိုင်ငံတွေက ပြိုင်ပွဲအတွက် ပြင်ဆင်ထားတဲ့ အခြေအနေတွေကို တင်ပြပြီး ဖီဖာ အမှုဆောင်ကော်တီက စစ်ဆေးကာ ကျင်းပခွင့်အတွက် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချင်တာက ခြေစစ်ပွဲ တိုက်ရိုက်အောင်ဖို့ထက် မြန်မာနိုင်ငံကို ကမ္ဘာက ပိုမိုသိရှိစေချင်တာကြောင့် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဆိုပါတယ်။ “ကမ္ဘာ့ဖလားအိမ်ရှင် လုပ်ချင်တယ်ဆိုတာက ကျေန်ာတို့နိုင်ငံကို နိုင်ငံတကာမှာ ဂုဏ်သိက္ခာတခု ရှိစေချင်တာပါ။ ပြချင်တယ်။ နိုင်တာရှုံးတာထက် ပိုပြီးအရေးကြီးတာကတော့ မြန်မာနိုင်ငံကို ပြချင်တယ်။ မြန်မာဆိုရင် မသိတဲ့နိုင်ငံတွေက အများကြီးပဲလေ။ ဘောလုံးနဲ့ ကျနော်တို့နိုင်ငံကို လူတွေပိုသိလာမယ်။ လူတွေ ပိုစိတ်ဝင်စားလာမယ်။ နိုင်ငံတကာမှာတော့ ကိုယ့်နိုင်ငံရဲ့ပုံရိပ် တက်ဖို့အတွက် အစိုးရအဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ဆန္ဒကို ကိုယ့်နိုင်ငံအတွက် အရမ်းကို အာရုံစိုက်ပြီး လုပ်ချင်ကြတယ်။ ကူလည်းကူညီတယ်။ ပံ့ပိုးမှုတွေလည်း လုပ်တယ်။ ရင်နှီးမြှုပ်နှံမှုတွေလည်း အများကြီးလုပ်တယ်။ "အခု ကာတာဆိုရင် အစိုးရကဦးဆောင်ပြီး ဘီလီယံပေါင်း မြောက်မြားစွာ ရင်းနှီးတာပေါ့နော်။ ကျနော်တို့ အဲဒီလောက်အထိ လုပ်ပေးဖို့မလိုပါဘူး။ ကျေန်ာတို့ မြက်ခင်းလေးပြုပြင်ပေး၊ ကွင်းလေး သပ်သပ်ရပ်ရပ်လေး လုပ်ပေးရင် အစိုးရ အဲဒီလောက်ကူညီရင်တောင် ကျနော်တို့ ယူ၂၀ ကမ္ဘာ့ဖလားကို အိမ်ရှင်ရအောင် တဖက်က ကြိုးစားပေးမယ်။ "နောက်ပြီးတော့ ထိုင်းနဲ့ မြန်မာ ချစ်ကြည်ရေးလည်း ပိုကောင်းမယ်။ ပြီးတော့ ထိုင်းနဲ့ မြန်မာလည်း သွားရေးလာရေးက တနာရီပဲ ကြာတာလေ။ ဆိုတော့ ကမ္ဘာမှာ ထိုင်းရော မြန်မာရောဆိုတာကို သိသွားနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် ကျေနာ် ဒီအခွင့်အရေးကို ရအောင်ကြိုးစားကြည့်တာပါ။ အဓိကကတော့ ဘောလုံးကို ခြေစစ်ပွဲအောင်ဖို့ အိမ်ရှင်လုပ်တာထက် ပိုပါတယ်။” ယူ၂၀ ကမ္ဘာ့ဖလားဟာ ၂ နှစ်တကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး မြန်မာအသင်းက နယူးဇီလန်မှာ ကျင်းပခဲ့တဲ့ ၂၀၁၅ ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
2 years Ago

May 23, 2019

ဘန်ကောက်တွင် ခွဲစိတ်မှုခံယူနေသည့် ကျော်မင်းဦးနှင့် ဇေယျာနိုင်ကို ဦးဇော်ဇော် ကြည့်ရှုအားပေး

ဒဏ်ရာကြောင့် ထိုင်းနိုင်ငံမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ မြန်မာ့လက်ရွေးစင်ကစားသမား ကျော်မင်းဦးနဲ့ လူငယ်လက်ရွေးစင်ကစားသမား ဇေယျာနိုင်တို့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ပံ့ပိုးကူညီမှုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့ ကျော်မင်းဦးနဲ့ ဇေယျာနိုင်တို့ကို အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် မေ ၂၀ ရက် ညနေပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့တာလို့ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ကျော်မင်းဦးနဲ့ ဇေယျာနိုင်တို့ရဲ့ ခွဲစိတ်မှုကုသမှု အခြေအနေမှာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်ပေမယ့် ပုံမှန်အနေအထား ပြန်ရောက်ဖို့နဲ့ ကြံ့ခိုင်မှု ကောင်းမွန်လာစေဖို့ အပေါ့စားကုသ လေ့ကျင့်တာတွေ ဆက်လက်ပြုလုပ်ရဦးမှာဖြစ်ပြီး ကုန်ကျစရိတ်ကို ဧရာဝတီဖောင်ဒေးရှင်းက ဆက်လက် အကုန်ကျခံသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်ယူနိုက်တက် ကစားသမား ကျော်မင်းဦးဟာ ၂၀၁၆ ခု ဘောလုံးရာသီက ဘယ်ဘက်ဒူးဒဏ်ရာ စတင်ရခဲ့တာကြောင့် တနှစ်ကျော် အနားယူခဲ့ရကာ ၂၀၁၈ ခုနှစ်မှာ ပြန်လည်ကစားခဲ့ပေမယ့် ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပြီး ဇေယျာနိုင်ကတော့ ၂၀၁၉ အာရှ ယူ-၂၃ ခြေစစ်ပွဲမှာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာပါ။ ကျော်မင်းဦးနဲ့ ဇေယျာနိုင်တို့ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော် သွားရောက်တွေ့ဆုံ အားပေးရာမှာ ထိုင်းလိဂ်မှာ ကစားနေတဲ့ ကျော်ကိုကိုလည်း ပါဝင်အားပေးခဲ့ပါတယ်။ ကျော်ကိုကိုဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းလိဂ်မှာ ဒူးဒဏ်ရာရခဲ့ပြီး တရာသီလုံးနီးပါး အနားယူခဲ့ရပါတယ်။
2 years Ago
More News
Up